အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၆၉ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၆၉ )
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄
22/2/24
Diary in the darkness
သူငယ်ချင်းတွေ ဆုံမိတိုင်း သားသမီးတွေ၊ မြေးတွေ အတွက် စိုးရိမ်နေကြကြောင်း ပြောဖြစ်ကြတယ်။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြတယ်။ တော်လှန်ရေးထဲဝင်မှာ စိုးရိမ်လို့ မိမိသားသမီးတွေကို ဖျောင်းဖျနေကြတဲ့ မိဘတွေ ခုတော့ သူတို့သမီးတွေကို တော်လှန်ရေးဘက်ကို ပြတ်ပြတ်သားသားပါဖို့ ခွင့်ပြုလိုက်ကြပြီ။ စစ်ကောင်စီရဲ့ အရွယ်ရောက်သူတိုင်း စစ်ထဲမဝင်မနေရ အမိန့်ဟာ တော်လှန်ရေးဘက်တော်သားတွေ အင်အားတိုးပွားဖို့ ဖြစ်လာတယ်။ စစ်ကောင်စီဟာ အခြေအနေအရပ်ရပ်ကို မှန်မှန်ကန်ကန် မမြင်နိုင်တော့။
စစ်ကောင်စီဟာ မြောက်ပိုင်းမှာ အလံဖြူထောင်စစ်ဆင်ရေးတွေ ဆင်နွှဲပြီးနောက်၊ ရခိုင်မှာ ခွေးပြေး ဝက်ပြေး စစ်ဆင်ရေးတွေ ဆက်လက်ဆင်နွှဲနေတယ်လို့ တော်လှန်ရေး ထောက်ခံသူတွေက အားရဝမ်းသာ ပြောနေကြတယ်။
တကယ်တော့ စစ်ကောင်စီဟာ အခက်အခဲ အမျိုးမျိုးကြားက NUG အမာခံနယ်မြေဖြစ်တဲ့ ကောလင်းကို ပြန်လည်သိမ်းယူပြီး သူ အသက်ဆက်နိုင်သေးကြောင်း ပြသခဲ့ပါတယ်။
အာဏာသိမ်းပြီးစက ပြည်သူတွေအပေါ် တဖက်သတ် အနိုင်ယူခဲ့တဲ့ စစ်ကောင်စီဟာ အခုအချိန်မှာ ပြည်သူ့တော်လှန်ရေးအင်အားတွေနဲ့ ဘတပြန် ကျားတပြန် အခြေအနေကို ရောက်နေပြီဆိုတာ အထင်အရှားမြင်နေရပါတယ်။
ရခိုင်မှာ ယခုလို စစ်ရေး ဆက်တိုက်ရှုံးနိမ့်နေမယ်ဆိုရင် စစ်ကောင်စီဟာ မကြာမီ ပြုတ်ပြုတ်ပြုန်းတော့မယ်လို့ နိုင်ငံရေး စစ်ရေး အကဲခတ်တွေက ခန့်မှန်းကြပါတယ်။
၁၀၂၇ စစ်ဆင်ရေးဟာ လူထုကို လှုပ်နှိုးလိုက်သလို ဖြစ်ပြီး ယခု စစ်မှုမထမ်းမနေရဥပဒေ ထုတ်ပြန်ချက်ဟာ လူထုကို ရိုက်နှိုးလိုက်သလို ဖြစ်ခဲ့ပါတယ်။
အန်ကယ် တူမီး
22/2/24
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar