Breaking News

ခွန်ကကြီး - ပအိုဝ်းဒုက္ခ တွင်းဆုံးကျတော့မည်လော

ခွန်ကကြီး - ပအိုဝ်းဒုက္ခ တွင်းဆုံးကျတော့မည်လော

(မိုးမခ) မတ် ၁ ၊ ၂၀၂၄


မဲနယ်တောင်ဘက်က ပင်လျှံရွာကျောင်း ဗုံးကြဲခံရတယ်။ ပြန်ဆောက်ဖို့ မလွယ်တော့တဲ့ အသားကျောင်းတွေ။ ကြဲလိုက် ထုလိုက်နဲ့ ပြိုပျက်သွားတဲ့ ပအိုဝ်းရင်နှစ် သစ်သားကျောင်းတွေ ကုန်တော့မယ်။

ပအိုဝ်းတွေဟာ စော်ဘွားတွေရဲ့ အခွန်နဲ့ သမီးတွေပါ တောင်းတဲ့ဘေးကနေ ဝေးဖို့ အလွန့်အလွန်တောထူရာ တောင်ကွယ်ရာတွေမှာ ရွာတည်ကြတယ်။ အဲဒါ မူလဘူတရွာတွေလို့ ပြောရင်ရတယ်။ အဲဒီခေတ်က မြင်းကလွဲရင် ဘာနဲ့မှ သွားလို့မရဘူး။

အဲဒီပြဿနာကို ခု မီးရှို့ခံရတဲ့ ကျောင်းရဲ့ လက်ရှိ ကျောင်းထိုင်ဆရာတော်က တူးရွင်းတလက်နဲ့ နှစ်သုံးဆယ်လောက် ရင်းပြီး ဖြေရှင်းခဲ့တယ်။

ဆရာတော်ဟာ တူးရွင်းနဲ့ လမ်းထွင်တယ်။ အဲဒီဘေးပဲ တဲထိုးနေတယ်။ ဆွမ်းကို အဲဒီလာပို့ရတယ်။ လပြည့် လကွယ် သီလပေးရက်ပဲ ကျောင်းခဏ ပြန်တယ်။ အဲလို ကိုယ်တိုင်လုပ်လာတာကနေ အများ ပါဝင်လာ၊ နောင်နှစ် အတော်ကြာတော့မှ ဘူဒိုဇာနဲ့ အပြီးသတ်ခဲ့တာ။ သူ့ရွာရဲ့ မြောက် တောင်ကြီး ကျိုင်းတုံလမ်းထိ ဖောက်ခဲ့တာ။ ပအိုဝ်းရွာတွေ ဆက်သွားလို့ရအောင် ဖောက်ခဲ့တာ၊ နောက်ဆုံးရွာ ထီတင်းလစ်ထိ။

အမျိုး ဘာသာ သာသနာကို စောင့်ရှောက်သောအားဖြင့် မြန်မာ့တပ်မတော်နဲ့ ဦးအောင်ခမ်းထီရဲ့ ပအိုဝ်းပြည်သူ့စစ်ဟာ အဲသလို ပအိုဝ်းဂုဏ်ဆောင် ဆရာတော် သီတင်းသုံးရာ ပအိုဝ်းအမွေအနှစ်ဖြစ်ရာ ပအိုဝ်းတွေ ချွေးသွေးမြောက်မြားစွာရင်း ခက်ခက်ခဲခဲ ပျိုးထောင်ထားရတဲ့ ယုံကြည်ကိုးကွယ်မှုနဲ့စပ်တဲ့ ယဉ်ကျေးမှုပစ္စည်းတွေကို ဘယ်စိတ်နဲ့ ချေမွ ဖြိုဖျက်နေကြတယ် ဆိုတာကတော့ ဘယ်လိုမှကို နားမလည်နိုင်ပါဘူး။ မဆီမဆိုင် အကြောင်းပြချက်တခုကတော့ ဗိုလ်ခွန်သူရိန်ရဲ့ ပအိုဝ်းတပ်က စစ်တပ်ကို တိုက်လို့တဲ့။ ပြီးရင်းတော့ ဒီလိုသတင်းမျိုးတွေကို တင်တဲ့ မီဒီယာမှန်သမျှကို အကောင့်များစွာနဲ့ ဝန်းဝိုင်းငါကိုင်တုတ်ကြတယ်။ ဒီကျောင်းကို မီးလောင်ဗုံးချ မီးတိုက်တာပါ။ မလောင်မချင်း ရှစ်ခေါက်လောက် ပြန်ကြဲတယ်လို့လည်း ပြောကြပါတယ်။ ရွာသူရွာသားတွေကိုလည်း အကြောင်းမဲ့သက်သက် စက်သေနတ်နဲ့ ပစ်ပါသေးတယ်။ တချို့ကတော့လည်း ၂၅ ရက်နေ့က ဗိုလ်သူရိန်တပ်နဲ့ တိုးတဲ့တိုက်ပွဲမှာ ပအိုဝ်းပြည်သူ့စစ်တွေက မလိုက်တာရယ်၊ အဲဒီတိုက်ပွဲမှာ ဗိုလ်မှူးနှစ်ယောက်၊ ဗိုလ်ကြီးသုံးယောက်နဲ့ ၁၆ ဦး သေဆုံးသွားတာကြောင့် လက်တုံ့ပြန်တာလို့လည်း ပြောကြပါတယ်။ ဆီဆိုင်ဘက်က ပအိုဝ်းတွေ အလွန်အင်မတန် လေးစားတန်ဖိုးထားတဲ့ ဆရာတော်ကြီးရဲ့ စာသင်တိုက်ကိုလည်း အကြောင်းမဲ့ဖျက်ဆီးခဲ့တာပါဘဲ။ ခုလဲ ပအိုဝ်းဒေသအကြီးဆုံးဘုရားလို့ဆိုရလောက်မယ့် ပအိုဝ်းတွေ အလွန်ယုံကြည်ကိုးကွယ်တဲ့ ကိုရင်လေး တည်ထားတဲ့ ထန်ဆန်းရွှေတိဂုံပေါ်  လက်နက်ကြီး လာဆင်ပြီး အလကားနေရင်း ပအိုဝ်းတွေအပေါ်၊ အိမ်တွေပေါ်၊ ကျောင်းတွေပေါ် ပစ်သတ် ဖြိုဖျက်လုပ်နေတာပါဘဲ။ ရှမ်းမြောက်က ကိုးတောင်ပြည့်ဘုရားလေး တူနဲ့ထုတာကို မြတ်စွာဘုရားကို ကျောက်မောင်းဆင်သည့်အလား ခံစားပြောဟောပြီး ဆန္ဒပြပွဲ ခြိမ့်ခြိမ့်သဲလုပ်ခဲ့ကြတဲ့ ပအိုဝ်းမျိုးချစ် ဘာသာချစ် သာသနာချစ်ဆရာတော်များလည်း ရင်ထဲမျိုသိပ် တိတ်တိတ်အိပ်နေ မသိကျိုးကျွံ နေတတ်သွားကြပါပြီ။ တချို့ကိုယ်တော်များ စစ်ရှောင်တွေတောင် လက်မခံလို့ အလွန်အေးတဲ့ဆောင်းနဲ့ တောကြိုအုံကြား ဒုက္ခများသထက် များနေကြပါတယ်။ တကယ်တော့ အဲဒီဧရာမကျောင်းတော်ကြီးတွေကို ပအိုဝ်းတွေကပဲ တောင်သူလုပ် ထိုင်းကျွန်ခံပြီး သုံး လေး ငါးနှစ် ဆောက်ခဲ့ကြရတာပါ။ လူထောင်ချီဆံ့ ကျောင်းကြီးတွေ များပါတယ်။ ဘုန်းကြီးများရဲ့ သဘောထားလဲ အောချလောက်ပါတယ်။

ဒါတွေအားလုံးဟာ ဦးအောင်ခမ်းထီ၊ ဦးစံလွင်၊ နေဝင်းထွန်း တို့လို ခေါင်းဆောင်ပိုင်းတွေရဲ့အကျိုးစီးပွား ခြေကျွံမှုရဲ့ အကျိုးဆက်တွေပါဘဲ။ ဦးအောင်ခမ်းထီရဲ့ ပိုင်ဆိုင်မှုဟာ ကျောက်စိမ်းနဂါး ပတ္တမြားနဂါးလိုကုမ္ပဏီကြီးကစ ဟိုတယ်လုပ်ငန်းတွေ ခြံကြီးတွေ စက်သုံးဆီဆိုင်တွေ မိုင်တဲရှယ်ယာတွေ များစွာ့များစွာပါ။ မြေဧကပေါင်းလည်း သောင်းချီရှိပါတယ်။ အင်းလေးတကြောထိ သူ့ဟာတွေပါပဲ။ ဒီပိုင်ဆိုင်မှုတွေအားလုံးက စစ်တပ်နဲ့ ပေါင်းလို့ရတဲ့ဟာတွေပါ။ တနည်းအားဖြင့် စစ်တပ် သေနတ်ပြောင်းဝမှာဘဲ ရှိတာပါ။ အဲဒါကြောင့် စစ်တပ် သေနတ်ပြောင်း အကျိုးစောင့်ရင်း ပအိုဝ်းတမျိုးသားလုံးကို ချနင်းလိုက်တာပါ။ အခု အိုးအိမ်တိုက်တာကျောင်းကန်ဘုရားတွေဖျက်ပြပြီး အသက်တွေတောင်းနေပါပြီ။ စစ်မှုထမ်းရမယ်တဲ့။ ပအိုဝ်းလူငယ်တွေ ဘယ်မှထွက်မရအောင် ဂိတ်တွေကနေ မှတ်ပုံတင်ကြည့်တားနေပါပြီ။ ပအိုဝ်းတွေ ပိတ်မိနေပါပြီ။

လယ်တီဆရာတော်ကြီးရဲ့ “လမ်းပေါက်သာလျက် အပြေးခက် လမ်းတွက်မဟုတ်ချေ” ဆိုတဲ့အမြင်ကတော့ ဘုန်းကြီးတိုင်း ဘုန်းကြီးလူထွက်တိုင်း သိကြတာပါဘဲ။ ပအိုဝ်း ဆိုတာ ဘုန်းကြီးမဟုတ်ရင်တောင် ဘုန်းကြီးလူထွက် ဦးဇင်းလူထွက် ကိုရင်လူထွက်တွေချည်းဘဲလေ။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar