Breaking News

မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့နဲ့ စစ်ကောင်စီ ဆွေးနွေးပွဲရလဒ်

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၄ မြင်ကွင်း

(မိုးမခ) မတ် ၅၊ ၂၀၂၄


မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့နဲ့ စစ်ကောင်စီ ဆွေးနွေးပွဲရလဒ် 

၁၀၂၇ စစ်ဆင်ရေး လို့ အမည်ပေးထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက ညီနောင်မဟာမိတ် လက်နက်ကိုင် ၃ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနောက်မှာ စစ်ကောင်စီနဲ့ လက်နက်ကိုင် ၃ဖွဲ့တို့အကြား စတုတ္ထအကြိမ်မြောက်ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့မှာ ယခုလ ၁ ရက်နေ့ကနေ ၃ ရက်နေ့ထိ ကျင်းပခဲ့ကြပါတယ်။ ဟိုင်ဂင် သဘောတူညီချက်လို့ အမည်ပေးထားတဲ့ ဇန်နဝါရီ ၁၁ ရက် ယာယီအပစ်ရပ်စဲမှု သဘောတူညီခဲ့ကြတဲ့ နောက်ပိုင်း ထပ်မံဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ဖိအား တနည်းအားဖြင့် အကျိုးစီးပွားလည်း ပါဝင်နေတာ ရှင်းရှင်းလင်းလင်းတွေ့ ရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ဒီဆွေးနွေးပွဲတွေ ဖြစ်လာဖို့အတွက် အဓိကကျတဲ့ အခန်းကဏ္ဍမှာရှိနေပြီး စစ်ကောင်စီ အစိုးရရော ရှမ်းမြောက်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင် ၃ ဖွဲ့အနေနဲ့ပါ တရုတ်နိုင်ငံရဲ့ ဖိအားတွေကို မလွန်ဆန်နိုင်တဲ့ အနေအထားဖြစ်လို့ အခုလို ဆွေးနွေးပွဲတွေ ပေါ်ထွက်လာတာလို့ ဆိုနိုင်ပါတယ်။ တဖက်မှာလည်း တရုတ်နိုင်ငံကို အကြောင်းကြောင်းကြောင့် မှီခိုနေရသလို မိမိတို့အကျိုးစီးပွားတွေကိုလည်း ရပ်တည်ပြောဆို ဆွေးနွေးကြတာလို့ ဆိုရမှာဖြစ်ပါတယ်။ 

ယခင်ဆွေးနွေးပွဲတွေမှာတော့ ဆွေးနွေးပွဲရလဒ်ကို အဖွဲ့အသီးသီးက ထုတ်ဖေါ်အသိပေးခဲ့ကြပေမယ့် အခုတကြိမ်ဆွေးနွေးပွဲ ရလဒ်ကိုတော့ ယေဘုယျ ဆန်တဲ့ အချက်လောက်သာ အသိပေးကြပြီး ဘယ်လို အသေးစိတ် သဘောတူကြတယ် ဆိုတာတွေကို ထုတ်ဖေါ်ပြောဆိုခြင်းမပြုဖို့ ၂ ဖက်စလုံးက ကတိပြုထားကြတယ်လို့ ဆိုပါတယ်။ သို့ပေမယ့်ဆွေးနွေးပွဲ ပြီးနောက် ရက်တွေမှာပဲ တရုတ်ဘာသာ နဲ့ ရေးသားကြတဲ့ လူမှုကွန်ရက်တွေမှာ သဘောတူညီမှု အချက်တွေအနေနဲ့ ကိုးကန့်နဲ့ တအာင်းပလောင် လက်ကန်ကိုင် အဖွဲ့တွေ သိမ်းယူထားတဲ့ နယ်မြေတွေကို စစ်ကောင်စီက အထူးဒေသအဖြစ် အသိအမှတ်ပြုတယ် ဆိုတဲ့အချက်၊ လက်နက်ကိုင်တပ်တွေအနေနဲ့  ဆက်ပြီးနယ်မြေချဲ့ထွင်ခြင်း မပြုဖို့၊ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားထိခိုက်စေမယ့် လုပ်ဆောင်မှုတွေ မလုပ်ဖို့၊ နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်လှစ်ဖို့နဲ့ အခွန်ကောက်ခံရာမှာ နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က ၇၀ ရာနှုန်း၊ စစ်ကောင်စီဘက်က ၃၀ ရာနှုန်းခံစားခွင့် စတဲ့အချက်တွေကို သဘောတူညီကြတယ်ဆိုတဲ့ အချက်တွေက မတ်လ ၃ ရက်နေ့ ညပိုင်းလောက်မှာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၄ ရက်နေ့မှာတော့ AA လက်နက်ကိုင် အဖွဲ့နဲ့ စစ်ကောင်စီတို့ ဘက်က ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အကြမ်းဖျဥ်း အချက်တွေကို ထုတ်ဖေါ်ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ 

အထူးဒေသအဖြစ် အသိအမှတ်ပြုမှုဟာ MNDAA ကို ကိုးကန့်ဒေသရဲ့ အစိုးရ အဖြစ်အသိအမှတ်ပြုခြင်း မဟုတ်ကြောင်း၊ AA အနေနဲ့ ရှမ်းမြောက်မှာသာ စစ်ကောင်စီ နဲ့ အပစ်ရပ်တာဖြစ်ပြီး ရခိုင်ပြည်နယ် အကျုံးမဝင်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေး မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က အခွန်ရဲ့ ၇၀ ရာနှုန်း ခံစားခွင့် ရှိပြီး စစ်ကောင်စီက ၃၀ ရာနှုန်းခံစားခွင့်ရှိတယ် ဆိုတဲ့အချက် မမှန်ကန်ကြောင်း ငြင်းဆိုခဲ့ကြပါတယ်။ 

တရုတ်နိုင်ငံဘက်ကတော့ နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ်စေချင်တဲ့ အချက်က အငြင်းပွားစရာ မရှိတဲ့အချက်ဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ ၄င်းနဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက်မှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားမှာကို မလိုလားတော့ကြောင်း ထင်ရှားစွာ ပြသလိုက်တယ်လို့ ကောက်ချက်ချနိုင်တာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်ရဲ့ အရှေ့မြောက်မှာ ရှိတဲ့ ကိုးကန့်နယ်ကို အထူးဒေသအဖြစ် အသိအမှတ်ပြုထားတာ ၂၀၀၈ အခြေခံ ဥပဒေကို အတည်ပြုပြီး ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြီးကတည်းက ဖြစ်ပါတယ်။ အဆိုပါမတိုင်ခင်ကာလ ဗကပ ပြိုကွဲတဲ့ပြီးမကြာခင်မှာပင် ထိုစဥ်က စစ်အစိုးရနဲ့ သဘောတူမှုရကာ အပစ်ရပ်ခဲ့ကြတာ အထူးဒေသအဖြစ် အသိအမှတ်ပြုကာ အုပ်ချုပ်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ 

အထူးဒေသ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မည်သည့် စကားလုံး အသုံးအနှုန်း သုံးစွဲသည်ဖြစ်စေ၊ လက်ရှိ တိုက်ယူပြီး ထိန်းချုပ်ထားတဲ့ MNDAA လက်နက်ကိုင် အဖွဲ့ကို အစိုးရလို့ အသိအမှတ်ပြုသည် ဖြစ်စေ မပြုသည်ဖြစ်စေ၊ စစ်ကောင်စီအနေနဲ့ လက်ရှိအနေအထားမှာ ပြန်လည် သိမ်းယူနိုင်တဲ့ အခြေအနေမရှိဘဲ နောက်ထပ် နယ်မြေတွေ မဆုံးရှုံးအောင် နိုင်ငံရေးအရ ကျားကန်ဖို့ ကြိုးပမ်းနေရတာ ဖြစ်ပါတယ်။  အထူးဒေသအဖြစ် အသိအမှတ်ပြုခြင်း မပြုခြင်းဆိုတာတွေထက် ဒီနယ်မြေတွေမှာ စစ်ရေးအင်အား ဘယ်သူက အသာစီးရနေသလဲ ဆိုတဲ့ အချက်က လက်တွေ့ကျတဲ့ အဆုံးအဖြတ်တွေ ဖြစ်နေတာပါ။ AA အနေနဲ့လည်း ရှမ်းမြောက်မှာ အပစ်ရပ်သဘောတူထားပေမယ့် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အပြင်းအထန် တိုက်ခိုက်ပြီး လက်ရှိအနေအထားမှာ ရတဲ့အခွင့်အလမ်းကို အတတ်နိုင်ဆုံး အသုံးချပြီး ထိန်းချုပ်နယ်မြေ ပိုမိုရရှိအောင် တိုက်ခိုက်ရယူနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ တအန်းလက်နက်ကိုင် အဖွဲ့ ဖြစ်တဲ့ TNLA အနေနဲ့တော့ အောက်တိုဘာလ ၂၇ ရက်မှ ဇန်နဝါရီ ၁၁ ရက်အတွင်း တိုက်ခိုက်သိမ်းယူထားခဲ့တဲ့ နယ်မြေတွေကို ပြန်လက်မလွတ်ရအောင် စစ်ရေးရော နိုင်ငံရေးအရပါ အတတ်နိုင်ဆုံး ကြိုးစားမယ့် အနေအထားဖြစ်ပြီး တရုတ်နိုင်ငံကတော့ အခုလို လက်နက်ကိုင် ပြိုင်ဖက်တွေအကြား ၄င်းရဲ့ အကျိုးစီးပွားကို ဦးစားပေးပြီး မူဝါဒချကာ လုပ်ဆောင်မယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

ဒီနေရာမှာ အခုတကြိမ် ဆွေးနွေးပွဲက သဘောတူညီမှုရလဒ်ကို အသေးစိတ်က ထုတ်ပြန်ခြင်း မပြုဖို့ သဘောတူခဲ့ကြတာ ဘာကြောင့်လဲလို့ မေးစရာရှိလာတာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က အနေနဲ့ ကြည့်ရင် အရှုံးကို ရင်ဆိုင်ရတဲ့အနေအထားမှာ ၄င်းကို ထောက်ခံတဲ့သူတွေ၊ ၄င်းရဲ့ လက်နက်ကိုင်အဖွဲ့ထဲက သူတွေရဲ့အမြင်မှာ စစ်တပ်အနေနဲ့ အရှုံးကို ဝန်ခံလိုက်ရတဲ့ သဘော၊ ရန်သူကို အလျှော့ပေးလိုက်ရတဲ့ သဘောနဲ့ ဝေဖန် ပြစ်တင်မှုမျိုးကို ရှောင်လွှဲလိုတာ ဖြစ်ကောင်းဖြစ်နိုင်ပြီး မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့တော့ ၄င်းတို့ကို ထောက်ခံတဲ့သူတွေက ၄င်းတို့အပေါ်  ဝေဖန်ပြစ်တင်နိုင်တဲ့ အနေအထားနဲ့ အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ၄င်းတို့အပေါ် ဝေဖန်ပြစ်တင်မှုတွေကို ရှောင်ရှားလိုတဲ့ ရည်ရွယ်ချက်တွေ ရှိကောင်း ရှိနိုင်တယ်လို့ မှန်းဆရပါတယ်။ လက်ရှိ သိမ်းယူထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်မှာ အခြေစိုက်ကြတဲ့ အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြားမှာ ပဋိပက္ခဖြစ်ပွားနိုင်တဲ့ အနေအထား၊ ဝေဖန်မှုတွေကို ရှောင်လွှဲလိုကြတဲ့ အနေအထားမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ရှမ်းပြည်နယ် ပြင်ပ ချင်းပြည်နယ်တောင်ပိုင်းလို့ဆိုကြတဲ့ ပလက်ဝ ဒေသလို ကိစ္စမှာ AA အနေနဲ့ လက်ရှိအနေအထားမှာ ၄င်းတို့သာ ထိန်းသိမ်းထားမှာဖြစ်တဲ့အကြောင်း မတ်လ ၄ ရက်နေ့မှာ ထုတ်ပြောခဲ့ပြီး ချင်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ချင်းပြည်နယ်ရဲ့ အခြားသောဒေသတွေ လွတ်မြောက်အောင် အရင်လုပ်ဖို့ အာရုံစိုက်ပါဦးဆိုပြီး မတ်လ ၄ ရက်နေ့မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြောဆိုမှုက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ကောင်းမွန်တဲ့ ပြောဆိုမှုထက် နယ်မြေပိုင်ဆိုင်မှုတွေ နဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား မကြာခင်မှာ ပေါ်ထွက်လာနိုင်တဲ့ ပွတ်တိုက်မှုတွေကို တစွန်းတစ လှစ်ဟပြလိုက်သလိုလည်း ဖြစ်ပါတယ်။ 

ဒီနေရာမှာ ဘုံရန်သူ အင်အားနည်းလာသည် နှင့်အမျှ မဟာမိတ် အဖွဲ့အစည်းတွေ အချင်းချင်းအကြားမှာ မဟာမိတ်ဖြစ်တဲ့ အခြေခံမူတွေ ရှိထားဖို့ အရေးကြီးလာကြောင်းလည်း အခုဖြစ်စဥ်က မီးမောင်းထိုးပြသလိုက်တဲ့ သဘောဖြစ်ပါတယ်။ 

လူမျိုးနဲ့ ဒေသကို အခြေပြုပြီး အမျိုးသားရေးဝါဒကို ကိုင်စွဲခြင်း ၊ ဖိနှိပ်တဲ့စစ်အာဏာရှင် တပ်တွေ အင်အားစုတွေ စနစ်တွေကို တိုက်ထုတ်ရာမှာ စစ်ရေးအင်အားသည် အဓိကမရှိမဖြစ်လိုအပ်ခြင်း ဆိုတာတွေက လက်တွေ့မှာ ရှေ့တန်းရောက်နေပေမယ့် တည်ငြိမ်တဲ့၊ တန်းတူညီမျှမှုရှိတဲ့ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ပြည်ထောင်စုတခုကို မျှော်မှန်းကြရင်ဖြင့် အမျိုးသားရေးဝါဒ၊ စစ်ရေးအင်အားအဓိကဖြစ်ရေးတို့နဲ့သာ မလုံလောက်တာကိုလည်း သဘောပေါက်ကြရမယ့် အချိန်အခါ ဖြစ်ပါတော့တယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar