Breaking News

ဒေါ်အောင်ဆန်းစုကြည် ခြံလေလံ မအောင်၊ ဘူးသီးတောင်မြို့က စစ်ကောင်စီ စီစဥ်တဲ့ ဆန္ဒပြပွဲ

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၂၀ မြင်ကွင်း

(မိုးမခ) မတ် ၂၁၊ ၂၀၂၄

ဒေါ်အောင်ဆန်းစုကြည် ခြံလေလံ မအောင်၊ ဘူးသီးတောင်မြို့က စစ်ကောင်စီ စီစဥ်တဲ့ ဆန္ဒပြပွဲ

အမှုပေါင်း ဒါဇင်ချီ စွဲဆိုပြီး ထောင် နှစ် ၃၀ ကျော်ပြစ်ဒဏ်ချမှတ်ခံရကာ နေပြည်တော် အကျဥ်းထောင်မှာ ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မပေးပဲ ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမွေဆိုင် နေအိမ်နဲ့ခြံကို ခရိုင်တရားရုံးက ပထမဆုံးအကြိမ် လေလံတင်ရာမှာ လေလံဆွဲသူ ပေါ်ထွက်မလာဘဲ တရားရုံးက လေလံမအောင်မြင်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်က စတင်ခဲ့တဲ့ အမွေမှုဟာ ၂၀၁၆ ခုနှစ်မှာ တရားရုံးက အမွေဆိုင် နေအိမ်နဲ့ ခြံကို ခွဲဝေယူဖို့ အမိန့်ချမှတ်ရာမှာ ပင်မနေအိမ်ကို ဒေါ်အောင်ဆန်းစုကြည်ရရှိပြီး အစ်ကိုဖြစ်သူက ပြိုပျက်နေတဲ့ နေအိမ်နဲ့ ခြံတစိတ်တပိုင်းကို ရရှိတဲ့ ခွဲဝေမှုအပေါ်  ဦးအောင်ဆန်းဦးက တရားရုံးအဆင့်ဆင့် အယူခံထပ်မံဝင်ခဲ့ရာက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လမှာ လေလံတင်ထုခွဲပြီး ခွဲဝေဖို့ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။ တရားရုံးရဲ့ အမိန့်အတိုင်း လေလံတင် ကြမ်းခင်းစျေး သတ်မှတ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရားပြိုင် ဖြစ်တဲ့ အစ်ကိုဖြစ်သူ တင်ပြတဲ့ ရာဖြတ်စျေးနှုန်းအတိုင်း တရားရုံးက သတ်မှတ်ပြီး ကြမ်းခင်းစျေးဖွင့် ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

၂ ဧက ဝန်းကျင် အကျယ်အဝန်းရှိတဲ့ နေအိမ်အပါခြံကို စတုရန်းတပေ ကျပ် ၃၅ သိန်း နဲ့ တွက်ချက်ပြီး မြန်မာကျပ်ငွေ ဘီလျံ ၃၀၀ ကျော် ကျသင့်မယ့် နေအိမ်နဲ့ခြံ စျေးနှုန်းက တက္ကသိုလ် ရိပ်သာလမ်းက အခြားသော အရောင်းအဝယ် ခေါ်ဆိုတဲ့ စျေးတွေထက် မြင့်မားနေတယ်လို့ လည်းဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူက ကြမ်းခင်းစျေးတင်ပြရာမှာ အမှန်တကယ် မြေနဲ့ အိမ်ရဲ့ တန်ဖိုးအပြင် သမိုင်းဆိုင်ရာတန်ဖိုးပါထည့်သွင်းပြီး ပိုမိုသတ်မှတ်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ လေလံမအောင်ရတဲ့ အကြောင်းကို မှန်းဆကြည့်ရင် ပုံမှန်စျေးနှုန်းထက် မြင့်မားနေတဲ့အကြောင်းနဲ့ ဒီအိမ်နဲ့ ခြံကို ဝယ်ယူဖို့ စျေးပြိုင်တင်သွင်းသူ အနေနဲ့ နိုင်ငံရေး ပြဿနာထဲမှာ မီးမောင်းထိုးခံရပြီး လူအများက ဆန့်ကျင်ပိတ်ဆို့မှုတွေ ခံရမယ့် အရေးစိုးရိမ်မှုလည်း ရှိကောင်းရှိနေမှာဖြစ်ပါတယ်။ 

ဒီအမှုကို ပုံမှန်အားဖြင့် ကြည့်ရင်တော့ ပုံမှန် ဖြစ်ပွားနေကျ အမွေမှုလို့ ဆိုနိုင်ပြီး မြန်မာနိုင်ငံမှာ အမွေမှုတွေက ဆယ်စုနှစ်ချီ ကြာမြင့်လေ့ရှိသလို၊ တရားရုံးတွေရဲ့ လာဘ်စားမှု၊ သမာသမတ်ကျမှု၊ ဥပဒေဆိုင်ရာနားလည်ကျွမ်းကျင်မှုတွေက အစဥ်အမြဲ မေးခွန်းထုတ်စရာရှိနေတဲ့ အကြောင်း အချက်တွေ ဖြစ်ပါတယ်။ 

နိုင်ငံရေးအာဏာ အပြောင်းအလဲ၊ အတက်အကျတွေအတွင်းမှာ အခုနေအိမ်အမှုပေါ် သက်ရောက်မှုတွေ ရှိနေလိမ့်မယ်လို့ အများက မှတ်ယူကြတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုလို အကျဥ်းထောင်ထဲမှာ ကျခံနေရချိန်မှာ အမွေဆိုင် နေအိမ်နဲ့ ခြံကို လေလံတင်ခံရတဲ့ အဖြစ်က စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာပါ ထိခိုက်မှုရှိအောင် ရည်ရွယ်လုပ်ဆောင်တာလို့ မှတ်ယူတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ တရားရုံးအနေနဲ့ ယခုတကြိမ် လေလံ မအောင်မြင်တာကြောင့် ကြမ်းခင်းစျေး ထပ်မံပြင်ဆင်ပြီး နောက်တကြိမ် ထပ်မံ လေလံတင်တာမျိုးလည်း လုပ်ဆောင်နိုင်တယ်လို့ ရှေ့နေတွေက ဆိုကြောင်း သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ ဒီနေအိမ်လေလံတင်တဲ့အမှုက သာမန်အမွေဆိုင်အမှုထက် စစ်ကောင်စီ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အများရဲ့ အာရုံစိုက်မှုကို ပယ်ဖျောက်ထားချင်တဲ့ဆန္ဒကို လျော့ပါး ပျက်ပြယ်စေပြီး ဒီအမှုကနေ တဆင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၄င်းရဲ့ ရှေ့နေတွေ တွေ့ဆုံခွင့်ရလာမလား ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိနေကြတာတွေ့ရပါတယ်။ 

ယနေ့အဖို့ နောက်သတင်းတပုဒ်ကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီထိန်းချုပ်ထားဆဲ မြို့တမြို့ဖြစ်တဲ့ ဘူးသီးတောင်မြို့မှာ AA လက်နက်ကိုင် အဖွဲ့နဲ့ တိုက်ပွဲတွေ ၄င်းတို့ဒေသမှာ အလိုမရှိကြောင်းဆန္ဒပြခဲ့ကြတယ်ဆိုပြီး စစ်ကောင်စီဘက်က ကမကထလုပ်တဲ့ ဆန္ဒပြပွဲတခု ဘူးသီးတောင်မြို့မှာ ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ရိုဟင်ဂျာ လူမျိုးစုအများစု နေထိုင်ကြတဲ့ ဘူးသီးတောင်မြို့မှာ AA ကို ဆန့်ကျင်ဆန္ဒပြပွဲ ဖြစ်ပေါ်လာအောင် စစ်ကောင်စီက စီစဥ်ခဲ့တာလို့ အများစုက ယူဆကြပါတယ်။ သတင်းတချို့မှာ မြို့ခံမဟုတ်ပဲ ဘူးသီးတောင်မြို့အနီး ကျေးရွာတချို့က ရိုဟင်ဂျာတွေကို စစ်ကောင်စီက ဆန္ဒပြဖို့ စည်းရုံးကာ ဘူးသီးတောင်မြို့ကို စစ်ကားတွေနဲ့ တင်ဆောင်လာပြီး AA  အလိုမရှိ၊ တိုက်ပွဲ အလိုမရှိ၊ ဘူးသီးတောင်မြို့ကို ကာကွယ်ကြ ဆိုတဲ့ လက်ကိုင်စာသားတွေ နဲ့ ဆန္ဒပြကြတဲ့ ဗီဒီယိုဖိုင်၊ သတင်းဓာတ်ပုံတွေကို စစ်ကောင်စီ ရဲ့ နိုင်ငံပိုင် သတင်းတွေမှာအထိ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီ အနေနဲ့ အခုလို ဆန္ဒပြပွဲတွေကို စီစဥ်တာ လုပ်နေကျ ဖြစ်သလို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နဲ့အခြားမြို့တွေမှာ နိုင်ငံခြားစွက်ဖက်မှု ဆန့်ကျင်ဆန္ဒပြတာ၊ NUG ဆန့်ကျင်ရေး၊ PDF ဆန့်ကျင်ရေးနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို နောက် ကွယ်က စီစဥ် လုပ်ဆောင်နေကျ ဖြစ်ပြီး အခုလို ဘူးသီးတောင်မြို့မှာ စီစဥ်တဲ့ ဆန္ဒပြပွဲက ရိုဟင်ဂျာ အသိုင်းအဝိုင်းနဲ့ AA တို့ကို ရန်တိုက်ပေးတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်က ရိုဟင်ဂျာလူမျိုးစုတွေ အပေါ် မှန်ကန်တဲ့ သဘောထားမရှိတဲ့အပြင် အခုလို စစ်ရေးအခြေအနေ မတည်မငြိမ်ဖြစ်နေတဲ့ အနေ အထားမှာ ရိုဟင်ဂျာလူမျိုးစုတွေကို ပြည်သူ့စစ် အရံစစ်သားအဖြစ်စုဆောင်းတာ၊ ဆန္ဒပြပွဲတွေ လုပ် ဆောင်ဖို့လှုံ့ဆော်ခြင်းဟာ ပဋိပက္ခပိုမိုနက်ရှိုင်းလာအောင် ရှုပ်ထွေးလာအောင် ရည်ရွယ်လုပ် ဆောင်တဲ့ ရည်ရွယ်ချက်က လွဲတခြားမရှိနိုင်ပါဘူး။ 


ရခိုင်ပြည်နယ်က ရိုဟင်ဂျာ လူမျိုးစုတွေ အနေနဲ့ ရွေးချယ်စရာ အခွင့်အလမ်းမရှိတဲ့ အခြေအနေမှာ AA နဲ့ ရန်တိုက်ပေးခံရတဲ့ အနေအထားနဲ့ ဘူးသီးတောင်၊ မောင်တော စတဲ့နယ်မြေတွေက စစ်ကောင်စီ အနေနဲ့ စစ်ရေးအရ ဆုတ်ခွာ လက်လွှတ်လိုက်ရတဲ့ အခြေအနေမျိုး ဖြစ်ပေါ်လာရင် လူမျိုးရေးပဋိပက္ခ၊ လက်စားခြေအပြစ်ပေးမှုတွေ ဖြစ်ပေါ်အောင် စစ်ကောင်စီက ရည်ရွယ် လုပ် ဆောင်တဲ့ သဘောလည်း ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar