Breaking News

Temu လို တရုတ်အွန်လိုင်းကုမ္ပဏီများက အမေရိကန်ကို အခွန်မဆောင်ဘဲ စျေးရောင်းနေကြသည့် ဟာကွက် အမေရိကန်က ပိတ်ဆို့တော့မည်


Temu လို တရုတ်အွန်လိုင်းကုမ္ပဏီများက အမေရိကန်ကို အခွန်မဆောင်ဘဲ စျေးရောင်းနေကြသည့် ဟာကွက် အမေရိကန်က ပိတ်ဆို့တော့မည်

နိုင်ငံတကာသာဂိ၊ (မိုးမခ) မတ် ၂၉၊ ၂၀၂၄

Temu ကဲ့သို့သော နယ်စပ်ဖြတ်ကျော် e-commerce ကုမ္ပဏီများ သွင်းကုန်ခွန်မပေးဘဲ စီးပွားရှာနိုင်သည့် အမေရိကန်အစိုးရ၏အခွန်ဆိုင်ရာဟာကွက်ကို ပိတ်ရန် လွှတ်တော်က ကြိုးပမ်းနေတဲ့ သတင်းဖြစ်ပါသည်။

အွန်လိုင်းဈေးဝယ်ဆိုက် Temu သည်လွန်ခဲ့သောနှစ်နှစ်ခွဲက စပြီး အမေရိကန်တွင် လူကြိုက်အများဆုံး ဖြစ်လာသည်။ သူတို့ရဲ့ အားသာချက်က အလွန်ဈေးပေါခြင်းပါ။  အကြောင်းအရင်းမှာ အမေရိကန်၏ သွင်းကုန်အခွန်စည်းကြပ်မှုဆိုင်ရာ ဟာကွက်ကို အမြတ်ထုတ်ကြလို့ ဖြစ်သည်။ ၎င်းကို de minimis loophole ဟုခေါ်သည်။

De minimis ကွက်လပ်သည် ၁၉၃၀ ခုနှစ်များအတွင်းမှ ပေါ်ပေါက်လာသည်။ အပန်းဖြေခရီးထွက်နေသူက ပြည်ပကနေ  သင့်အိမ်ရှိ သူငယ်ချင်းများအားလုံးထံ လက်ဆောင်များ ဝယ်ပို့ပါက အကောက်ခွန်စာရွက်စာတမ်းများ တင်သွင်းရန် သို့မဟုတ် အခွန်ပေးဆောင်ရန် မလိုအပ်ပါ။

အချိန်ကြာလာသည်နှင့်အမျှ လူအများသည် အားလပ်ရက်ခရီး သို့မဟုတ် လုပ်ငန်းအတွက် အကြောင်းပြပြီး  အခွန်ကင်းလွတ်သော ပစ္စည်းများကို အမေရိကန်သို့  ဒေါ်လာအနည်းငယ်မျှသာ ကျသင့်ကြောင်း တင်ပြပြီး တင်သွင်းလာကြသည်။

၂၀၁၅ ခုနှစ်တွင် အမေရိကန်အမတ် Blumenauer သည် အခွန်များနှင့် ကုန်သွယ်မှုများကို ကိုင်တွယ်သည့် Ways and Means ကော်မတီတွင် ပါဝင်ခဲ့သည်။  လူတိုင်း ပို့နိုင်တဲ့ အခွန်ကင်းစင်သည့် ပစ္စည်းတွေကို ဒေါ်လာ ၂၀၀ ကနေ ဒေါ်လာ ၈၀၀ အထိ မြှင့်တင်ဖို့ မဲခွဲဆုံးဖြတ်ပြီးနောက် အွန်လိုင်း လက်လီရောင်းချမှုများ အဆမတတ် တိုးပွားလာပါတော့သည်။  အီး-ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများဖြစ်သည့်  - ရှိန်း၊ AliExpress၊ Wish၊ Temu - တို့သည် အနိမ့်ဆုံး ဈေးကန့်သတ်ချက်အောက်ကနေ ပစ္စည်းများစွာကို တခုစီ ထုပ်ပိုးပြီး တင်ပို့ခဲ့သည်။ အကောက်ခွန်ရှောင်ရန် ကုန်ကျစရိတ်များကို ဖြတ်တောက်ရန် နည်းလမ်းတစ်ခု ဖြစ်လာသည်။

ယခုနှစ်တွင် US မှာ အခွန်မဆောင်ဘဲ အကောက်ခွန်စာရွက်များ ကင်းလွတ်သော de minimis ဟာကွက်ကို အသုံးချပြီး ဝင်ရောက်လာသော ပက်ကေ့ဂျ်ပေါင်း ဘီလီယံနှင့်ချီ၍ ရောက်နေပြီဖြစ်ကြောင်း အဆိုပါအမတ် Blumenauer မှ ပြောကြားခဲ့သည်။ အကောက်ခွန်နဲ့ နယ်ခြားစစ်ဆေးရေးဂိတ်တွေမှာလည်း အလုပ်တွေ ပိုများလာတယ်။ အခွန်လည်း မကောက်နိုင်ကြဘူး။ စဉ်းစားကြည့်ပါ။ Eiffel Tower အရုပ်ပေါင်း 5,000 ကို တစုတည်း တထုပ်တည်းမလာဘဲ တထုပ်ချင်းထည့်ပြီး တခုစီလာတဲ့ ပုံစံမျိုးနဲ့ သွင်းလာတဲ့ သင်္ဘောကွန်တိန်နာကို စစ်ဆေးရတာ ဘယ်လောက် လက်ဝင်ပြီး အကျိုးလည်း မရှိဘူးလို့ ပြောလိုက်ပါသည်။  Blumenauer ၏ အဆိုအရ၊ သည်လိုမျိုး တင်သွင်းလာခြင်းကြောင့် တရားမဝင်ပစ္စည်းများ၊ အန္တရာယ်ပေးနိုင်သည့် အရာများကို မစစ်ဆေး မဖော်ထုတ်နိုင်ဘဲ လွတ်မြောက်သွားစေမည်မှာ သေချာသည်။ အံချော်နေသည်ဟု လွှတ်တော်အမတ်က ထောက်ပြသည်။ 

အခုတော့ Blumenauer က ဒီပစ္စည်းအများစုဟာ တရုတ်နိုင်ငံကတဆင့် ဝင်လာနေတယ်လို့ ပြောပြီး အထူးသဖြင့် တရုတ်နိုင်ငံက လာတဲ့ ပက်ကေ့ဂျ်တွေအတွက် de minimis ဟာကွက် ပိတ်နိုင်မယ့် ဥပဒေကြမ်းကို အမေရိကန် လွှတ်တော်သို့ တင်သွင်းလိုက်ပြီ ဖြစ်သည်။ အကယ်၍ ၎င်းသည် ဥပဒေဖြစ်လာပါက၊ Temu ကဲ့သို့သော ရောင်းချသူများသည် ပက်ကေ့ခ်ျတိုင်းတွင် ပါရှိသည်များကို အခွန်ဆောင်ရမည်ဖြစ်ပြီး ပစ္စည်းတိုင်းကို သက်ဆိုင်ရာ အခွန်အခများကို ပေးဆောင်ရမည်ဖြစ်သည်။ Blumenauer က ၎င်းသည် US ထုတ်လုပ်သူများနှင့် လက်လီရောင်းချသူများအတွက် တဖန်ညီမျှသော ဈေးကွက်ပြန်ဖြစ်လာပြီး တရားမဝင်သောအရာများကို အကောက်ခွန်ထားရန် ပိုမိုလွယ်ကူစေမည်ဟု ဆိုသည်။

ဒီတော့ Temu က တရုတ်ကနေ မသွင်းတော့ဘဲ ကနေဒါက Toronto နဲ့  မက္ကစီကို နိုင်ငံက Tijuana နယ်စပ်တွေမှာ ကုန်လှောင်ဂိုဒေါင်တွေ ထားပြီး အဲသည်ကနေ နယ်စပ်ဖြတ်ပြီး ခုနင်က ဟာကွက်ကို ပြန်သုံးလာရင် ဘယ်လိုလုပ်မလဲလို့ သတင်းထောက်က မေးတော့ -   BLUENAUER: လူတွေက ဒါကို တပတ်ရိုက်လို့  မရဘူးလို့ ပြောတာမဟုတ်ဘူး။ သူတို့အတွက် ပိုခက်စေတာကလည်း တချက်ပဲလို့ မှတ်ချက်ပေးသည်။

Temu ၏ ပြောရေးဆိုခွင့်ရှိသူက စားသုံးသူအကျိုးစီးပွားနှင့် ကိုက်ညီသည့် ဥပဒေမှန်သမျှကို ကြိုဆိုကြောင်း၊ ၎င်းတို့၏ စီးပွားရေးအမြတ်သည် de minimis ပေါ်လစီပေါ်တွင် မမူတည်ကြောင်း တုနပြန် ပြောကြားခဲ့သည်။ လွှတ်တော်အမတ် Blumenauer တစ်ယောက်တည်း သည်လို ဆောင်ရွက်နေရတာ မဟုတ်ပါဘူး။ ရီပတ်ဘလီကန်အမတ် Marco Rubio သည်လည်း အထက်လွှတ်တော်တွင် အလားတူ ဥပဒေကြမ်းကို ကမကထပြုပြီး ၎င်းတို့၏ ကြိုးပမ်းမှုများ အောင်မြင်ပါက တရုတ်နိုင်ငံမှ အခွန်ကင်းလွတ်သည့် တဖက်လှည့်လမ်းကြောင်းကို ပိတ်ဆို့နိုင်မည် ဖြစ်သည်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar