Breaking News

ပညာရေး ဝန်ထမ်းတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေ ဆက်တိုက်ဖြစ်လာ၊ စစ်တွေမြို့ပေါ် လက်နက်ကြီးကျည်ကျ လူဒါဇင်ချီသေဆုံး

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂၉ မြင်ကွင်း

(မိုးမခ) မတ် ၁၊ ၂၀၂၄


ပညာရေး ဝန်ထမ်းတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေ ဆက်တိုက်ဖြစ်လာ၊ စစ်တွေမြို့ပေါ် လက်နက်ကြီးကျည်ကျ လူဒါဇင်ချီသေဆုံး

ယခင်နှစ်ကုန်ပိုင်း လွိုင်ကော်မြို့က လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို KNDF လက်နက်ကိုင် အဖွဲ့က တိုက်ခိုက်ခဲ့စဥ်က တက္ကသိုလ်ဆရာ၊ ဆရာမတွေနဲ့ တက္ကသိုလ်ဝန်ထမ်း ရာနဲ့ချီကာ တိုက်ပွဲဖြစ်ပွားနေရာမှ ကယ်ထုတ်သွားခဲ့ပြီး ရက်အတန်ကြာ ထိန်းသိမ်းစစ်မေးပြီးနောက်မှာ ပြန်လွှတ်ပေးခဲ့တဲ့ သတင်းဖော်ပြခဲ့ပါတယ်။ အဲဒီနောက် ၃ လခန့်အကြာမှာ အလားတူ ဖြစ်ရပ်မျိုး စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အစပ်က ကလေးမြို့တက္ကသိုလ်မှာ ခုရက်ပိုင်းမှာ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

ချင်းအမျိုးသားတပ်မတော် CNF, KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ချင်းပြည်နယ် ဧရိယာနယ်နိမိတ်ဖြစ်တဲ့ ခိုင်ကမ်းမြို့နဲ့ ၄င်းနဲ့ထိစပ်နေတဲ့ ကလေးမြို့စွန်က ကလေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စကစ တပ်ကို ဝင်ရောက်တိုက်ခိုက်စဥ် တက္ကသိုလ်ကျောင်းသားကျောင်းသူ အပါအဝင် ဆရာ၊ ဆရာမ ၁၃၀ ကျော်ကို တိုက်ပွဲဖြစ်ပွားနေရာမှ ကယ်ထုတ်သွားတယ်လို့ သတင်းဌာနတွေကို ဖြေကြားထားတာ တွေ့ရပါတယ်။ 

ကရင်နီပြည် လွိုင်ကော်မြို့ က လွိုင်ကော် တက္ကသိုလ်က ပညာရေးဝန်ထမ်းနဲ့ မိသားစုတွေကို ဘေးကင်းရာ ခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပွားစဥ်က လက်နက်ကိုင် အဖွဲ့ဝင်မဟုတ်တဲ့ အရပ်ဘက်ဝန်ထမ်းတွေကို ဖမ်းဆီးမှု သို့မဟုတ် ထိန်းသိမ်းထားတာနဲ့ ပတ်သက်လို့ ဝေဖန်ထောက်ပြတာတွေ ရှိခဲ့ပါတယ်။ CDM မလုပ်တဲ့ တက္ကသိုလ်က ဝန်ထမ်းတွေနဲ့ CDM မလုပ်တဲ့ ကျောင်းသားတွေကို စစ်ကောင်စီရဲ့ ပညာရေးယန္တရားကို လည်ပတ်အောင် ကူညီနေသူတွေအဖြစ် စွပ်စွဲအပြစ်တင်တာဟာ နိုင်ငံတကာ ဥပဒေ၊ စံနှုန်းတွေကို ချိုးဖောက်ရာကျတယ်ဆိုတဲ့ ရှုထောင့်က ဝေဖန်ထောက်ပြကြတာမျိုး ဖြစ်ပြီး KNDF, KA နဲ့ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ KIEC တို့က ပြန်လည်သုံးသပ်ပြီး ခေါ်ဆောင်သွားသူထဲက အများစုကို ရက်သီတင်းပတ်အကြာမှာ ပြန်လည်လွှတ်ပေးခဲ့ကာ ပါမောက္ခချုပ် အပါအဝင် ဝန်ထမ်း ၅ ဦးနဲ့ မိသားစုဝင်တွေကို ဒဏ်ငွေပေးဆောင်စေပြီး ယမန်နှစ် ဒီဇင်ဘာလလယ်မှာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်က ယမန်နှစ်ကုန်ပိုင်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပြီး အခြားသော လက်နက်ကိုင် အဖွဲ့တွေအနေနဲ့လည်း သတိပြုမိပြီး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အခု လတ်တလော ချင်းပြည်နယ်က လက်နက်ကိုင် အဖွဲ့တွေ ကလေးတက္ကသိုလ်ကို တိုက်ခိုက်ခဲ့ကာ ကျောင်းသား ကျောင်းသူနဲ့ ဝန်ထမ်းတွေကို ဘေးလွတ်ရာ ကယ်ထုတ်ကာ ခေါ်ဆောင်သွားခြင်းဟာ လွိုင်ကော်က အဖြစ်အပျက်နဲ့ အလားသဏ္ဌာန်တူတဲ့ ဖြစ်ရပ် ထပ်မံဖြစ်ပွားခဲ့တာလို့ ဆိုနိုင်ပါတယ်။

တပြိုင်နက်ထည်းမှာလိုပဲ တနင်္သာရီတိုင်း ထားဝယ်မြို့ မှာ ဗထူးတပ်မတော်လို့ အမည်ပေးထားတဲ့ PDF လက်နက်ကိုင် အဖွဲ့တဖွဲ့ကလည်း ခုရက်ပိုင်းအတွင်း ထားဝယ်နည်းပညာ တက္ကသိုလ်ကို ဝင်ရောက်ပြီး ဒုပါမောက္ခချုပ် နဲ့အခြား အမျိုးသမီးဌာနမှူး ၂ ဦးတို့ကို ထိန်းသိမ်းခေါ်ဆောင်သွားခဲ့ပါတယ်။ အဆိုပါ ၃ ဦးကို ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ တနင်္သာရီဒေသထဲက အခြားသော တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတာနဲ့ ပတ်သက်လို့ အဆိုပါ ပညာရေး ဝန်ထမ်း ၃ ဦးအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကြမ်းဖက်မှုတွေ ကျူးလွန်ထားခြင်း မရှိရင် အမြန်ဆုံးပြန်လွှတ်ပေးဖို့ တိုက်တွန်းပြောဆိုခဲ့သလို တနင်္သာရီတိုင်းထဲက ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က CDM မလုပ်တဲ့ အကြောင်းအချက်နဲ့ အခုလို အရပ်သားဝန်ထမ်းတွေကို ဖမ်းဆီးအရေးယူတာမျိုး မလုပ်သင့်ကြောင်းနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုစာထုတ်ပြန်ခဲ့ပါတယ်။ 

အခုလို တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ စစ်ကောင်စီလက်အောက်မှာ လုပ်ကိုင်နေကြတဲ့ အရပ်ဘက် ဝန်ထမ်းတွေ အထူးသဖြင့် ပညာရေးကဏ္ဍက ဝန်ထမ်းတွေကို ဖမ်းဆီးတာ၊ ခေါ်ဆောင်သွားပြီး ထိန်းသိမ်းစစ်မေးတာတွေဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်နိုင်သလို လူထုအနေနဲ့လည်း တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာ အထင်အမြင် လွဲမှားစေနိုင်တာ ဖြစ်ပါတယ်။ အခုလို ဖမ်းဆီးတဲ့ လက်နက်ကိုင်အဖွဲ့ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က မဟုတ်သည့်တိုင် NUG အစိုးရအနေနဲ့ မူဝါဒပိုင်းအရ ထိန်းသိမ်းပြောဆိုဖို့ အရေးတကြီးလိုအပ်နေတယ်လို့ မြင်မိပါတယ်။ ဒေသအလိုက် တည်ထောင်ထားကြတဲ့ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အရပ်သားတွေကို ဖမ်းဆီးတာ၊ လွတ်လပ်တဲ့ တရားစီရင်ရေး စနစ်မဟုတ်ဘဲ အမိန့်နဲ့ အပြစ်ပေးတာတွေ မလုပ်ဆောင်ဖို့ တိုက်တွန်း တားဆီးသင့်တယ်လို့ မြင်မိပါတယ်။ သို့မှသာ တခုပြီးတခု ဖြစ်ပွားလာနေတဲ့ အရပ်ဘက် ဖြစ်တဲ့ ဝန်ကြီးဌာန လက်အောက်က ဝန်ထမ်းတွေကို ဖမ်းဆီးစစ်ဆေး အပြစ်ပေးတာတွေ လျော့နည်းသွားမယ်လို့ မြင်မိပါတယ်။ 

ဒီနေ့အဖို့ အခြားအကြောင်းအရာ တရပ်ကတော့ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ စျေးတနေရာကို စစ်ကောင်စီရဲ့ ရေတပ်က ပစ်လိုက်တယ်လို့ ယူဆရတဲ့ လက်နက်ကြီးကျည် ဖေဖော်ဝါရီ ၂၉ ရက် မနက်ပိုင်းက ကျရောက်ပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရသလို ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ သတင်းဖြစ်ပါတယ်။ 

လက်နက်ကြီး ကျည်ပစ်ခတ်တဲ့ လက်သည်အနေနဲ့ စစ်ကောင်စီ ရဲ့ ရေတပ်လို့ ယူဆရပြီး ရခိုင်ပြည်နယ်မှာ မြို့တွေနဲ့ စစ်စခန်း၊ နယ်မြေဒေသတွေ လက်လွှတ်ဆုံးရှုံးနေရတဲ့ ဖြစ်ရပ်တွေအတွက် AA လက်နက်ကိုင် အဖွဲ့နဲ့ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိတဲ့ အရပ်သားတွေကို သွယ်ဝိုက်လက်စားချေတာလို့ ယူဆမှုတွေ ရှိနေတာဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်စဥ်တွေ အတွင်း စစ်ဘက်နဲ့ ရဲတပ်ဖွဲ့က အရာရှိတွေအပါအဝင် အများအပြား ဖမ်းဆီး ခံရတာ၊ အသက်ဆုံးရှုံးရတဲ့ ဖြစ်စဥ်တွေအတွင်း ဒေသခံတွေက AA လက်နက်ကိုင် အဖွဲ့ကို ထောက်ခံအားပေးမှုတွေ ရှိနေတဲ့အချက်ကြောင့် ဒေသခံတွေကို ထိခိုက်သေဆုံးအောင် လုပ်ဆောင်တာ၊ ကြောက်လန့်အောင် ခြိမ်းခြောက်တဲ့ လုပ်ရပ်တခုအဖြစ်လည်း ကောက်ချက်ချကြတာ ဖြစ်ပါတယ်။ 

ယမန်နှစ် အောက်တိုဘာ လကုန်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း မြန်မာနိုင်ငံအနှံ့အပြား လက်နက်ကိုင် တိုက်ပွဲတွေ အရှိန်ပိုမိုမြင့်တက်လာနေပြီး မြို့သိမ်းတိုက်ပွဲတွေ၊ နယ်မြေသိမ်းတိုက်ပွဲတွေ နဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သား သေဆုံးမှုတွေ ပိုမိုမြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar