Breaking News

တည်ဘွားဦး - မုန်းတဲ့ညဆိုး

မုန်းတဲ့ညဆိုး
တည်ဘွားဦး
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄

စက္ကူ စာရွက်တွေလို
ကိုယ့်အရည်ပြားကိုယ် ဆုတ်ဖြဲပစ်ချင်တယ်

မျက်လုံးက အိပ်ချင်နေတယ်
ခက်တာက ဝေဒနာကျတော့ မအိပ်ဘူး

အရင်တုန်းတက သီချင်းတွေကိုချစ်ပါတယ်
အခုတော့ သီချင်းတွေကို မုန်းပါတယ်
ဘာဖြစ်လို့တုန်းဆိုတော့ မအိပ်ရလို့
ခွေးဟာ အဆက်မပြတ် ဟောင်နေတယ်
သာနေတဲ့လကို ထိုးဟောင်နေတယ်
အနုပညာ မရရှာဘူး

နာရီသံဟာ ဂျစ်တီးဂျစ်ကန်နဲ့
တဂျစ်ဂျစ်အော်မြည်နေတယ်
မသိရင် အမှောင်ထုကိုတခုလုံး ဝါးစားနေသလို

သေချာပါတယ်
ကိုယ့်အတွက်တော့ ဒါဟာ ညဆိုးပါပဲ
အိပ်ပျော်သွားခဲ့ဖူးတဲ့ညတွေကို ပြန်လိုချင်တယ်

အိပ်ခေါင်မိုးပေါ်က
ငှက်ဆိုးထိုးသံကြားလိုက်ရတယ်
ဒါပေမယ့်
ကောင်းခြင်း ဆိုးခြင်းတွေကို မစဉ်းစားတော့ပါဘူး

စိတ္တဇညများ
ကုန်ဆုံးလွန်မြောက်ပါစေကွယ်ပေါ့
နောက်ထပ်ညတွေရှိရင်လည်း
အိပ်ပျော်နေတဲ့ ညတွေသာ ဖြစ်ပါရစေတော့ 

၂၇၊ ၀၂၊ ၂၀၂၄
နံနက် - ၃း၂၀ 
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar