Breaking News

ခွန်ထွန်းခင် - မစဉ်းစားမှု = ယုံကြည်အားကိုးမှု

ခွန်ထွန်းခင် - မစဉ်းစားမှု = ယုံကြည်အားကိုးမှု

(မိုးမခ) မတ် ၁၂ ၊ ၂၀၂၄

စစ်တပ်က ပအိုဝ်းဘုန်းကြီးကျောင်းတွေ၊ အိမ်တွေ ရွာတွေပေါ် အမြှောက်နဲ့ထုတိုင်း ဗုံးကြဲတိုင်း ပအိုဝ်းနီတွေရှိလို့ဆိုပြီးပြောကြတယ်။ ပအိုဝ်းနီလဲဘဲ ပအိုဝ်းဘဲဆိုတာ မေ့နေကြပုံရတယ်။ ပအိုဝ်းတွေ ပအိုဝ်းရွာထဲရှိတာ ဘာဆန်းလဲ။ ဗမာစစ်တပ် ရှမ်းပြည် ပအိုဝ်းမြေထဲရောက်နေတာကမှ ဆန်းတာမဟုတ်လား။ ကိုယ့်ခြေမလေးကို တူနဲ့ထုကြည့်ကြအုံး။ ပေါက်ပြားနဲ့ ခုတ်ကြည့်ကြအုံး။ စက်ရုပ်တောင် အဲလောက်အကြောင်းပြချက် ကလေးကလားအကွက်လေးနဲ့လှည့်စားလို့မရပေမယ့် ပအိုဝ်းတွေကတော့ လွယ်မှလွယ်။ ငှက်ပျောသီးစားရတာကမှ အခွံနွှာနေရအုံးမယ်။ 

အဲဒါတွေကို မသိသားဆိုးဝါး ဘာ့လို့ ဒီလောက် ယုံမှားလွယ်ရသလဲဆိုတော့ အစဉ်အဆက်က လူကြီးစကား ဘုန်းကြီးစကား နားထောင်နေကျ အကျင့်ရယ်။ ပအိုဝ်းဘာသာစကားနဲ့ သတင်းအမှန်တွေကို အသံလွှင့်ပေးနေတဲ့ အစီအစဉ်ကောင်းတွေ မရှိတာရယ်၊ ပြီးတော့ သတင်းနားထောင်တဲ့အလေ့အထ မရှိတာရယ်၊ ကိုယ့်စာကိုလည်း ဘာသာရေး စာဖတ်ဖို့ ရေးဖို့အတွက် အများစု သုံးကြတာရယ်၊ လောကုတ္တရာစာကိုသာ ဦးစားပေး သင်ကြတာရယ်၊ ဘုန်းကြီးရော လူရော လောကီစာသင်ကြသော်လည်း ခေတ်နဲ့ကွာဟနေပုံကို သိသာအောင် ပြောရရင် ကဗျာရေးရင်တောင် လေး သုံးနှစ် ကာရန်စနစ်သာ ကျင့်သုံးနေတုန်းပဲ ရှိသေးတာရယ်၊ သီချင်းဆိုရင်လည်း ရက်ပါရှိဖို့ဝေး၊ လွန်ခဲ့တဲ့နှစ်လေးဆယ်လောက်က မြန်မာအဆိုတော်မင်းအောင်တို့ အနိုင်တို့သံစဉ်ကို မကျော်နိုင်သေးတာရယ်၊ နိုင်ငံရေးအမြင်ဖွင့် သင်ကြားရေး မရှိတာရယ်၊ ရှိတဲ့ ပအိုဝ်းကျောင်းတွေကလည်း တပ်ရိပ်ခို တပ်သီးစားပြီး တပ်စကားပဲ ပြောနေကြရတာတွေရယ်ကြောင့်လို့ ပြောရမှာပါပဲ။ 

ပအိုဝ်းဆိုတာ ရိုးတယ်လို့ဂုဏ်ယူတာထက် ဆန်းသစ်တီထွင်မှုမရှိတဲ့အပိုင်းဘက်ကပြောရရင် ဝတ်စုံသာကြည့်၊ ကျားမ လူကြီးလူငယ် ဒါဘဲ၊ တဆင်ထဲဘဲ။ အကွက်တောင်မပါ။ အကွက်၊ အစင်းနဲ့ အရောင်ရောစုံတာဆိုလို့ တဘက်ပဲရှိတာ။ တဘက်ကို ခေါင်းဆင်တန်ဆာအနေနဲ့သုံးတာလဲ ပအိုဝ်းဘဲရှိတယ်။ အဲဒီတဘက်မရှိရင် အစင်း အကွက်နဲ့အရောင်ပြောင်းစရာမရှိ။ အဲဒီဟာကနေတဆင့် လူမျိုးရဲ့သရုပ်သကန်ကို ပုံဖော်ကြည့်လို့ ရပါတယ်။ 

ပဉ္စလက်က အလှည့်အပြောင်းက အပြင်အဆင်က ခေါင်ပိုင်းမှာဘဲရှိတယ်ဆိုတဲ့သဘော။ ကျန်တာ အပြောင်းအလဲ မရှိရ၊ တပုံစံတည်း တထေရာထဲ။ ဦးအောင်ခမ်းထီ၊ ဦးစံလွင်၊ နေဝင်းထွန်းတို့ခေါင်းပိုင်းတွေ၊ ဆရာတော်ကြီးတွေသာ တင့်ချင်တိုင်းတင့်၊ မြင့်ချင်တိုင်းမြင့်နေတာ၊ ကိုယ်ပိုင်းအောက်ပိုင်းပအိုဝ်းအများစုကတော့ ဒါ ဒါဘဲ။ အပေါ်က ဆရာကြီးများဟာ မင်းအောင်လှိုင်တို့ တေဇတို့လို ဗိုလ်ချုပ်ကြီးတွေ ခရိုနီကြီးတွေထက် ပိုင်ဆိုင်မှုမလျော့ပေမယ့် ပအိုဝ်းတောင်သူ မိလက္ခူတို့ဆီက ငွေပဲစကိုတော့ ထင်သလို ခွဲနေကြတုန်း။ ကန်တော့ကြေး၊ သေနတ်ကြေး၊ ဝတ်စုံကြေး၊ စစ်သားထောက်ပံ့ကြေး၊ မုဆိုးမထောက်ပံ့ကြေး၊ ရိက္ခာကြေး၊ ကားကြေး၊ ကျည်ကြေး၊ ဟော ခု ဒရုန်းကြေးပါ အပတ်စဉ် လစဉ် နှစ်စဉ်နဲ့ ကြုံရင် ကြုံသလို တောင်းကောင်း ညှင်းကောင်း ဗျင်းကောင်းနေတုန်း။ လူမျိုးလိုက်ရတဲ့အခွင့်အလမ်းတွေကို ပုဂ္ဂလိက ခံစားစံစားပြီး သူတို့စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးနေရပေမယ့် သိပ်ချမ်းသာလို့ ဘယ်နားထားရမှန်းတောင် မသိကြတဲ့ သူတို့ငွေတွေကိုကတော့ တကျပ် တပြားမှ မထည့်ကြ။ စီးပွားရေးလုပ်ငန်းမှန်သမျှကလည်း PNO ပိုင်လား၊ သူတို့ပိုင်လား ကွဲကွဲပြားပြား မရှိ။ ခွဲခွဲခြားခြား အသိမခံ။ 

ပအိုဝ်းများရဲ့စစ်တပ်ကိုကျိုးနွံပုံပြောရရင် တနိုင်ငံလုံးက ရွံရှာစက်ဆုတ်နိုင်တာထက်ကို ပိုယုတ်ကန်းနေပါတယ်ဆိုတဲ့စစ်တပ်ကို ခု တပ်ထောက်ခံပွဲလုပ်ဆို ခု လုပ်တာဘဲ။ ရန်ကုန် မန္တလေးက ငါးထောင်စားတွေလို အဖြစ်လုပ်တာမဟုတ်ဖူးနော်။ တကယ့် လှိုက်လှိုက်လှဲလှဲ အုံနဲ့ကျင်းနဲ့ တက်တက်ကြွကြွ ရှိလှတယ်။ ကိုးကန့်က ဘုရားလေး တူနဲ့နှက်နေပြီ၊ ထွက်ခဲ့ကြဆို အကုန်တောင်ကြီးကို တက်လာကြတာဘဲ။ ကိုယ့်ရွှေဒဂုံပေါ် လက်နက်ကြီးဆင်ပြီး မှီရာဝန်းကျင် အုံးဖို့များပြင်ရုံမက ကျေမွနေအောင် ပအိုဝ်းယဉ်ကျေးမှုနဲ့ စည်းစိမ်အိုးအိမ်မှန်သမျှ ချေမွှနေတော့ အို..အေ ပစ်မှာပေါ့၊ ပအိုဝ်းနီတွေ ပီးဒွေတွေက ရွာထဲ ဝင်ကြတာကိုးတဲ့။ ပစ္စည်းယူတာကိုးတဲ့။ အိမ်ဖျက်တာကိုးတဲ့။ ဆန္ဒပြဖို့ထား မောင်းမင်းကြီးသားများ ပစ်အားကောင်းပါစေဆိုပြီး ဆုချွေတဲ့သူနဲ့၊ အမျှဝေတဲ့သူနဲ့၊ မေတ္တာပို့တဲ့သူနဲ့။ ထမင်းတောင် ချက်ပို့လိုက်သေးတယ်။ ဟိုက ဝင်လဲ မလာ၊ ဝင်လာပြန်ရင်လဲ ဖျက်စရာက သံရိုက်တူတောင်မပါ။ သဲ ဘိလပ်မြေ အုတ်တိုက်တွေ လေမှုတ်လိုက်လို့ ပြိုရင်တော့ ရှိစေတော့။ 

တကယ်ပျက် တကယ်ပြိုတာက ဗုံးကြဲလို့ အမြောက်နဲ့ထုလို့ဆိုတာ ကိုယ့်အိမ်ပါတဲ့သူကတော့ မသိရဲလဲ သိလာကြပါပြီ။ မသိချင်ယောင်ဆောင်လို့ မရတော့တာလည်း ပါတာပေါ့။ ခုတော့ တချို့ပအိုဝ်းတွေက တပ်ကို သတင်း‌မပေးကြပါနဲ့တော့လို့တောင် မောင်မင်းကြီးသား ကိုယ်မျိုးချစ် PNO များကို တားနေရပါပြီ။ တကယ်က တနိုင်ငံလုံးမှာဖြစ်နေတဲ့အတိုင်းပါပဲ၊ စစ်ဖြစ်ဖြစ် မဖြစ်ဖြစ် တပ်ရဲ့သန္ဓေစိတ်အတိုင်း လုပ်နေတာတွေပါပဲ။ ၅၀ ကျော် ပအိုဝ်းလူကြီးများလည်း စစ်တပ် ဒုက္ခတွင်းဆုံးကျဖူးကြပေမယ့်လို့ စစ်တပ်ဟာ မင်းသား ခေါင်းဆောင်းထားတဲ့ ဘီလူး ဖြစ်ကြောင်း မပြောရဲ မဆိုရဲကြ ဖြစ်နေတာ‌ကတော့ PNO လူကြီးမင်းများ ဆရာတော်များ ကောင်းသလိုလုပ်နေတာလို့ ထင်နေကြသေးတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar