Breaking News

အမေရိကန် တောလားတွေ

အမေရိကန် တောလားတွေ

နိုင်ငံတကာသာဂိ၊ (မိုးမခ) မတ် ၅၊ ၂၀၂၄


ဒီတပတ်သတင်းတွေထဲက ကောက်နိုးရာရာတွေ ချရေးလိုက်မယ် စဉ်းစားပါတယ်။ 

နံပါတ် တစ်ကတော့ အမေရိကန်ပါတီကြီး နှစ်ခုကို ကိုယ်စားပြုမယ့် သမ္မတလောင်း အကြိုရွေးကောက်ပွဲ၊ Primary လို့ ခေါ်ကြပါတယ်။ ဒီလ မတ် ၅ ရက်မှာ ပြည်နယ်တွေ အကုန်နီးပါးက အကြိုရွေးကောက်ပွဲ မဲထွက်ပေးကြတာမို့ Super Tuesday လို့ ခေါ်ကြပါတယ်။ သမ္မတအကြိုရွေးသလို အထက်လွှတ်တော်၊ အောက်လွှတ်တော် ပြည်နယ်တွင်းလွှတ်တော် အမတ်တွေ အကြို၊ ဆန်ကာတင်ရွေးကောက်ပွဲလည်း တခါတည်း ပါဝင်ပါတယ်။ နိုဝင်ဘာကျရင်တော့ ရွေးကောက်ပွဲ အစစ်ကြီးကို ကျင်းပကြမယ်ပေါ့။

ဒီမိုတွေဘက်က ဘိုင်ဒင်၊ ရီပတ်ဘလစ်ကန်တွေဘက်က ထရန့် အကြိုရွေးပွဲမှာ တင်ကျန်မယ်လို့ မှန်းကြပါတယ်။ ရီပတ်ဘလစ်ကန်ပါတီမှာလည်း ထရန့်လူတွေချည်း အစားထိုးနေရာယူနေကြပြီဆိုတော့ နောင်ဆို ထရန့်ပါတီလို့ပဲ တိုတိုရေးရတော့မယ်။ ရီပတ်ဘလစ်ကန်ပါတီ၏ သက်တော်ရှည်အမတ် အထက်လွှတ်တော်က လူနည်းစုပါတီခေါင်းဆောင် မစ်ချ်မက်ကောနယ် ၈၂ နှစ်ကလည်း ဒီလ နိုဝင်ဘာဆိုရင် အနားယူတော့မယ် ကြေညာလိုက်ပြီ။ သဘောကတော့ ထရန့်ပါတီနဲ့ ထရန့်သမ္မတလောင်းအဖြစ် ဝင်မယ့် နိုဝင်ဘာရွေးကောက်ပွဲကို သူမပတ်သက်ချင်ဘူး ဆိုတဲ့သဘောပေါ့။ ရီပတ်ဘလစ်ကန်ပါတီတွေ အမတ်တွေလည်း နောက်ဆုံးတော့ ထရန့်ကိုပဲ ဒူးထောက် လက်မြှောက်နေရတဲ့ အဖြစ်က ထင်ရှားသည်ထက် ထင်ရှားပါတယ်။

ထရန့် သမ္မတပြန်ဖြစ်ရင် ဘာဖြစ်မလဲ။ သူကတော့ လက်စားချေမှာပဲ။ အကုန်လုံး အေးအေးနေရမယ် မဟုတ်ပါဘူး။ သူ့ကို ဒီမိုကရေစီနည်းမကျလို့၊ ဥပဒေတွေ ချိုးဖောက်လို့ အရေးယူဖို့ ကြိုးစားကြတဲ့ လူ၊ အမတ်၊ ပါတီ၊ အစိုးရ၊ လွှတ်တော်၊ အဖွဲ့၊ တရားရေး၊ အကုန်လုံးကို အကုန် ပြောင်းပြန်လှန်ပစ်မှာပါ။ နိုင်ငံတကာမှာလည်း မဟာမိတ်တွေ ရန်သူတွေ အကုန်လုံးကို ကပြောင်းကပြန်လုပ်ပစ်မှာပါ။ ဥပမာ - ယူကရိန်းကို ပစ်ပယ်ပြီး၊ ရုရှား စိုးမိုးအောင် သူက လုပ်နိုင်ပါတယ်။ အစ္စရေးက လက်ယာစွန်းတွေကို အားပေးပြီး ပါလစ္စတိုင်းတွေကို အမှုန့်ကြိတ်တာ မျက်စိမှိတ်ထားမှာပါ။ မက္ကစီကိုကနေ ခိုးဝင်နေတဲ့ နိုင်ငံတကာက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံကိုလည်း သူက ပြင်းပြင်းထန်ထန် အရေးယူ နှင်ထုတ် ပိတ်ဆို့ပါလိမ့်မယ်။ တရုတ်နဲ့ ကုန်သွယ်ရေးစစ်လည်း ပြန်ခင်းဦးမှာပဲ။

သည်တော့ သာမန်လူတွေအတွက် စိုးရိမ်စရာလားလို့ အမေးရှိရင် - အထက်တန်းစား လူတန်းစားတွေကတော့ အရင်းရှင်အကျိုးစီးပွားကာကွယ်ရေး မိမိတကိုယ်တော် ကောင်းစားရေးကို ရှေ့တန်းတင်သူ နိုင်ငံရေးသမားတွေ အာဏာရှင်တွေကို သူတို့က ဘာမှ မမှုပါ။ သူတို့အကြိုက်တောင် ဖြစ်ပါသေးတယ်။ အလတ်တန်းစားတွေကလည်း ကိုယ်လုပ်မှ ကိုယ်စားရတဲ့ ဝါဒီတွေမို့ သူတို့ကိုလည်း တိုက်ရိုက်ထိခိုက်စရာမရှိသေး။ အောက်ခြေလူတန်းစားတွေ အလုပ်သမားတွေ နိုင်ငံကူးပြောင်း လူတန်းစားတွေကတော့ ထရန့်ပါတီ၏ ကန့်သတ် နှိပ်ကွပ်ခြင်းတွေ ခံရဖို့ များပါတယ်။ နိုင်ငံသားဖြစ်ခွင့်၊ အမြဲတန်း ဂရင်းကဒ်နေခွင့်၊ အဆိုင်လန် ရဖြူဂျီ - နိုင်ငံရေးခိုလှုံခွင့်၊ မိသားစု သားသမီး လင်မယား မှီခိုခွင့်တွေ ဒါတွေအားလုံး နောက်ဘုရားပွင့်မှ လျောက်လွှာတွေ အဖြေထွက်ဖို့ များပါတယ်။ တပြည်တရွာကနေ အလုပ်လုပ်မယ်၊ ကျောင်းတက်မယ် ဆိုတာတွေကတော့ သန်းထီထိုးသလိုမျိုး ဒုလ္လဘတရားတွေ ဖြစ်ကုန်ကြမှာပါ။

ဥပမာ - ၂၀၀၈ -၂၀၁၉ ကိုဗစ်မတိုင်ခင်အထိ တရုတ်ပြည်က ကျောင်းလာတက်၊ အလုပ်လာလုပ်သူတွေက အလည်လာကြတာ သန်းချီ ရှိခဲ့တာကနေ ထရန့်သမ္မတဖြစ်ပြီး တရုတ်တွေကို ဗီဇာကန့်လိုက်လို့ တနှစ်ကို သိန်းဂဏန်းတောင် ဗီဇာမရတော့ဘူး ဆိုပါတယ်။ သည်တော့ တရုတ်လူလတ်တန်းစားတွေက ဒေါ်လာ ၁ သောင်းနီးပါး အကုန်ခံပြီး မက္ကစီကို နယ်စပ်ကနေ ဖြတ်ကျော်ဝင်ရောက်နေကြတာ ဝင်လာမစဲ တဖွဲဖွဲ ဖြစ်လာပါတယ်။ မနှစ်က တရုတ်ပြည်သားတွေ မက္ကစီကို ဖြတ်ကျော် ၂ သောင်း ၄ ထောင် ရှိလာပြီ။ သူတို့တွေက နယ်စပ်ခြံစည်းရိုးကို ကျော်ဝင်၊ ခရီးဆောင်အိတ်၊ ကျောပိုးအိတ်၊ တယ်လီဖုန်းတဖက်နဲ့  လေယာဉ်ပေါ်က ဆင်းလာကြသလိုမျိုး၊ နယ်ခြားစောင့် လုံခြုံရေးထံ အဖမ်းခံ၊ အဆိုင်လန်တောင်း၊ တရားရုံးမခေါ်ခင် ကြားကာလမှာ အမေရိကန်ပြည်ထဲအနှံ့ အလုပ်လုပ်ခွင့်ယူပြီး နေထိုင်ကြပါတယ်။ အခြားလူမျိုးပေါင်းစုံက နယ်စပ်ဖြတ်ကျော်တာ နေ့စဉ် သောင်းချီ ဆိုပဲ။

မြန်မာအပေါ်  ဒီမိုကရက်ပါတီနဲ့ သမ္မတ ဘိုင်ဒင်ပေါ်လစီက အများကြီး သက်ညှာတော့ မြန်မာတွေကတော့ အလုပ်နဲ့ ကျောင်းနဲ့ အလည်အပတ်နဲ့ လာခွင့် အမြောက်အမြား ရကြပါတယ်။ ကိုဗစ်ကာလကတည်းကနေ အခု နွေဦးတော်လှန်ရေးကာလထဲမှာ ယာယီနေထိုင်ခွင့်တွေလည်း အများအပြား ရကြပါတယ်။ သည်ရောက်တာနဲ့ ခိုလှုံခွင့်တွေ လျှောက်ကြ၊ အလုပ်တွေ ရှာလုပ်ကြနဲ့ ခုထိ အဆင်ပြေကြတယ် ပြောကြပါတယ်။ ဒါတွေလည်း ထရန့် တက်လာခဲ့မယ်ဆိုရင် ခေါင်းနဲ့ပန်းလို အပြောင်းအလဲတွေ ရင်ဆိုင်ကြဖို့ များပါတယ်။

အခု ရေးနေတာက ဘိုင်ဒင်နဲ့ ဒီမိုကရက်တွေကို မဲပေးဖိူ့ မဲဆွယ်ရေးနေတယ် မထင်စေလိုပါ။ အမေရိကန်အရေးဟာ ကမ္ဘာအရေး ဖြစ်နေတယ်ဆိုတာကို ပြောချင်ရုံ သက်သက်ပါ။ ကိုယ့်ထမင်းကိုယ်စား ကိုယ့်အလုပ်ကိုယ်လုပ် သက်သောင့်သက်သာ လူတန်းစားများအတွက်ကတော့ ဘယ်အစိုးရတက်တက် ဘာမှ ဖြစ်လာစရာ မရှိပါဘူး။ သို့သော် အစိုးရတွေ နိုင်ငံတော်တွေ၏ ပေါ်လစီတွေရဲ့ ရိုက်ခတ်မှုကို ခံစားနေကြရတဲ့ အခြေခံ ရုန်းကန်လူတန်းစားတွေအတွက်တော့ ဒါတွေက အရေးကြီးတယ်လို့ ဆိုချင်တာပါ။

သာဓက ပြချင်တဲ့ အချက်တခုကတော့ - တရုတ်ပြည်က ကျားဖြန့်တွေကို နှိမ်နင်းမယ်လို့ စီမံကိန်းချပြီး စစ်ဆင်ရေးလုပ်ခဲ့ပါတယ်။ သည်တော့မှ မြန်မာပြည်မှာ ကျားဖြန့်ဂိုဏ်းတွေ၏ ပြန်ပေးဆွဲ ဖမ်းဆီး အဓမ္မခိုင်းစေခံထားရတဲ့ အွန်လိုင်းလိမ်လည်အလုပ်တွေ ကျူးလွန်နေကြရတဲ့ မြန်မာနဲ့ အခြားတိုင်းပြည်က တရားမဝင်လုပ်သားတွေ သိန်းချီတယ်ဆိုတာ မြန်မာတွေ သိကြရတယ်။ တရုတ်က အချက်ပြလိုက်လို့ မြောက်ပိုင်း မဟာမိတ်တွေ ဝင်တိုက်ပြီး ကျားဖြန့်တွေကို နှိမ်နင်းပေးရတာ နေပြည်တော်အထိ အမှုရောက်ပါတယ်။ ခုထိ မပြီးသေးပါဘူး။ ကျားဖြန့်ဂိုဏ်းတွေက လူဆင်းရဲလုပ်သားတွေကို လိမ်ညာခေါ်ဆောင် ဖမ်းဆီးပြီး မတရားအလုပ်လုပ်ခိုင်းတယ်၊ အကျဉ်းချထားတယ်၊ နှိပ်စက် ရိုက်နှက် သတ်ဖြတ်တယ်။ သူတို့တွေ၏ အဓမ္မအလုပ်တွေကနေ ကျားဖြန့်တွေက လစဉ် ဒေါ်လာ ဘီလျံနဲ့ ချီ ငွေတွေ အမြတ်ထွက်ပါတယ်။

တရုတ်ပြည်သာမက အမေရိကန်ပြည်အထိပါ ကျားဖြန့်တွေက တက်လိမ်ပါတယ်။ ခုနင်က လုပ်သားတွေကို အမေရိကန် တရုတ်ပြည် ဥရောပ အာဖရိကက မသိနားမလည်တဲ့ လူကြီးလူငယ်တွေကို အွန်လိုင်းကနေ မိတ်ဆွေဖွဲ့၊ အီစီကလီလုပ်၊ အယုံသွင်း၊ ခရစ်တိုငွေကြေး ရောင်းဝယ်တဲ့ အက်ပ်အတုတွေနဲ့ မိတ်ဆက်ပေး၊ အမြတ်တွေထွက်နေတယ်လို့ အက်ပ်အတုတွေကနေ မီးရှူးမီးပန်းဖောက်ပြ၊ ငွေတွေ လွှဲယူ၊ အက်ပ်ထဲမှာ ဖန်တီးထားတဲ့ ငွေတန်ဖိုးအလိမ်တွေ ပြ။ ဒါတွေလုပ်စား လိမ်စား ညာစားကြတာပါ။ အမေရိကားမှ လူတဦးကို ကျားဖြန့်က လိမ်တာ ဒေါ်လာ ၃ သိန်း ပျမ်းမျှစီ ရှိတယ် ပြောပါတယ်။ 

အဲသလို အက်ပ်မျိုးတွေကို တရုတ်တွေ ရုရှားတွေက ပရိုဂရမ်မာတွေပဲ ရေးကြတာပါ။ လိမ်ပြီး ကိန်းဂဏန်းတွေ လှုပ်ရှားပြကြတာပါ။ ခရစ်တို ဒစ်ဂျစ်တယ်ငွေကြေး၊ စတော့ရှယ်ယာ စတာတွေကို ဗန်းပြပြီး ဆွယ်ကြ၊ ငွေလိမ်ယူကြတာပါ။ ငွေလွှဲလိုက်ရင် သူတို့ဆီ ရောက်သွားပြီး၊ သင်၏ APP ထဲမှာတော့ သင်လွှဲတဲ့ ငွေကိုတော့ ပြနေမှာပေါ့။ တကယ် ပြန်ထုတ်မယ်ဆိုတော့မှ ဟိုက တ့ာတာ ပြပြီး အပျောက်ရိုက်သွားတာ ဖြစ်ပါတယ်။

ဒီအနာကြီး အကြီးကြီး ဖြစ်လာလို့ တရုတ်နဲ့ အမေရိကန်က ပူးပေါင်းပြီး ဖြေရှင်းကြ နှိမ်နင်းကြရတာ ဖြစ်ပါတယ်။ ပြောချင်တာက အောက်ခြေလူတန်းစားတွေ အပြစ်မဲ့ပြည်သူတွေ မတရားအလုပ်ခံကြရတဲ့အခါ အစိုးရတွေ ဥပဒေသမားတွေက ကာကွယ်ဖြေရှင်းပေးရပါတယ်။ မျက်ကွယ်ပြုထားလို့ မရပါ။ ပြည်သူတွေချည်းသက်သက် ဖြေရှင်းလို့ရတဲ့ကိစ္စ မဟုတ်တာတွေ နိုင်ငံတကာမှာ အများကြီး ရှိပါတယ်။ အစိုးရအား အများကြီး လိုသည်ပေါ့ဗျာ။ 

သည်နေရာမှာ လူတဦးချင်း တမိသားချင်းစီက မိမိတို့ ဘ၀ရှေ့ရေးအတွက် လွတ်မြောက်ရာလမ်း မျိုးစုံကို ရှာဖွေကြတာက တပိုင်း။ ဒါကို ဖြေရှင်းပေးရန် သက်သာရန် အဖြေရှာရန် မလုပ်ကြဘဲနဲ့ ဒီအရေးအခင်းများကို မတရားအမြတ်ထုတ် ကိုယ်ကျိုးရှာရန်၊ ရန်သူလိုသဘောထား ဖိနင်း နှိပ်ကွပ်ရန် လုပ်တာမျိုးကိုကျတော့ အစိုးရတွေ အဖွဲ့အစည်းတွေကနေ မကျူးလွန်ကြဖို့ လိုတဲ့အကြောင်း၊ သည်အတွက် အစိုးရများက မှန်ကန်စွာ နည်းလမ်းကျစွာ ဖြေရှင်းပေးဖို့ လိုကြောင်း ပြောလိုရင်း ဖြစ်ပါတယ်။ နယ်စပ်ဖြတ်ကျော်တွေ၊ တရားမဝင်အလုပ်သမားတွေက ရန်သူ မဟုတ်ပါဘူး။ နယ်စပ်ဖြတ်ကျော်တွေ၊ တရားမဝင်လုပ်သားတွေကို အမြတ်ထုတ် ကုပ်သွေးစုပ် မတရားလုပ်နေသူတွေက ပြဿနာဖြစ်ပါတယ်။ ဒါကိုပဲ အာရုံထား ဖြေရှင်းကြဖို့ လိုပါတယ်လို့ ပြောချင်တာပါ။ သူတို့တွေကို မဲဆွယ်ဖို့ အသုံးချခံတွေသက်သက်လို သဘောထားစရာ မဟုတ်ပါလို့။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar