မောင်မောင်ငြိမ်းအေး - အိပ်မက်
အိပ်မက်
မောင်မောင်ငြိမ်းအေး
(မိုးမခ) မတ် ၁၊ ၂၀၂၄
လက်ပံပွင့်ကလေးတွေ
နွေဦးရဲ့လေပြည်မှာ
ချာချာလည်ကြွေဆင်းလာတော့
ပြိုမယောင်ညိုရောင်သန်းတဲ့အလွမ်းမှာ
ဆက်ရက်တွေကပျံသန်းအော်မြည်။
တောတွေရဲ့အဆုံးမှာတောင်တန်း
တောင်တန်းတွေရဲ့အခြေမှာမြစ်
မြစ်တွေရဲ့ဝဲယာမှာမျက်ရေဆိပ်ကမ်း
ဆိပ်ကမ်းတွေမှာကပ်နေတာတိမ်ပြာပြာတွေပေါ့
ဝေးတော့လည်းမှုန်ပါတယ်။
မှုန်ပြာရီတဲ့
ပြာမှုန်ရီရာသီပြောင်းတိုင်းမှာ
လွင့်နေတဲ့စွန်ကလေးကို
ရစ်ဘီးကဆွဲသလို
ရွှေပဟိုရ်စည်သံကို
အလွမ်းကငေးမိတာပေါ့
အိပ်မပျော်တဲ့အမေ့အိပ်မက်ကလေးထဲ
ကိုးလလွယ်ဆယ်လဖွားတွေ
ကြယ်ကိုစီးလို့နီးလေရဲ့။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar