အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၆၃ )
ဖေဖော်ဝါရီ ၂ ရက်နေ့က လုပ်တဲ့ ငြိမ်သက်ခြင်းသပိတ်မှာ မြို့တိုင်းလိုလို ပါဝင်ကြတဲ့ ပုံတွေ တက်နေတုန်းပဲ။ မြို့လယ် လမ်းမတွေမှာ လူတွေ ရှင်းလို့။ အာဏာသိမ်ပြီး သုံးနှစ် ကြာတဲ့အထိ ပြည်သူတွေ သွေးမအေးသေးကြောင်း သက်သေပြလိုက်တာပါပဲ။
လွန်ခဲ့တဲ့ ၃ နှစ်က လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ သံပုံးတီး တောထုတ် ရုပ်သံဖိုင်တွေ ပြန်တက်လာတယ်။ ခုတော့ သံပုံးတီးသံတွေဟာ ဒရုန်းဗုံးကြဲသံတွေ ဖြစ်သွားပါပြီ။
သတ္တိရှိတဲ့ကောင် ထွက်ခဲ့လို့ စိန်ခေါ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အခုတော့ ခံတုတ်ကျင်းထဲက မထွက်ရဲတဲ့ဘဝ ရောက်နေပြီ။ ခံတုတ်ကျင်းထဲက ထွက်ခဲ့ရင်လည်း အလံဖြူလေး ဝှေ့ကာ ယမ်းကာနဲ့ ထွက်လာကြတဲ့ အခြေအနေပါ။
တူမီးသေနတ်နဲ့ စ တိုက်ခိုက်ရတဲ့ တော်လှန်ရေးတပ်တွေဟာ စစ်ရဟတ်ယဉ်တွေကို တစီးပြီးတစ်စီး ပစ်ချနေပါပြီ။ သံချပ်ကာကားတွေ ဟောင်ဝတ်ဇာ အမြောက်ကြီးတွေနဲ့အတူ မြို့ပေါင်း ၃၆ မြို့ကို သိမ်းပိုက်ခဲ့ပါပြီ။
တရုတ် ကြားဝင်မှုသာ မပါဝင်ခဲ့ရင် လားရှိုး၊ မူဆယ်မြို့တွေ အပါအဝင် မြန်မာပြည်မြောက်ပိုင်းတခုလုံးကို တော်လှန်ရေးအင်အားစုတွေ သိမ်းခဲ့လောက်ပြီ။
စစ်ကောင်စီတပ်တွေဟာ လားရှိုး၊ မူဆယ် မဆုံးရှုံးရေးအတွက် မင်းအောင်လှိုင်ရဲ့ ကျေးဇူးရှင် ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ပယ်ရှောက်ချိန်ကို VIP ရာဇဝတ်သားအဖြစ် တရုတ်ထံ ဒူးထောက် ကာ ဆက်သခဲ့ရပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ ရွာမြင် ဗုံးကြဲ၊ တံတားမြင်မိုင်းခွဲ၊ အိမ်မြင် မီးရှို့၊ တော်လှန်ရေးတပ်တွေ တွေ့ရင် အလံဖြူထောင် အောက်ကျို့ဗျူဟာကြီး အတော်ကလေး ခရီးရောက်နေပါပြီ။
ရပ်ကွက်ထဲမှာတော့ ကုန်ဈေးနှုန်း တက်တာ၊ မီးမလာတာ၊ စစ်ပြေးဒုက္ခ ရင်ဆိုင်ရတာတွေကို ညည်းညူဖို့တောင် အင်အားမရှိကြတော့ပါဘူး။
မျက်စောင်းထိုးအိမ်က ကိုးတန်းကျောင်းသားကလေးကို အုပ်စုဖွဲ့လူငယ်တစုက လာရှာတယ်။ တုတ်တွေ ဓားတွေ ကိုင်လို့။ သူတို့ ဖွဲထားတဲ့ လူမိုက်ဂိုင်းကို ကျောင်းသားလေးက အွန်လိုင်းပေါ်မှာ မထီမဲ့မြင် ပြောလို့တဲ့။ အော်ကြ ဟစ်ကြနဲ့။ ရပ်ကွက်ထဲ ဆူညံသွားတယ်။ ပြဿနာက မပြီးသွားဘူး။ ကျောင်းသားလေး အိမ်မှာ မရှိခိုက်မို့ တော်သေး။
အိမ်တိုင်း၊ ရပ်ကွက်တိုင်း၊ ရွာတိုင်း၊ မြို့တိုင်းဟာ အလျှံညီးညီး တောက်လောင်နေတဲ့ လောင်စာအိုးကြီးတခုလို ဖြစ်နေတယ်။
အလားတူပါပဲ၊ စစ်ကောင်စီဘက်တော်သားတွေရဲ့ ရင်ထဲမှာလည်း အပူမီးတွေ တောက်လောင်နေတာ တွေ့နေရတယ်။ တူသောအကျိုးပေး ထင်ပါရဲ့။
နိုင်ငံသားတိုင်း တယောက်ချင်းစီကို ဒုက္ခပင်လယ်ဝေအောင် လုပ်နိုင်တဲ့ မင်းအောင်လှိုင်ကိုတော့ မာန်နတ်တွေက လေးစား ဂုဏ်ပြုကြပါလိမ်မယ်။
👉အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ...
5/2/24
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar