Breaking News

ထိုင်းနိုင်ငံရဲ့ လူသားချင်းစာနာမှု ရှေ့ပြေးအကူအညီ စတင်


မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၂၅ မြင်ကွင်း

(မိုးမခ) မတ် ၂၆၊ ၂၀၂၄

ထိုင်းနိုင်ငံရဲ့ လူသားချင်းစာနာမှု ရှေ့ပြေးအကူအညီ စတင်

မကြာခင်လအနည်းငယ်အတွင်း ထိုင်းနိုင်ငံက မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေအတွက် လူ သားချင်းစာနာမှု အကူအညီပေးဖို့ အစီအစဥ်ကိုပြင်ဆင်ခဲ့ပြီး မတ်လ ၂၅ ရက်နေ့မှာတော့ ရှေ့ပြေးအကူအညီပေးတာကို စတင်လိုက်ပြီဖြစ်ပါတယ်။ ယမန်နှစ်က ရွေးကောက်ပွဲပြီးနောက်မှာ ဖွဲ့စည်းခဲ့တဲ့ထိုင်းအစိုးရသစ်အနေနဲ့ မြန်မာ့နိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အကူအညီလိုအပ်နေသူတွေကိုကူညီမယ့်အစီအစဥ်အဖြစ် ပထမဆုံးစတင်လိုက်တာဖြစ်ပါတယ်။ ယခင် စစ်အာဏာ သိမ်းရာမှာ ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်လက်ထက်ကတော့ ထိုင်းနိုင်ငံအနေနဲ့  လူသားချင်းစာနာမှုအကူအညီကိုပေးအပ်တာမျိုးလုပ်ဆောင်ခဲ့တာမရှိခဲ့ပဲ ထိုင်းနိုင်ငံက စစ်ကောင်စီအစိုးရနဲ့ထိတွေ့ဆက်ဆံပြီး တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်ပေါ်လာအောင် ကြိုးစားမှုမျိုးသာ ရှိခဲ့ပါတယ်။ ယမန်နှစ် ဇူလိုင်လမှာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဖြစ်သူကို စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးခဲ့ပါတယ်။ သို့ပေမယ့် အဲဒီတွေ့ဆုံမှုက ထူးခြားတဲ့အကျိုးရလာဒ်တစုံတရာတော့ ပေါ်ထွက်လာတာမရှိပဲ၊ မေလရွေးကောက်ပွဲပြီးလအတန်ကြာမှာ သက်ဆင်ရဲ့သမီးဖြစ်သူဦးဆောင် တဲ့ပါတီကအစိုးရဖြစ်လာခဲ့တာပါ။ ဒီလိုအရပ်သားအစိုးရဖွဲ့စည်းခဲ့ပြီးနောက် ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ ပထမဆုံးလုပ်ဆောင်မှုလို့ဆိုရင် အခု လူသားချင်းစာနာမှု ရှေ့ပြေးအကူအညီ ပေး အပ်တဲ့ အစီအစဥ်ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်ကိ ဆန့်ကျင်သူအများဆုံးခိုလှုံနေထိုင်နေကြတဲ့ ထိုင်းနိုင်ငံ အနေနဲ့ အခုလိုရှေ့ပြေးအကူအညီပေးရာမှာ တဖက်အဖွဲ့အစည်းအဖြစ် စစ်ကောင်စီအစိုးရ လက် အောက်က မြန်မာနိုင်ငံကြက်ခြေနီအသင်း MRCS နဲ့ ဆက်သွယ်လုပ်ဆောင်တာကို ဝေဖန်ပြောဆိုကြတာ ရှိသလို၊ ထိုင်းနိုင်ငံအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးအပ်ရာမှာ အမျိုးသားညီ ညွတ်ရေးအစိုးရရဲ့ ဝန်ကြီးဌာနလို၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေလိုမျိုးနဲ့ ထိတွေ့ဆက်ဆံသင့်တယ်ဆိုတဲ့ဝေဖန်ချက်တွေလည်း ယခင်လတွေကတည်းက ရှိနေခဲ့တာပါ။ အဲလို မဟုတ်ခဲ့ရင် ထိုင်းနိုင်ငံကပေးအပ်တဲ့အကူအညီတွေက အမှန်တကယ်လိုအပ်တဲ့ သူတွေဆီ၊ အမှန်တကယ် စစ်ဘေးရှောင်သူတွေဆီ ရောက်ရှိနိုင်ပါ့မလားဆိုတဲ့စိုးရိမ်မှုတွေရှိနေခဲ့တာပါဖြစ်ပါတယ်။ 

အခု သတင်းထုတ်ပြန်ချက်တွေရေးသားချက်တွေအရ ပထမဆုံးအသုတ်အကူအညီအနေနဲ့ လူဦး ရေ ၂ သောင်းစာအတွက် အစားအသောက်ရိက္ခာနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို ကရင် ပြည်နယ်ထဲက နေရာ ၃ နေရာမှာ ပေးဝေဖို့ စီစဥ်ထားတဲ့သဘောလို့ သိရပါတယ်။ ကော့ကရိတ်မြို့နယ်ထဲက နဘူးကျေးရွာ ၊ ဖားအံ ခရိုင်ထဲက ပိုင်ကျုံနဲ့ သာမညဒေသတွေက စစ်ဘေးရှောင်တွေကိုပေးအပ်မယ်လို့သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ နဘူးကျေးရွာက ကော့ကရိတ်မြို့နယ်ထဲက စစ်ဘေးရှောင်တွေတိမ်းရှောင်နေထိုင်ကြတဲ့ကျေးရွာတရွာဖြစ်ပြီး ပိုင်ကျုံက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ထဲက ကျေးရွာတရွာ ဖြစ်ပါတယ်။ သာမည ကတော့ အိန္ဒကျေးရွာအနီး ဘားအံ-ကော့ကရိတ် ကားလမ်းနဘေးမှာ ရှိတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံထံမှလက်ခံရယူပြီး စစ်ဘေးရှောင်တွေကိုဝေငှပေးဖို့တာဝန်ယူထားတဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဟာ နိုင်ငံရေးအရ လွတ်လပ်တဲ့အဖွဲ့အစည်းတရပ်မဟုတ်တဲ့အပေါ် ဝေဖန်မှုတွေရှိနေပေမယ့် ထိုင်းအစိုးရအနေနဲ့တော့ အခုလို စစ်ကောင်စီနဲ့ အစိုးရချင်းစကားပြောဆိုပြီး ပေးပို့တဲ့အကူအညီကို လွတ်လပ်တဲ့အဖွဲ့အစည်းလိုမျိုးကတဆင့်ကူညီခွင့်ရဖို့ စစ်ကောင်စီဘက်က ခွင့်ပြုခြင်းမရှိတာကြောင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ဆက်သွယ်ဆောင်ရွက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းဟာ အပြင်ပန်းကြည့်မယ်ဆိုရင်တော့ သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းတခုလို့ ယူဆရပေမယ့် ကြက်ခြေနီအသင်းရဲ့ ဒါရိုက်တာအဖွဲ့ဝင်၊ ဥက္ကဋ္ဌတို့လိုကိုခန့်အပ်ရာမှာ အစိုးရအနေနဲ့ဝင်ရောက်စွက်ဖက်လေ့ရှိပြီး အာဏာရအစိုးရက သဘောတူထောက်ခံတဲ့ အစိုးရ ဝန်ထမ်းဟောင်းတွေက ဒါရိုက်တာအဖွဲ့ဝင်အဖြစ်ခန့်အပ်ပြီး အာ ဏာရအစိုးရရဲ့ မူဝါဒတွေကို ဘယ်သောအခါမှ ဆန့်ကျင်လုပ်ဆောင်လေ့မရှိတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် လွတ်လပ်တဲ့ အဖွဲ့အစည်းတခုတော့ မဟုတ်တာ အမှန်ပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အနေနဲ့ မြန်မာ့အရေးမှာ ထိုင်းစစ်တပ်က မြန်မာစစ်ကောင်စီနဲ့ ရင်းနှီးတဲ့ ၂ ဖက်ဆက်ဆံရေး ရှိသလို၊ ထိုင်း နိုင်ငံရေးပါတီတွေအထဲမှာလည်း မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို စာနာတဲ့ MFP ပါတီလို နိုင်ငံရေးပါတီတွေရှိတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံကိုယ်၌က စစ်တပ်ရဲ့ သြဇာ၊ အကျိုးစီးပွားတွေကိုအတိုင်းအတာတခုထိ ထည့်သွင်းစဥ်းစားပြီး မူဝါဒတွေလက်တွေ့ကျင့်သုံးမှုတွေ လုပ် ဆောင်နေတဲ့ နိုင်ငံဖြစ်လို့ မြန်မာဒီမိုကရေစီအရေးကို ဆန့်ကျင် လုပ်ဆောင်နေတဲ့ အိမ်နီးချင်း နိုင်ငံမဟုတ်သလို မြန်မာ့ အတိုက်အခံတွေကို ပွင့်ပွင့်လင်းလင်း ထောက်ခံမယ့် အလားအလာလည်း မျှော်လင့်လို့မရပါဘူး။ 

အခုလူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဥ်ဟာ ထိုင်းအစိုးရသစ်ရဲ့  မြန်မာ့အရေးနဲ့ပတ်သက်လို့ စတင်လုပ်ဆောင်မှု တခု၊ မြန်မာနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့က ချမှတ်ထားတဲ့ သဘောတူညီမူ ၅ ချက်ထဲက တချက်လည်း ဖြစ်လို့ ထိုင်းနိုင်ငံရဲ့ နိင်ငံရေး ပုံရိပ်အတွက်ရည်ရွယ် လုပ်ဆောင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခုလို လူသားချင်းစာနာမှု အကူအညီပေးမယ့် အစီအစဥ်နဲ့ ပတ်သက်ပြီး ယခင်လတွေတုန်းက ဒါဗို့စ် အစည်းအဝေးလိုမျိုး၊ အမေရိကန်နိုင်ငံ ဝါရှင်တန်မှာ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ တွေ့ဆုံစဥ် လိုမျိုးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တင်ပြခဲ့ပြီး ထောက်ခံအားပေးမှု ရထားတဲ့ အစီအစဥ် တခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာတော့ လက်နက်ကိုင် ပဋိပက္ခတွေအကြား လူသားချင်းစာနာမှု အကူအညီအရေးတကြီး လိုအပ်နေတဲ့ ဒေသတွေများစွာရှိနေပေမယ့် ဝင်ရောက်ခွင့်၊ ပေးဝေခွင့် အကန့်အသတ်တွေ ရှိနေတာကြောင့် စစ်ကိုင်း၊ ရခိုင်၊ ကရင်နီ၊ ရှမ်းပြည်နယ်၊ နဲ့ ကချင်ပြည်နယ်တို့လို ဒေသတွေမှာ ဘယ်နိုင်ငံတကာအဖွဲ့အစည်းမှ အကူအညီ ပေးခွင့်မရတဲ့ စစ်ဘေးရှောင်တွေ အများအပြားရှိနေဆဲ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် နောက်ပိုင်း ဖြစ်ပွားလာတဲ့ လက်နက်ကိုင် တိုက်ပွဲတွေက နိုင်ငံရေးအရ နယ်မြေသိမ်းပြီး အုပ်ချုပ်ရေးထူထောင်နိုင်ဖို့ အထိ ရည်ရွယ်တဲ့ နယ်မြေသိမ်းယူရေး တိုက်ပွဲတွေ ဖြစ်ပြီး ၂၀၂၁ မတိုင်ခင် ဆယ်စုနှစ်တွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အလားသဏ္ဍာန်မတူပဲ မြို့တွေရွာတွေ ပျက်စီးမှု ပိုမိုများပြားတာ၊ အရပ်သားအသက်ဆုံးရှုံးမှု များပြားတာ၊ နေအိမ် နဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးမှုများတာတွေက ထူးခြားတဲ့ ဝိသေသ လက္ခဏာတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

ယခင်ကာလတွေတုန်းက လက်နက်ကိုင် တိုက်ပွဲတွေလို ပွင့်လင်းရာသီတွေမှာ တိုက်ပွဲဖြစ်ပွားပြီး မိုးရာသီလိုမျိုးမှာ တဖက်နဲ့တဖက် ပြင်းပြင်းထန်ထန် မတိုက်ခိုက်ကြပဲ အခြေချ ထိန်းချုပ်ထားရာ နေရာတွေမှာသာ နေနေကြတဲ့ သဘောမျိုးလည်း မဟုတ်ကြတော့ပဲ မိုးရာသီတရာသီလုံးမှာလည်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေလေ့ရှိတာတွေ့ရမှာပါ။ အခု လက်နက်ကိုင် ပဋိပက္ခတွေက အဆုံးအဖြတ် သဘောကို ဆောင်တဲ့ တိုက်ပွဲတွေအဖြစ် ၂ ဖက်လုံးက ယူဆနေကြပြီး အရပ်သား တွေရဲ့ စစ်ဘေးတိမ်းရှောင်ခွင့် အကူအညီရယူခွင့်၊ ပိုင်ဆိုင်မှုစတာတွေကို အလေးမထားကြတော့တာကြောင့် မြန်မာ့သမိုင်းမှာ စစ်ဘေးရှောင် အရေအတွက် အများဆုံးကာလ အဖြစ်လည်း ရောက်ရှိလာနေတာဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar