Breaking News

မောင်ဘဦး - လူသတ် မီးရှို့ဘေးရှောင် အညာသူအညာသားများ

မောင်ဘဦး - လူသတ် မီးရှို့ဘေးရှောင် အညာသူအညာသားများ

(မိုးမခ) မတ် ၂၉ ၊ ၂၀၂၄

ရွှေမြန်မာ နေရာဒေသအသီးသီးတွင် ဒုက္ခသည် ရက်ဖျူဂျီတို့ကား ဝတ်ပြုဆုတောင်းဘုရားကျောင်း, ဇရပ်တန်ဆောင်း ဘုန်းကြီးကျောင်း စသည်တို့၌ လည်းကောင်း၊ ကျူးကျော်ရပ် ကွက်,တောတောင်မြေလွတ်တောတိုက်, စသည်တို့၌၎င်း၊ မိဘဆွေမျိုးအိမ်တို့၌၎င်း၊ အချို့မှာ နေအိမ်ငှားရန်း၍ ၎င်း၊ ဆင်းရဲဒုက္ခမျိုးစုံတို့ဖြင့် ခက်ခဲပင်ပန်းစွာ နေထိုင်ကြရရှာသည်မှာ ၃-နှစ် ၃-မိုးမျှ ကြာခဲ့လေပြီ။

ထိုထိုတို့တွင်၊ အစောဆုံးကနဦး ဒုက္ခသည်ရက်ဖျူဂျီတို့ကား စီဒီအမ် ဝန်ထမ်းများပေတည်း။ ထို့ပြင်တဝ၊ ရွေးကောက်ခံ ကိုယ်စားလှယ် မိသားစုများ၊ အနိုင်ရပါတီကြီး၏ မြို့နယ်,တိုင်း,ခရိုင် ဦးစီးခေါင်းကိုင် ထိပ်တန်းပုဂ္ဂိုလ်များ၊ လွတ်မြောက်နယ်မြေရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိရာသို့ စစ်သင်တန်း သွားရောက်တက်ကြသူ လူငယ်'ဂျီ-ဇက်'တို့၏ မိသားစုဝင်များတို့သည်လည်း အစောဆုံး ကနဦးထဲ၌ ပါဝင်ကြလေ၏။

   သည်က နောက်ပိုင်းတွင် စစ်ပွဲဖြစ်ပွားရာဒေသတို့၌ စစ်ဘေးရှောင်ဒုက္ခသည်များ ထပ်မံတိုးပွား လာလေ၏။ ဖက်ဆစ်ထက်ပင် ဆိုးရွားလှသော စခတို့မှာ၊ စာသင်ကျောင်း ဘုန်းကြီးကျောင်း ဆေးပေးခန်းစသည်တို့ကိုလည်း မဆီမဆိုင် ဗုံးကြဲချလေသဖြင့် နေရပ်စွန့်ခွာများပါ များပြား၍လာလေ ၏။

   ထိုစဉ်တုန်းကတော့ အဆိုတော်သန်းထွန်းလေး၏ 'မွေးဌာနီ(အီးဟီဟီ) အညာရပ်ဆီရို့'မှာတော့ စစ်ပွဲဟူ၍ မရှိ။ နန်းမောင်း, ပျူမောင်း, အုတ်ခဲမောင်း, မိုင်းဆွဲလေးတော့ဖြင့် တခါတရံ ရှိတတ်ပါ၏။ ပီအက်စ်အိုင်, အင်တာနက်လိုင်းလေး ဖွင့်ကြည့်လိုက်၊ လ္ဘက်ရည်ဆိုင်တွင် 'ဘယ်မှာတော့ ဘယ်လိုချကုန်ပြီကွ, ဘယ်မှာတော့ ဘယ်လို ဆော်ကုန်ပြီကွ' ဖေါက်သည်ချလိုက်၊ 'ဪ ခမျာများ ဒီလိုပြေးရှာကြရတာ ကိုး' သံဝေဂ တိုးလိုက်။ အလှူ,မင်္ဂလာဆောင်, မွေးနေ့ပွဲလေးတွေ လုပ်လိုက်။ ဘုရားပွဲကျောင်းပွဲ သံဃဒါန ဆွမ်းလောင်းပွဲလေး ဖေါ်လိုက်။ တခါတရံ နယ်မြေလုံခြုံရေးဆိုလား စိုးမိုးရေးဆိုလား၊ စစ်ကြောင်းလေး ထိုးလျှင်တော့ ရွာမှထွက်၍ ခေတ္တခဏ ရှောင်ကြပုန်းကြ။ 'ပြန်သွားကြပြီဟ' ဆိုလျှင် ကိုယ့်အိမ်ကိုယ့်ရွာ ပြန်၍လာ။ ညီလေးတို့ရွာ သာသာယာယာ ဖြစ်ပါလေ၏။

   ကျေးရွာပကဖ,ပအဖ ဖွဲ့ကြမည်ဆိုတော့လည်း အပိုအလုပ်တွေပဲဟု ထင်သူကထင်၊ အခြေခံစစ်ပညာသင်တန်းသို့ ကိုယ့်သားသမီးမြေးမြစ် မတက်စေချင်၊ သင်တန်းတက်သူတို့နှင့်ပင် မပေါင်းစေချင်။ မန္တလေး-ရန်ကုန်တခွင် ဝပ်ရှော့ပညာ,ဖုန်းပညာ သွား၍သင်ချေ၊ စေလွှတ်ကြလေသည်။

    ယခုတော့မူ၊ စကစမှ စစ်ကြောင်းထိုးပြီဆိုလျှင် လူသတ်၏။ ရွာကို မီးရှိူ့၏။ နေအိမ်ပြာပုံဘဝသို့ ရောက်ရှိကြ၍ ရှောင်တိမ်းလာကြသူများ မှာ တစ်ကြိမ်မီးရှိူ့တစ်ကြိမ်တိုး၊ နောက်တစ်ကြိမ်ထပ်ရှိူ့ နောက်တစ်ကြိမ် တိုး၊ 'မအလ-ကုန်ဈေးနှုန်းမျိုး'ပမာ နေ့ရောညပါ တိုးပွား၍သာ လာလေ၏။ လျှိုမြှောင်စိမ့်စမ်းနဲပါးသော အညာမြေပြန့်လွင်ပြင် ဖြစ်ရကား၊ ဒုက္ခသည်များခမျာ တောထဲတောင်ထဲ၌ မဟုတ်မူ၍ နေရာကျယ်ပြီး အဆောက်အဦများရာ, သောက်ရေသုံးရေပေါများရာ, ကျောင်းကန်ဘုရားတို့၌သာ စုဝေးကြရရှာလေ၏။ လာရောက်နေထိုင်ကြသူများကိုလည်း အချို့ကျောင်းများက ထ္မင်းဟင်း ချက်ပြုတ်ကျွေးမွေး၏။ အချို့ ဆန်ဆီစသည် ပေးဝေငှ၏။

   ဤသို့ဤနှယ် အညာဘုန်းကြီးကျောင်း,ဘုရားဝင်းအတွင်းတို့၌ဝယ်၊ သဘာဝဘေးဒဏ်ကြောင့် မဟုတ်မူ၍၊ ဘာစစ်ပွဲ,ဘာတိုက်ပွဲမျှ မရှိလေပဲ အကြမ်းဖက်စခတို့၏ အကြောင်းမဲ့သက်သက် မီးရှိူ့သည့်အထဲ ပါသွားရှာကြသော အိုမဲ့အိမ်မဲ့များအပြင်၊ ပခ,ရခ,စခတို့၏ တစ်ကြိမ်တစ်ခါသာမက အကြိမ်ကြိမ် အခေါက်ခေါက်အခါခါ ဝင်ရောက်မီးရှိူ့ သတ်ဖြတ်လျှက်ရှိနေခြင်းကြောင့်၊ ယခုတစ်ကြိမ် မီးထဲမပါသေးငြား အချိန်မရွေးဝင်ရောက်မီးရှိူ့သတ်ဖြတ်ခံရမည်ကို ကြောက်လန့်ရှောင်ရှားလာကြသည့် 'လူသတ်မီးရှိူ့ဘေးရှောင်' တို့ဖြင့် ပွဲတော်ကြီးတမျှ ကြိတ်ကြိတ်တိုး စည်ကားနေလေ၏။

   စစ်ပွဲမရှိ၍ 'စစ်ဘေးရှောင်'ဟု ဆိုနှိုင်မည်မထင်။ စခများ ရွာမှ ပြန်လည်ထွက်သွားချိန်တွင်၊ နံနက်ပိုင်း ရွာ ခဏပြန်၊ နေအိမ်လေး ဝင်ကြည့်၊ ယာခင်းသို့သွား၊ ညနေပိုင်း ဘုန်းကြီးကျောင်းသို့ သွားအိပ်ကြသဖြင့် 'နေရပ်စွန့်ခွာ'ဟူ၍လည်း ဆို၍မရ။ သည့်အတွက် 'လူသတ်မီးရှိူ့ဘေးရှောင်' အညာသူ အညာသားများဟုသာ ဆိုရပါလေ၏။

   'မိုးနှောင်း'ကား တပေါင်းလမပြည့်ခင်လေး၌ပင်လျှင် အညာသူအညာသားတို့အား ကောင်း ကောင်းကြီး နှိပ်စက်လေပြီ။

   ဘုရားပရဝုဏ် စောင်းတန်းအတွင်း၌ သက်ကြီးရွယ်အို ဂီလာန အဖိုးအဖွားတို့မှာ သနားငဲ့ညှာ မျှဝေသမှူပြုထားသော ခြုံစောင်လေးများဖြင့် ကွေးကာ၊ မီးရှိူ့မခံရသေးပါက မီးဘေးအန္တရာယ် ကာကွယ်စေသည့် ဝဋ္ဋပရိတ်တော်ကို အကြိမ်ကြိမ်အဖန်ဖန် ရေရွတ်ရင်း ငြိမ်သက်စွာ လဲလျောင်းနေရှာကြရှာငြား၊ လူငယ်'ကာလသား'များ၊ သက်လတ်, အသက်မကြီးတကြီး ယောက်ျားကြီးအုပ်စု လေးငါးခြောက်ခုတို့မှာကား ဟိုနားတစ်သိုက် သည်နားတစ်သိုက် ဝိုင်းဖွဲ့ကာ 'ကောချ'ခြင်းအမှူကို ပြုလျှက် ရှိကြလေ၏။ တနည်းအားဖြင့် လူသတ်မီးရှိူ့ဘေးရှောင် အညာသူအညာသားများ၏ အသံ၊ တနည်းအားဖြင့်လည်း ပကတိအရှိ မြေပြင်ဒေတာ ဖြစ်ပါလေသတည်း။

"... ဝေလီဝေလင်း ကြက်သွန်ခင်းအောင်ရေသွင်းအသွားမယ် တည့်တည့်ကြီးတိုးတော့ အမိခံလိုက်ရတာပေါ့ဗျာ...။"

"... ဘာ လှည့်ကြည့်တာတုန်း၊ မုဒိန်းကျင့်ပြီး သတ်ပစ်လိုက်ရမလား ဆိုတော့ ကျုပ်တို့ရှေ့က 'မနီမ'ကြီး တုန်သွားသဗျ၊ တော်သေးတယ်၊ သူတို့ကို ကျောင်းထဲတင် ပြန်လွှတ်ပေးလိုက်ပြီး ကျုပ်တို့ကိုတော့ ဆက်ခေါ်သွားတယ်ဗျ။ ကားလမ်းတို့ လှည်းလမ်းတို့ လူသွားလမ်းတို့ကနေ မသွားရဘူး။ ကြက်သွန်ခင်းတွေထဲက ဖြတ်သွားကြရတာ...။"

"... ကျုပ်ကတော့ ခင်ဗျားတို့ရွာ ခွေးတွေဝင်သယ် ကြားပါရဲ့၊ မီးရှိူ့သယ်လည်းကြားပါရဲ့။ ခါတိုင်း ကျုပ်တို့ရွာဖက်ဆီ ကူးမလာလို့ ဒီတခါလည်း မလာပေဘူးထင်သာ။ တဒိုင်းဒိုင်းပစ်ခတ်ပြီး ဗြုန်း စားကြီး ရောက်လာတော့ အိမ်ထဲမှာတင် ပိတ်မိနေပါလေရော။ အိမ်ထဲ ဝါးကြမ်းစင်အောက် အသာပုန်းနေရသာဗျ။ မီးရှိူ့တဲ့အဖွဲ့က အပြာရောင်ဘောင်းဘီအတိုတွေနဲ့။ ဆောင်းဘောက်နဲ့ သီချင်းတွေ ဖွင့်သွားကြသယ်။ ရှေ့ဆုံးက ရွှေရှာသလိုမျိုး 'ဂျီဂျီ-ဂျီဂျီ'နဲ့ဗျ။ ကျုပ်က အိမ်ထဲကပ်ပေါက်ကနေ ချောင်းကြည့်နေသာ။ ပြီးတော့ ပြောသွားသေးသယ်၊ 'ဒီချောင်က အိမ်ကြီး အိမ်ကောင်း မရှိဘူး၊ ရှိူ့မနေနဲ့၊ အဆီအသား မပါပါဘူးကွာ၊ သွားကြစို့'ဆိုပြီး ပြန်လှည့်အသွား၊ ကျုပ်လည်း အိမ်နောက်ဖေးကနေ ထွက်ပြေးလာခဲ့သာဗျ။ ကျုပ်တို့ထန်းသမားကွက်သစ်မှာက အိမ် ကြီးအိမ်ကောင်းမရှိဘူးလေ။ ခြံဝင်းကလည်း ပဲစဉ်းငုံရိုးတို့ ထန်းပလပ်တို့ကို စည်းရိုးလုပ်ထားတဲ့အိမ်ချည်းပဲ...။"

"... ဟိုဖက် ရွာတွေဆီတော့ တဲပုတ်ကစ တစ်ရွာလုံး အကုန်ရှိူ့သွားတာပါ ဗျာ။ သူရို့သဘောပါ။ 'အမိန့်'ကလည်း 'အမိန့်'ပေါ့...။"

"... ဒီခွေးတွေက အင်အားမှ ၃-၄၀၊ အလွန်ဆုံးရှိလှ ၅၀-ပါဗျာ။ ဒင်းတို့ဝင်လာချိန်မှာ ရွာပကဖတွေ ဘယ်သွားမူးနေကြလဲ မသိပါဘူး။ ဘာသတင်းမှလည်း မေးလို့မရဘူး။ နှုတ်ခမ်းနီလေးတစ်တောင့်, မိုင်းလေးတစ်လုံးတောင် ပစ်သံ ကွဲသံ မကြားရပါဘူး။ ရံပုံငွေသာ ပုံမှန် ထည့်နေရသာ။ မီးငြိမ်းဖို့တောင် ဦးဇင်းတွေရဲ့နောက်မှ ရောက်လာကြသာ..။ ခါတိုင်းများဖြင့် ဗျာ၊ သေနတ်ကြီးတကားကားနဲ့ လမ်းသလားနေလိုက်ကြသာ။ ညတိုင်များ သေနတ်စမ်းပစ်ကြလို့ လန့်လန့်ရှိသေး။ ပြီးတော့ ရွာမှာ အတိုင်အတောသာမခံရစေနဲ့ဗျ။ ရံပုံငွေ ၁၅သိန်း,သိန်း၂၀ ဒဏ်ရိုက်ခံရမှာ။ ခုလို အရေးအကြောင်းမျိုး ကျတော့ ကြက်ပျောက်ငှက်ပျောက်...။"

"... ဟုတ်ပ။ ရွာပကဖ ဆီကဖြင့် ဘာခွေးသတင်းမှ မေးလို့မရပါဘူး။ သူတို့မိသားစု, သူတို့ဆွေမျိုးတွေ၊ ရံပုံငွေများများလှူတဲ့ ချဲဒိုင်ကြီးတွေ၊ ဓါတ်ဆီဆိုင်တွေ။ သူတို့ပြေးတာမြင်ရင် လိုက်ပြေး၊ သူတို့ပြန်တာမြင်ရင် လိုက်ပြန်၊ ဒါပါပဲဗျာ...။"

"... ကိုင်း၊ ရွာနာမှာစိုးတဲ့သူတွေ ဘယ့်နှယ်ရှိစ...။ ရွားနားတော့ မလုပ်ကြပါနဲ့၊ မိုင်းမဆွဲကြပါနဲ့၊ ရွာနာမှာစိုးလို့ပါဆို။ အခုတော့ ဘာမှမလုပ်လည်း မီးရှို့သွားတာပဲမို့လား...။ ကျုပ်တို့ရွာမှာ ၁၅ကြိမ် ခွေးတွေဝင်တယ်ဗျာ။ ၅ ကြိမ် မီးရှို့ခံရတယ်...။ ဝင်တဲ့ ၁၅ ကြိမ်လုံး ဒီတိုင်း ထိုင်ကြည့်နေရတာပဲ...။"

"... မောင်းပြန်မှ မရှိတာ ဗျာ။ သွားလုပ်-သေကုန် မှာပေါ့။"

"... မဟုတ်သေးဘူးဗျ။ မြို့နယ်ပကဖကိုက မလုပ်ရတာ။ အဲ့သည်နေ့က ကျုပ်ကလေးတွေမှာက ကျည် ၂၀၀ ကျော်ပါတယ်။ ဒါ- ကားပေါ်မှာ နော်။ (ရင်ဘတ်၊ ခါးနှစ်ဖက်ကို ပုတ်ပြရင်း) ဒါတွေ မပါသေးဘူး။ ပွဲက,ချင်တာမှ တကဲကဲ။ မလုပ်နဲ့ဆို့လို့ ဗျ။ အဲသည်တုန်းက ကလေးတွေနားမှာ ကျုပ်လည်း ရှိနေတယ်ဗျ...။"

"... စကားမစပ်၊ မင့်သားနဲ့သမီး မြို့မသွားစေနဲ့တော့။ 'စစ်မှုထမ်း'နဲ့ တွေ့သွားလိမ့်မယ်။ မြို့မယ် ရပ်ကွက်တွေ ရပ်ကွက်တွေထဲ ဝင်ဝင်ကုပ်သွားတာ များလှပြီတဲ့ ...။"

"...အိမ်နေတော့ကော လွတ်မတဲ့လားကွာ။ ငါ့ယောက်ဖရွာဘက်ဆီတော့ စာရင်းနဲ့လာတာ တဲ့။ ရန်ကုန်အောက်ပိုင်းများ မဲပေါက်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့သူနဲ့...။"

"... ဒို့သားကတော့ 'မလေး'ရောက်နေလို့ ငွေလွှဲတာ မလွှဲတာ အသာထား၊ စိတ်ချမ်းသာတာပဲ ...။"

"... ဟိုကောင်တွေအဖွဲ့က အလိမ်ခံလိုက်ရလို့၊ 'မလေး' မဟုတ်တော့ဘူး၊ အိုက်ဇော မယ်...။ သိန်း ၄၀ လောက် ပြုတ်သွားတယ်...။"

"...မင့်အခင်း(ကြက်သွန်ခင်း) လှထာကွာ။ ဈေးမရလို့သာ။ 'ကာလ'ကလည်း တယ်မကောင်းလို့။ နို့မို့ လှောင်လိုက်ရင် သေချာပေါက်ကြီး ပေါ့ကွာ...။"

"... ဒီခေတ်ကြီးထဲ လှောင်ရဲပေါင်ဗျာ။ နဲတယ်တောင် ပြောလိမ့်ဦး။ အလုပ်သမား အဆင်သင့်တာနဲ့ ဖော်ဖော်-ရောင်းရောင်း ရောင်းရမှာပဲ။"

"... ပဲစင်းငုံ ဘယ်လောက်ပါသွားလဲ?၊ ဘာရလိုက်သေးတုံး...။"

"... လေးဆယ့်ရှစ်။ မီးထဲ အကုန်ပါရော...၊ ဘာမှ မရလိုက်ပါဘူးဗျာ။"

"... ခုတင်တွေ ဘီရိုတွေ၊ မပို့သေးဘူးလား။ ငါတော့ ပို့ထားလိုက်ပြီ။" "... မခွေးမအိမ်က ဆိုလာပြားကြီး ဘယ်သူ့လက်ချက်မိသွားလဲ မသိပါဘူး။ မနေ့က ယာလယ်ပြန် ဝင်ကြည့်တော့ မရှိတော့ဘူး...။"

"... ဒွေးလှ သမီးတွေကတော့ 'အိုက်ဇော' တက်ကုန်ကြပြီဗျို့။ 'မဏိပူ'က အခြေအနေ မကောင်းဘူးတဲ့။ ဖမ်းပြီးထောင်ချသတဲ့။ သူရို့အဖွဲ့ မှန်လုံတစ်စီးစာ အပြည့်ပဲ။ သွားကုန်ကြပြီ။ ဟုတ်တယ်လေ။ မီးထဲ ပါသွားမှတော့ နောက်ထပ် ဆောက်စရာ ရှာထားကြရဦးမှာပေါ့...။"

"... ရွာ မီးလောင်အိမ်ခြေနဲ့ မီးဘေးသင့်မိသားစုစာရင်းကို အလွတ်အာဂုံဆောင်ထားကြဗျ၊ နော်။ တစ်ယောက် တစ်မျိုး ပြောနေရင် မကောင်းဘူး။ ဖိုးခတို့က ယောက္ခမအိမ် ဇောင်းသွယ်နေရတာမို့ ထည့်ရတာ။ ခေါင်းဆောင်ညီမ မယ်စီတို့ကတော့ ရေမိတ်လေး မီးခိုးရှပ်သွားလို့ နေအိမ် မီးလောင် တစ်လုံး တိုးထားတယ်...။"

"... ဒီအပတ် 'အပူးအခွ'နော်။ လုံးပိုင်နဲ့ ဘရိတ် ရလို့ကတော့ တစ်ပေါက်ထဲပဲ...။ မောင်းပြန်ဘိုးလေး ထိုးချင်ထိုးထားကြ ...။"

"... မောင်းပြန်က အလုပ်မဖြစ်လောက်ပါဘူး။ သူတို့လည်း တကယ့်တကယ် ဝင်မလုံးရဲဘူး။ ဒရုန်းကမှ ပိုမိုက်တာ။ အဝေးထိန်းလည်း အဝေးထိန်း။ မြင်လည်း မြင်နေရတာ။ အဲ...၊ အဖိုး(ဈေး)ကလည်း အဖွားပဲဗျ...။"

သုခိတာ ဟောထ။ ချမ်းသာကြပါစေ။

မောင်ဘဦး (၈၅၊ ပေါင်းကျော် ၄)

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar