Breaking News

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၈

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၈

(မိုးမခ) ဖေဖော်ဝါရီ ၇ ၊ ၂၀၂၄


ကျင် နဲ့ ချင် နှစ်နိုင်ငံ ဆက်ဆံရေး 

အရှေ့ဘက်ကျို့မင်းဆက်ခေတ် (Eastern Zhou) ရဲ့ နွေဦးဆောင်းဦးကာလ (Spring and Autumn Period) မှာ ဘုရင်ခံနိုင်ငံ (hegemony) ငါးခု ပေါ်ထွန်းခဲ့ရာမှာ ဘီစီ ၆၈၅ ကနေ ၆၄၃ အထိ ကာလကို ချီနိုင်ငံ (Qi) နိုင်ငံရဲ့ ဘုရင်ဟွမ် ကို ဘုရင်ခံအဖြစ် ကျို့နန်းတော်ကကို တရားဝင် သတ်မှတ်ခဲ့ပါတယ်။ ချီနိုင်ငံ အားနည်းလာချိန်မှာ သူ့ရဲ့မဟာမိတ် စုန့် (Song) နိုင်ငံက ဘုရင်ခံဖြစ်ရေးကြိုးစားခဲ့ပြီး ဘီစီ ၆၄၃ နဲ့ ၆၃၇ ကြားကာလမှာ စုန့်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍ မြင့်မားခဲ့ပါတယ်။ ဒါပေမယ့် စုန့်ကို ဘုရင်ခံနိုင်ငံအဖြစ် ကျို့နန်းတော်နဲ့ လက်အောက်ခံနိုင်ငံတွေက တရားဝင်သတ်မှတ်တာမျိုးတော့ မရှိခဲ့ပါဘူး။ ချီ နဲ့ စုန့် ကြား ဘုရင်ခံဩဇာအတွက် ပြိုင်ဆိုင်နေကြချိန်မှာ ကျင်ဘုရင် ဝမ် က ကျို့အင်ပါယာရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို ရယူလာတာမို့ ဘီစီ ၆၃၆ နဲ့ ၆၂၈ အကြား ကာလမှာ ကျင်နိုင်ငံဟာ ကျို့အင်ပါယာရဲ့ ဘုရင်ခံနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ 

ဘီစီ ၆၂၈ နဲ့ ၆၂၁ အကြား တိုတောင်းတဲ့ကာလလေးမှာတော့ ချင် (秦Qin) နိုင်ငံရဲ့ အင်အား အထိုက်အလျောက် ကြီးမားလာခဲ့တာမို့ အဲဒီကာလကို ချင်က ဘုရင်ခံအဖြစ် တာဝန်ယူတဲ့ ကာလလို့ သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ ချင်ဘုရင် မူ(穆)ကို ကျို့နန်းတော်ကရော၊ အင်ပါယာထဲက နိုင်ငံတွေကပါ ဘုရင်ခံအဖြစ်တော့ တရားဝင် အသိအမှတ်မပြုခဲ့ကြပါဘူး။ ဒါကြောင့် သမိုင်းတချို့မှာ ချင်ကို ဘုရင်ခံအဖြစ် သတ်မှတ်ဖော်ပြသလို၊ တချို့သမိုင်းတွေကလည်း သူ့ကို ဘုရင်ခံအဖြစ် သတ်မှတ်ဖော်ပြတာမျိုး မရှိပါဘူး။ 

ချင်နိုင်ငံရဲ့ ဩဇာကြီးမားလာမှုဟာ ကျင်နိုင်ငံရဲ့ သမိုင်းနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါကြောင့် ကျင်နိုင်ငံ ဘုရင်ဝမ် ပြည်ပြေးဘဝနဲ့ နိုင်ငံတွေ လှည့်လည်နေရချိန်မှာကတည်းက ကျင် နဲ့ ချင်ကြားမှာ ဇာတ်လမ်းတွေ ရှိခဲ့ပြီးအဲဒီ ဇာတ်လမ်းတွေက နှစ်နိုင်ငံလုံး ဩဇာမြင့်တက်လာဖို့အတွက် အရေးကြီးတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျင်ဘုရင် ဝမ် ပြည်ပြေးဘဝ လှည့်လည်သွားလာနေချိန် ကျင်နိုင်ငံမှာ ဘာတွေဖြစ်နေသလဲ၊ ချင်နဲ့ ဘယ်လိုပတ်သက်ဆက်နွယ်ခဲ့သလဲ လေ့လာကြည့်ဖို့ လိုပါတယ်။ 

ဘီစီ ၆၅၁ မှာ ကျင်နိုင်ငံရဲ့ ဘုရင်ရှန်း သေဆုံးပါတယ်။ သူ့ရဲ့ မိဖုရား လိကျီက ၁၅ နှစ်သား သားတော် ရှီချိ ကို နန်းတင်ပါတယ်။ တစ်နှစ်မပြည့်ခင်မှာ ကျင်နန်းတော်ရဲ့ အမတ်ကြီး လီခက် က ရှီချိ ကို လုပ်ကြံလိုက်ပါတယ်။ ရှိချိ သေတော့ လိကျီက သူ့ရဲ့ တူတော်သူ ရင်ခွင်ပိုက်ကလေး ကျော့ဇီ ကို နန်းတင်ပြန်ပါတယ်။ တစ်လအကြာမှာ လီခက် က ထပ်ပြီး လုပ်ကြံလိုက်ပြန်ပါတယ်။ 

လီခက်ဟာ ပြည်ပြေးဘဝရောက်နေတဲ့ မင်းသား ချွန်းအာ ကို တိုင်းပြည်ပြန်လာပြီး ထီးနန်းကို သိမ်းပိုက်ဖို့ ဖိတ်ခေါ်ပါတယ်။ ချွန်းအာ ပြန်မရောက်လာပါဘူး။ ဒါနဲ့ပဲ နောက်ထပ် မင်းသားတစ်ပါးဖြစ်တဲ့ ယီဝူ ကို ဖိတ်ခေါ်ပြီး ထီးနန်းကို သိမ်းပိုက်စေပါတယ်။ ယီဝူက ဘီစီ ၆၅၀ ဝန်းကျင်မှာ ဟွေ့ အမည်နဲ့ (惠Hui) အမည်နဲ့ ကျင်နိုင်ငံရဲ့ ဘုရင် ဖြစ်လာပါတယ်။ 

ဒါကြောင့် ဟွေ့ဘုရင် ဟာ အမတ်ကြီး လီခက် ကို ကျေးဇူးတင်ရမှာပါ။ တကယ်လို့သာ ရှေ့က လိကျီ ရဲ့ သားနဲ့ တူကို လီခက် က မသုတ်သင်ခဲ့ဘူးဆိုရင် မင်းသားယီဝူ ဟာ ဘုရင်ဟွေ့ ဖြစ်မလာနိုင်ပါဘူး။ ဒါပေမယ့် ဘုရင်ဟွေ့ ရဲ့ ကျေးဇူးဆပ်ပုံက သူ့ရှေ့က ဘုရင်နှစ်ပါးကို သတ်ခဲ့တယ်ဆိုတဲ့ ပြစ်မှုနဲ့ လီခက်ကို “ကိုယ့်ကိုယ်ကိုယ် သတ်သေစေ” လို့ အမိန့်ချခဲ့တာပါပဲ။ (ဒီအချက်အလက်နဲ့ ကွဲလွဲတဲ့ တခြားဇာတ်လမ်းတွေလည်း တွေ့ရပါတယ်။ တချို့သမိုင်းတွေမှာ နောင်အခါ လီခက်ဟာ ဟွေ့ကို မင်းသားချွန်းအာ နဲ့ အစာထိုးနိုင်ဖို့ ချီနိုင်ငံကို သွားခေါ်တယ် ဆိုတာမျိုး ရေးတာလည်း တွေ့ရပါတယ်။)

ဘုရင်ဟွေ ထီးနန်းဆက်ခံချိန်မှာ ကျို့နိုင်ငံရဲ့ ဘုရင်ခံဩဇာကို ရရှိထားတာက ချီနိုင်ငံ ဖြစ်ပါတယ်။ ကျင် နဲ့ ချင် ဟာ ဩဇာ သိပ်မရှိသေးတဲ့ နိုင်ငံငယ်တွေသာ ဖြစ်ပါတယ်။ 

ဘုရင်ဖြစ်ပြီး သုံးလေးနှစ်အကြာ ဘီစီ ၆၄၇ မှာ ကျင်နိုင်ငံဟာ အငတ်ဘေးဆိုက်ပါတယ်။ စားနပ်ရိက္ခာ မလုံလောက်တာမို့ အခြားနိုင်ငံတွေက ဝယ်ယူရမယ့် အခြေအနေပေါ်ပေါက်လာပါတယ်။ အဲဒီခေတ်အခါက ကုန်ထုတ်လုပ်ရေးဟာ ဒီနေ့ခေတ်လို ခေတ်မီသေးတာ မဟုတ်လို့ စိုက်ပျိုးရေးဆိုတာ ဝမ်းစာအတွက် အဓိကလောက်ပဲ စိုက်ပျိုးထုတ်လုပ်နိုင်ကြတာပါ။ ကုန်သွယ်ရအောင် ပိုပိုလျှံလျှံ ရှိလှသေးတာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံအတော်များများက ကျင်နိုင်ငံကို စားနပ်ရိက္ခာ မရောင်းပေးနိုင်ပါဘူး။ ရောင်းပေးမယ်ဆိုရင် ရောင်းပေးတဲ့နိုင်ငံဟာ ကိုယ့်နိုင်ငံအတွက် လောက်ငရုံထဲကနေ ဒုက္ခအဖြစ်ခံပြီး ရောင်းပေးရမယ့် အခြေအနေမျိုးပါ။ 

ကျင် ရဲ့ ဒုက္ခကို ကူညီဖြေရှင်းပေးတာကတော့ ချင်ဘုရင် မူ ဖြစ်ပါတယ်။ မူ က ကျင်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာကို သူ့နိုင်ငံရဲ့ ကျီတွေထဲကနေ ထုတ်ရောင်းပေးပါတယ်။ 

နောက်တစ်နှစ်အကြာ ဘီစီ ၆၄၆ မှာ ချင်နိုင်ငံမှာ အငတ်ဘေး ဆိုက်ပြန်ပါတယ်။ ဒီအခါမှာတော့ ချင်ဘုရင် မူ က ကျင်ဘုရင် ဟွေ့ ကို အကူအညီ ပြန်တောင်းရပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျင် အငတ်ဘေးဆိုက်နေချိန်မှာ ချင်က  စားနပ်ရိက္ခာရောင်းချပေးခဲ့တဲ့ မျက်နှာထောက်ထားပြီး ဒီနှစ်မှာတော့ အငတ်ဘေးဆိုက်နေတဲ့ ချင် ကို ကျင်က စားနပ်ရိက္ခာပြန်ရောင်းပေးဖို့ပါ။ ဒါပေမယ့် ဟွေ့ ဟာ ကျေးဇူးကန်းတတ်တဲ့ စရိုက် နဂိုကတည်းက ရှိဟန်တူပါတယ်။ ချင် ကို စားနပ်ရိက္ခာ လုံးဝ မရောင်းပေးပါဘူး။ 

နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဲဒီလို ကျေးဇူးကမ်းတာမျိုး မလုပ်သင့်တဲ့အကြောင်း သူ့ရဲ့ အမတ်ကြီး ချင်ကျန်း (慶鄭Qing Zheng) က သတိပေးနေတဲ့ကြားကကို မျက်နှာပြောင်တိုက်ပြီး နေခဲ့တာပါ။ 

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ချင်ဘုရင် မူ ဟာ စိတ်ဆိုးဒေါသထွက်တာကြောင့် ကျင်နိုင်ငံရဲ့ နယ်နိမိတ်ထဲက ဒေသအချို့ကို ဝင်တိုက်ပါတယ်။ ကျင်ကလည်း ချင် ကို ပြန်တိုက်ဖို့ ပြင်ရပါတယ်။ 

ချင်နဲ့ တိုက်ပွဲအတွက် စစ်ထွက်ဖို့ ပြင်တဲ့အခါ အမတ်ကြီး ချင်ကျန်းက ဘုရင်ဟွေ့ ရဲ့ ရထားလုံးကို မောင်းဖို့ ပြင်ပါတယ်။ ဒါကို ဟွေ့ က တားပါတယ်။ အမောင်းမခံပါဘူး။ ချင်ကျန်းကတော့ ဘုရင်ဟွေ့အပေါ် အတော်လေး စိတ်ကွက်သွားပါတယ်။ စစ်မဖြစ်ဖို့ တားချိန်တုန်းကလည်း လက်မခံ၊ စစ်ဖြစ်လို့ ထွက်တိုက်ကြမယ်ဆိုတော့လည်း သူ့အပေါ် မောက်မာတဲ့ ဘုရင်အပေါ် စိတ်ကွက်တာ ဆန်းတော့ မဆန်းလှပါဘူး။ 

တိုက်ပွဲဖြစ်နေချိန် တစ်နေရာမှာ ဟွေ့ ရဲ့ ရထားလုံးဟာ နွံထဲ နစ်ပါတယ်။ ဒါကို ဘေးနားက ဖြတ်သွားတဲ့ ချင်ကျန်း က ကောင်းကောင်းမြင်ရပါတယ်။ ဘုရင်ဟွေ့ က သူ့ကိုလာကယ်ဖို့ ချင်ကျန်းကို အော်ခေါ်ပေမယ့် ဟွေ့အပေါ် စိတ်ကွက်နေတဲ့ ချင်ကျန်း ဟာ မကြားချင်ယောင်ဆောင်ပြီး ပစ်ထားခဲ့လိုက်ပါတယ်။ အခြား စစ်သည်နှစ်ဦးက လာကယ်မှ ဟွေ့ နွံထဲက လွတ်ပြီး ရန်သူလက်ထဲ မကျဘဲ ကံကောင်းသွားပါတယ်။ 

ဒါပေမယ့် တိုက်ပွဲအပြီးမှာ ကျင် တပ်တွေ ရှုံးပြီး ဘုရင်ဟွေ့ ကို ချင်တပ်တွေက အရှင် လက်ရဖမ်းမိသွားပြီး ချင်နိုင်ငံကို ခေါ်သွားပါတယ်။ အဲဒီနောက် နတ်ဘုရားတွေကို ယဇ်ပူဇော်တဲ့အနေနဲ့ ဟွေ့ ကို သတ်ဖို့ ပြင်ပါတယ်။ 

ဟွေ့ဘုရင်ရဲ့ ဖအေတူမအေကွဲ ညီမ Bo Ji (伯姬) ချင်ဘုရင် မူ ရဲ့ မိဖုရား ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ အသတ်ခံရမယ့်အချိန်မှာ ညီမဖြစ်သူက အသုဘဝတ်ရုံကို ခြုံထားပြီး ဝမ်းနည်းပူဆွေးကြောင်း ပြပါတယ်။ ဒါကြောင့် ဘုရင်မူ ဟာ ဟွေ ကို မသတ်ဘဲ သက်ညှာပေးလိုက်ပြီး ကျင်နိုင်ငံကို ပြန်ပို့ပြီး နဂိုအတိုင်း ထီးနန်းပြန်အပ်လိုက်ပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံ မဟာမိတ်အဖြစ် ဆက်နေဖို့လည်း ကတိထားခိုင်းပါတယ်။

သုံ့ပန်းဘဝကနေ ပြန်လွတ်ပြီး ဘုရင်ပြန်ဖြစ်လာတာနဲ့ ဟွေ့ ဟာ အမတ်ကြီး ချင်ကျန်း ကို သတ်ပစ်လိုက်ပါတော့တယ်။ ပြီးတော့ နန်းတော်ရဲ့ အုပ်ချုပ်ရေးကိုလည်း ပိုပြီး တင်းကျပ်လာပါတယ်။ 

ဒီလိုအခြေအနေတွေကို မြင်ပြီး ကျင်နန်းတွင်းထဲက မှူးမတ်တွေဟာ ဟွေ့ဘုရင်နဲ့ ဆက်ပြီးစခန်းသွားဖို့ သိပ်မလွယ်တာကို သဘောပေါက်လာကြပါပြီ။ သူတို့က ဟွေ့ နေရာမှာ သူ့ရဲ့နောင်တော် မင်းသားချွန်းအာ နဲ့ အစားထိုးဖို့ ကြံစည်လာကြပါပြီ။ အဲဒီအချိန်မှာ မင်းသားချွန်းအာ ဟာ မြောက်ဘက်က တီမျိုးနွယ်စု (翟族 Di) တွေဆီ ရောက်ရှိနေတာပါ။ ဒါကို သိတဲ့ ဟွေ့ ဘုရင်ဟာ တီမျိုးနွယ်စုတွေဆီ လူသတ်သမားတွေ လွှတ်လိုက်ပြီး ချွန်းအာ ကို လုပ်ကြံစေပါတယ်။ ချွန်းအာ ဟာ လူသတ်သမားတွေလက်က ထွက်ပြေးရင်း ချီ ကို ရောက်ရှိသွားပါတော့တယ်။ 

ကျင် နဲ့ ချင် နှစ်နိုင်ငံဟာ မဟာမိတ်လို့ ဆိုပေမယ့် ချင်ဘုရင် မူ ဟာ ကျင်ဘုရင်ဟွေ့ ကို နှိမ်ထားပါတယ်။ ဟွေ့ရဲ့ နန်းသက် ၈ နှစ်မြောက်လောက်ဖြစ်တဲ့ ဘီစီ ၆၄၃ မှာ ဟွေ့ရဲ့ သားတော် အိမ်ရှေ့မင်းသား ယွီ(圉Yu) ကို ချင်နိုင်ငံကို ပို့ဆောင်စေပြီး ထိန်းသိမ်းထားပါတယ်။ ထွက်မပြေးနိုင်အောင် ထိန်းချုပ်တဲ့အနေနဲ့ မူရဲ့ သူ့ရဲ့သမီးတော်တစ်ပါးဖြစ်တဲ့ ဝှိုက်ယင်း (懷嬴Huai Ying) မင်းသမီးနဲ့ ပေးစားထားပါတယ်။ 

ဖမ်းထားတဲ့ ဓားစာခံ တစ်ယောက်ကို ဘုရင့်သမီးတော်နဲ့ ပေးစားလိုက်တယ်ဆိုတာက ရုတ်တရက် အတော်လေး ထူးဆန်းပါတယ်။ ဒါပေမယ့် နောက်ခံအကြောင်းအရင်းကို သိရရင် မထူးဆန်းတော့ပါဘူး။ ဘီစီ ၆၄၁ မှာ ချင်ဘုရင် မူ ဟာ ကျင်နိုင်ငံထဲက လျန် (Liang) ဆိုတဲ့နယ်မြေကို လက်ဖွဲ့အဖြစ် သိမ်းပိုက်လိုက်ပြီးမှ ယွီ နဲ့ ဝှိုက်ယင်း ကို ပေးစားတာပါ။ ဝှိုက်ယင်း ဟာလည်း အဲဒီနယ်မြေကို အပိုင်စားရတဲ့ လျန်မင်းသမီး (Princess of Lian) ဆိုတဲ့ဘွဲ့ ရရှိခဲ့ပါတယ်။ 

နန်းသက် ၁၃ နှစ်အကြာ ဘီစီ ၆၃၈ မှာ ဘုရင်ဟွေ့ ဟာ နာမကျန်းဖြစ်လာပါတယ်။ ဒါကိုကြားတဲ့ ချင်နိုင်ငံရောက် မင်းသားယွီ ဟာ အတော်လေး စိုးရိမ်ပူပန်နေခဲ့တာပါ။ ဖခင်ဖြစ်သူ ဘုရင်ဟွေ့ ရဲ့ ကျန်းမာရေးအတွက်မဟုတ်ပါဘူး။ ဘုရင်ဟွေ့က ကျင်နိုင်ငံမှာ ကျန်နေခဲ့တဲ့ သားတော်တွေထဲက တစ်ယောက်ယောက်ကို ထီးနန်းပေးလိုက်မှာကို စိုးရိမ်တာပါ။ ဒါကြောင့် ဝှိုက်ယင်း ကိုခေါ်ပြီး ထွက်ပေးဖို့ ကြံစည်ပါတယ်။ ဝှိုက်ယင်းက ဖခင်ရဲ့သစ္စာကို မပျက်ချင်တာကြောင့် ထွက်ပြေးမယ့် အစီအစဉ်ကို လက်မခံပါဘူး။ ဒါပေမဲ့ လင်တော်မောင်ရဲ့ သစ္စာကိုလည်း မပျက်ချင်တာကြောင့် ထွက်ပြေးမယ့် အစီအစဉ်ကို ဖျက်ဆီးတာမျိုးလည်း မလုပ်ပါဘူး။ ယွီ ကို ထွက်ပေးဖို့ ခွင့်ပြုလိုက်ပေမယ့် သူကတော့ ချင် မှာပဲ ဆက်နေခဲ့ပါတယ်။ 

ဘီစီ ၆၃၇ မှာ ဘုရင်ဟွေ့ သေဆုံးပြီး အိမ်ရှေ့စံ ယွီ မင်းသားဟာ ဝှိုက် (Huei) အမည်နဲ့ ကျင်နိုင်ငံရဲ့ ဘုရင် ဖြစ်လာပါတယ်။ 

ဘုရင်ဝှိုက် တဖြစ်လဲ ယွီမင်းသား ဖမ်းဆီးထားရာကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့အပေါ် ချင်ဘုရင်မူ က စိတ်ဆိုးဒေါသထွက်ပါတော့တယ်။ သားမက်တော်သူ ဝှိုက် ကို နှိမ်နှင်းဖို့ အပြင်းအထန်ကျိုးစားပါတယ်။ ဒါကလည်း သိပ်မခက်တော့ပါဘူး။ အဲဒီအချိန်မှာ မင်းသား ချွန်းအာ က ချင်နိုင်ငံထဲ ရောက်နေပြီး ဘုရင်မူ က စောင့်ရှောက်ထားတဲ့အချိန် ဖြစ်နေလို့ပါ။ ဘုရင်မူ က မင်းသားချွန်းအာ ကို အကြီးအကျယ် ပံ့ပိုးကူညီပါတယ်။ 

ဒီလိုနဲ့ ပြည်ပြေးဘဝနဲ့ အနှစ်နှစ်ဆယ်နီးပါး နေခဲ့ရတဲ့ မင်းသားချွန်းအာ ဟာ ဘီစီ ၆၃၆ မှာ ကျင်ဘုရင် ဝှိုက် ကို သုတ်သင်လိုက်နိုင်ပြီး ဝမ် (Wan文) အမည်နဲ့ ကျင်နိုင်ငံရဲ့ ဘုရင် ဖြစ်လာခဲ့ပါတော့တယ်။ 

ဘုရင်ဝမ် နဲ့ သူ့ရဲ့ညီ ဘုရင်ဟွေ့ နဲ့ ကွာခြားချက်ကတော့ ဘုရင်ဝမ် ဟာ သူ့ကို ကူညီခဲ့တဲ့ ချင်နိုင်ငံရဲ့ ကျေးဇူးကို မမေ့ဘဲ နှစ်နိုင်ငံ သင့်သင့်မြတ်မြတ်နေနိုင်ရေးကို ဦးစားပေးခဲ့တာပါ။ ဘုရင်မူရဲ့ သမီးတော်လည်းဖြစ်၊ ဘုရင်ဝမ် ရဲ့ တူတော် ဘုရင်ဝှိုက်(မင်းသားယွီ) ရဲ့ ဇနီးလည်းတော်ခဲ့တဲ့ ဝှိုက်ယင်း မင်းသမီးကို ကျင်နန်းတော်ကို ပို့လိုက်ပါတယ်။ ဘုရင်ဝမ် အနေနဲ့ ချင်နိုင်ငံနဲ့ ဆက်ဆံရာမှာ လွယ်ကူစေဖို့ အကြံပေးနိုင်အောင်ပါ။ နောက်ပိုင်းမှာ ဝှိုက်ယင်း ဟာ ဘုရင်ဝမ်ရဲ့ မိဖုရားသုံးပါးအနက် တစ်ပါး ဖြစ်လာပါတယ်။ 

နောက်ပိုင်း ဘုရင်ဝမ် ဟာ ကျို့အင်ပါယာရဲ့ တရားဝင်ဘုရင်ခံ တစ်ပါး ဖြစ်လာခဲ့ပါတယ်။ (မှတ်စုတို ၂၇ မှာ လေ့လာနိုင်ပါတယ်။)

ဘုရင်ဝမ် ဟာ ဘီစီ ၆၂၈ မှာ သေဆုံးပါတယ်။ သူ မရှိတဲ့နောက်ပိုင်းမှာ ပြည်တွင်းရေးတွေ ရှုပ်ထွေးလာပြီး အင်အားနည်းလာသလို၊ ချူနိုင်ငံနဲ့လည်း နယ်စပ်ပြဿနာတွေ ရှိလာပါတယ်။ ဘုရင်ဝမ် ကို ရှုံးခဲ့တဲ့ ချူနိုင်ငံဟာ အင်အားပြန်လည်စုစည်းလာတာကြောင့် ကျင်နဲ့ ချူ ကြားမှာ ပဋိပက္ခက ရှိနေခဲ့တာပါ။ 

ဘီစီ ၆၂၄ မှာ ကျို့အင်ပါယာရဲ့ အနောက်ဘက်က ရုန် (Rong) လူမျိုးစုတွေရဲ့ ကျူးကျော်မှုကို ရင်ဆိုင်ရချိန်မှာ ကျင်နိုင်ငံဟာ ဦးဆောင်အခန်းက မပါဝင်နိုင်တော့ပါဘူး။ 

ကျင်အစား ဦးဆောင်နိုင်ခဲ့တာက ချင်နိုင်ငံရဲ့ ဘုရင် မူ ဖြစ်ပါတယ်။ ဘုရင် မူရဲ့ ဦးဆောင်မှုနဲ့ ရုန်တွေကို နိုင်လိုက်တာကြောင့် ကျို့အင်ပါယာထဲမှာ ချင် ဟာ အင်အားအကြီးဆုံး နိုင်ငံ ဖြစ်လာပါတယ်။ ဒါကြောင့် ဘုရင်ဝမ် သေဆုံးတဲ့ ဘီစီ ၆၂၈ ကနေ ဘီစီ ၆၂၁ အထိ ကာလကို ချင်နိုင်ငံ ဘုရင်ခံအဖြစ် ဦးဆောင်တဲ့ ကာလလို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~

👉ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတိုများ (၁ — ၂၇) 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar