Breaking News

ခွန်ကကြီး - ဗလုံးဗထွေးခေါင်းဆောင်မှုနဲ့ ပအိုဝ်းအသုံးချခံပြဿနာ

ခွန်ကကြီး - ဗလုံးဗထွေး ခေါင်းဆောင်မှုနဲ့ ပအိုဝ်းအသုံးချခံပြဿနာ

(မိုးမခ) မတ် ၂၆ ၊ ၂၀၂၄

(၇၅) နှစ်ပြည့်၊ ပအိုဝ်းအမျိုးသားနေ့မှာ ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီး အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၊ ဝဏ္ဏကျော်ထင်ဘုရားဒကာ ရဟန်းဒကာ ဦးအောင်ခမ်းထီများ လက်ရှိအကျပ် အတည်းကနေ ထွက်မြောက်ရာလမ်းစတခုခုများ ပြမလားလို့ စောင့်နေရတာ။ သဝဏ်လွှာတစောင်တော့ ထွက်လာတယ်။ အဖြေတော့ မပါပါဘူး။ ပိုနစ်မွန်းစရာ စစ်တပ်ကို ပိုလို့ကျိုးနွံမှုသာ တွေ့ပါတယ်။ သူတော်ကောင်းကြီးဆိုတော့ တရားရေအေးတိုက်ကျွေးပုံဆန်တဲ့ ကျားဖြန့်တမျိုးပေါ့နော်။

"ရဟန်းတော်များ၊ မိဘပြည်သူ သားသမီး မြေးမြစ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ အေးမြပါစေကြောင်း ရှေးဦးစွာအနေနဲ့ မေတ္တာရေအေး ပို့သပေးလိုက်ပါတယ်" လို့ သူ့သဝဏ်လွှာမှာပြောတဲ့အတိုင်းတော့ မေတ္တာက ရောက်ဖို့ မလွယ်ပါဘူး။ သူ့PNOနဲ့ ဗုံးကြဲအမြှောက်ထုစစ်တပ်ပေါင်းပြီး လမ်းကြောင်းတွေက အကုန်ပိတ်ဆို့ထားတယ်မဟုတ်လား။ သူ့PNOကဆို စစ်ဘေးရှောင်ဆီကတောင် ဆက်ကြေးလိုက်တောင်းနေသေးသကိုးနော့။ တချို့ဘုန်းတော်ကြီးများကလဲ သူတို့ကျောင်းမှာ လက်မခံကြပါဘူး။ အနည်းအကျဥ်းကူတာလှူတာရှိပေမယ့် ဗုံးမကြဲဖို့ အမြှောက်မထုဖို့ မေတ္တာရပ်ခံစာတောင် မထုတ်ရဲသလို ကိုးကန့်က ဘုရားလေး တူနဲ့ထုတုန်းကလို ဆန္ဒထွက်ပြရဲဖို့တော့ အိပ်မက်တောင် မက်ရဲတဲ့အခြေအနေမရှိပါဘူး။ 

သူ့သဝဏ်လွှာမှာ "တပေါင်းလပြည့်နေ့မှာ မွေးဖွားခဲ့တဲ့ ပအိုဝ်းဘုရင်ကြီး သူရိယစန္ဒာဟာ လူမျိုး ဘာသာနဲ့ သာသနာအကျိုးကို အလွန်ပဲဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ သူ့ရဲ့ ကျေးဇူးကို အထူးအောက်မေ့သတိရတဲ့အနေနဲ့ သူ့မွေးဖွားခဲ့တဲ့နေ့ဖြစ်တဲ့ တပေါင်းလပြည့်နေ့ကိုပဲ ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်လိုက်ရခြင်းဖြစ်တယ်"လို့ ဆိုသော်ငြားလည်းဘဲ အခု ပအိုဝ်းဘုန်း ကြီးကျောင်းကြီးတွေနဲ့ ပအိုဝ်းအမွေအနှစ်အသားအိမ်တွေကို လေကြောင်းကဗုံးကြဲဖို့ စစ်တပ်ကို ဖိတ်ခေါ်ကာ ပအိုဝ်းအိမ်တွေပေါ် အမြှောက်နဲ့ပါ ထုချေဖျက်ဆီးခိုင်းပြီး လူမျိုးနဲ့ ဘာသာကို ချိနဲ့သိမ်ငယ်အောင်လုပ်ကြသူတွေဟာ သူတို့ပဲဖြစ်ပြီး ဒီအခမ်းအနားကိုလဲ ဦးဆောင်ကျင်းပသူတွေ လုပ်နေကြပြန်ပါတယ်။ ဒါဟာ ပအိုဝ်းဘုရင်ကြီးသူရိယစန္ဒာကို ပြက်ရယ်လှောင်ပြောငတာပါပဲ။

"သူရိယစန္ဒာဘုရင်အပါအဝင် ပအိုဝ်းဘုရင် မင်းအဆက်ဆက် ပအိုဝ်းခေါင်းဆောင်အဆက်ဆက် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ခဲ့ကြသူ ပုဂ္ဂိုလ်ကြီးငယ်အဆက်ဆက်တို့ ပအိုဝ်းအမျိုးသား အကျိုးစီးပွားကိုဆောင်ရွက်ခဲ့သူတွေအားလုံးရဲ့ကျေးဇူးတရားကို ကျွန်တော်တို့ အမြဲသတိရ ဂုဏ်ယူနေမှာပါ။ ဒီလို သူတို့ရဲ့ ကျေးဇူးဂုဏ်ကို အောက်မေ့သတိရတဲ့အတွက်လည်း ကျွန်တော်တို့ ပအိုဝ်းလူမျိုးတွေ ပြုလုပ်သမျှသော ဒါန သီလ ဘာဝနာ အစရှိတဲ့ ကောင်းမှုကုသိုလ်မှန်သမျှရဲ့ အဖို့ ဘာဂကို ဘဝသစ်သို့ ပြောင်းလဲကွယ်လွန်သွားပြီဖြစ်ကြတဲ့ အမျိုးသားရေးတာဝန်ကို ထမ်းရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးငယ်အားလုံးကို အမျှပေးဝေပါတယ်။ ယနေ့ ပို့သလိုက်တဲ့ မေတ္တာရေအေးကို ရရှိပြီးတဲ့နောက် ကောင်းရာမွန်ရာ ဘုံဘဝသို့ ရောက်ရှိကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်"ဆိုပြီး အမျှပေးဝေပေမယ့် နောင်တော့်နောင်တော်ပအိုဝ်းကြီးများ သာဓုခေါ်ချင်စိတ်ပျောက်တဲ့အခြေအနေမျိုးမို့ အမျှဝေလဲ သာဓုသံပြန်ကြားရမယ်မဟုတ်ပါဘူး။

သူ့သဝဏ်လွှာမှာ မိဘပြည်သူ သားသမီးမြေးမြစ်တို့ရေလို့ တိုင်တည်ပြီး "ကျွန်တော်တို့ ပအိုဝ်းခေါင်းဆောင်တွေဟာ ခေတ်ကာလအဆက်ဆက်မှာ ပအိုဝ်းတွေ ချမ်းချမ်းသာသာနေရဖို့ ပအိုဝ်းဒေသ ငြိမ်းချမ်းဖို့ တိုးတက်စေဖို့ ကြိုးစားလုပ်ကိုင်ခဲ့တာ ခေတ်အဆက်ဆက်ပါပဲ။ ဒေသငြိမ်းချမ်းမှ ဘက်ပေါင်းစုံ တိုးတက်ရေးကိုလုပ်ကိုင်လို့ ရမှာဖြစ်တဲ့အတွက် ဒေသငြိမ်းချမ်းရေးက အရင်း အမြစ်ကျတဲ့ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ဒေသငြိမ်းချမ်းဖို့အတွက်ဆိုပြီး ငါတို့ပအိုဝ်းဟာ ရန်သူကို မမွေးခဲ့ဘူး။ မိတ်ဆွေတိုးပွားအောင်ပဲ ဆောင်ရွက်ခဲ့တယ်။ တိုင်းရင်းသားမှန်သမျှကို မိတ် ဆွေလို့မှတ်ယူပြီးတော့ ပအိုဝ်းဒေသငြိမ်းချမ်းရေးနှင့် ပြည်နယ်ပေါင်းစုံငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားအားလုံးကို လက်တွဲပြီး လုပ်ကိုင်ခဲ့တာ တိုင်းရင်းသားအားလုံးနဲ့အတူ နိုင်ငံတော်အစိုးရ အဆက်ဆက်လည်း အသိဖြစ်ပါတယ်" လို့ ဆိုပါတယ်။ 

အင်း ဆိုရဲလှချည်လားလို့ မှတ်ချက်ပြုရမလိုပါပဲ။ ဒေသငြိမ်းချမ်းရေးမှာ ဒေသချင်းအနီးကပ်ဆုံးလဲဖြစ်၊ ရောနှောယှဥ်တွဲနေထိုင်သူလဲဖြစ်တဲ့ ကရင်နီတွေအပေါ် သဘောထားမှန်မှန်နဲ့ မဆက်ဆံဘဲ စစ်တပ်လုပ်ကြံဖန်တည်းတဲ့ဇာတ်လမ်းတွေနဲ့ ကရင်နီတွေအပေါ် ဆန္ဒပြပွဲကြီးတွေလုပ်ဖို့ ပအိုဝ်းလူမျိုးတွေကို ရက်ရက်စက်စက်အသုံးချခဲ့ပါတယ်။ ရန်သူမမွေး မိတ်ဆွေပွား တိုင်းရင်းသားတိုင်းမိတ်ဆွေမှတ်တယ်ဆိုပေမယ့် အဲလိုမျိုးကရင်နီကိုပြုမူသလို ကိုးကန့်အပါအဝင်ညီနောင်သုံးဖော်ကိုလဲ ပအိုဝ်းကိုယ်ပိုင်ဆန္ဒပြပွဲကြီးတွေလုပ်ပြီး မဖွယ်မရာပြုမူပြကြပြန်ပါတယ်။ အဲဒီပွဲတွေမှာ စော်ကားမော်ကားအသုံးအနှုံးတွေ သုံးနှုံးပြောဆိုပြီး လူမျိုးချင်း ရန်မီးမွှေးကြပါတယ်။ အဲလိုပွဲတွေမှာ တိုင်းရင်းသားတိုင်းပါဝင်နေတဲ့တတိုင်းပြည်လုံးရဲ့ စစ်ကျွန်ဘဝကလွတ်မြောက်ရေး နွေဦးတော် လှန်ရေးကို ရှုံ့ချပစ်တင်ရုံမက ပြည်သူ့ရန်သူနဲ့ ပြည်သူကိုပြန်ပြီး လက်တွဲတိုက်ခိုက်မှုတောင် ပြုနေဆဲဖြစ်ပါတယ်။ 

"ပအိုဝ်းဒေသ ငြိမ်းချမ်းဖို့အတွက် ပအိုဝ်းတွေ နည်းပေါင်းစုံနဲ့ စုပေါင်းပြီးတော့ အတူတူ လုပ်ကိုင်ခဲ့ကြပါတယ်။ အထူးအနေနဲ့ မှာကြားချင်တာကတော့ “တိုင်းရေး ပြည်ရေး အရှုပ်အထွေး တမျိုးမျိုးဖြစ်ပေါ်လာခဲ့ရင် လူပုဂ္ဂိုလ် တဦးတယောက်နဲ့ အဖွဲ့အစည်းက နစ်နာပါစေ၊ ပအိုဝ်းပြည်သူ ဒုက္ ခရောက် နစ်နာမယ့်လမ်းကို မရွေးချယ်ဘူး” လို့ ပြောကြားလိုပါတယ်" လို့ဆိုပြီး သူ့ကိုယ်ကျိုးစီးပွားကာကွယ်ရေး၊ သူ့မိသားစုပိုင်လုပ်ငန်းပေါင်းရာချီ မဆုံးရှုံးရေးအတွက် စစ်ဘီလူးလက် ကိုယ့်လူမျိုးကို ဝကွက်အပ်ထားပါတယ်။ ခု စစ်တပ်က ပအိုဝ်းဒေသတခုလုံးကို ဖျက်လိုဖျက်ဆီးလုပ်လာတာကို ဘာတခွန်းမှ မဟရဲတာက သက်သေပါပဲ။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar