Breaking News

ဆု ဘိုး မိ - သို့ / သား (ကဗျာရှည် )

သို့ /
သား (ကဗျာရှည် )
ဆု ဘိုး မိ
(မိုးမခ) ဧပြီ ၁၂၊ ၂၀၂၄


သားရေ ..
ကျောပိုးထားရတဲ့အိပ်ကလေးမှာ
စာအုပ်လေးတွေမပါတော့မှ
ပိုလေးလံလာတတ်တယ်ဆိုတာ
သား သိရပြီမဟုတ်လား 

အခြားလူသားတွေ လပေါ်တက်နေကြချိန်မှာမှ
ကိုယ့်တွင်းကိုယ်ယက်ပြီးဆင်းနေရတဲ့အနေအထားမို့
စိတ်ခွန်အားကို ဗဟိုပြုခုန်ထွက်ရတဲ့အခါ
ဦးနှောက်နဲ့ခြေထောက်
အတိုင်အဖောက်ညီဖို့သာ ကြိုးစားပါ ။

အဆိုးအကောင်းမှန်သမျှ
ကံနဲ့တိုင်းလို့မရတဲ့အရပ်မှာ
ရိုးသားလို့ လည်စင်းခံရတယ်ဆိုရင်
အဖြေဟာ မိုးထားတဲ့ဓားပဲ

' ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ ' ဆိုတာ
လက်ဆင့်ကမ်းညည်းခဲ့ဖူးတဲ့တောင့်တတေး
ခေတ်ကပေးတဲ့ဝန်တွေပိုတဲ့အခါ
ကိုယ့်ကိုယ်ကိုယ်အပြစ်တင်တတ်သူက
နှစ်ထပ်ရှုံးတယ် ။

သားရေ  ..
ဖဲမွေ့ယာရွှေကော်ဇောလည်း
မီးပွားကျရင်လောင်တာပါပဲ
ကိုယ်ချင်းစာတရားဆိုတာ
ဆောင်ထားရမယ့်ဆေးထက်
နည်းနည်းပဲသာတာလေ

ကိုယ်တိုင်ကိုယ်ကျထုဆစ်တတ်မှ
ကျကျနနလှမယ့်ဘဝမှာ
လှီးဖြတ်ပုံသွင်းခဲ့ရသမျှ
အမှိုက်တစ်စ မဖြစ်ဖို့သာလိုရင်းမဟုတ်လား ။

ရှေ့မှာကြိုဆီးနေတဲ့ မီးကို
လောင်စာအသွင်ပြောင်းနိုင်စွမ်းရင်
အပူဆိုတာ စွမ်းအင်ပေါ့

ပစ္စုပ္ပန်နဲ့ခင်ခင်မင်မင်ပေါင်းတတ်သူအတွက်
သန်းခေါင်ဆိုတာလည်း
နေမထွက်သေးတဲ့မနက်မို့
ပုစ္ဆာတွေအတွက်ခက်တိုင်း
ရှေ့နဲ့နောက်ဆိုတဲ့စကားလုံးအနားမှာ
ဘဝကိုဘယ်တော့မှမထားမိစေနဲ့ ။

လူ့အဖြစ်ကိုတစ်နွယ်ငင်မိလို့
ဒုက္ခကတစ်စင်ပါလာတတ်တဲ့အခါ
အစဉ်အလာနဲ့ဂါထာတွေဆီက
သနားဂရုနာကိုလည်းမရှာနဲ့

လူကဖြစ်တဲ့ ဓမ္မသစ်တွေကြားမှာ
တရားအစစ်ဆိုတာ
မတရားခြင်းကိုသိမှုပဲလို့ စွဲစွဲမြဲသရွေ့
ဘယ်ဘုရားမဆို 
မင်းနဲ့တစ်သားထဲရှိလိမ့်မယ် ။

သား‌လေးရေ ..
ထင်သလိုမွှေ့ရမ်းတတ်တဲ့
လေနီကြမ်းတွေကြားမှာ
စမ်းလျှောက်ရင်းလမ်းဖေါက်ရတဲ့အခါ

ထိမ်း‌ရွေ့နိုင်ခြင်းက - ပညာ
ယုံကြည်ချက်ဟာ - ဒဏ်ခံကြိုး
လက်ခံတတ်ခြင်းက - လှေကားထစ်
ဖြစ်သမျှမကောင်းနိုင်တဲ့လောကကို
ချစ်မှပြောင်းနိုင်တဲ့စိတ်နဲ့ရင်ဆိုင်ပါ ။

လူအစစ်အဖြစ်နဲ့နေနိုင်ဖို့
ကြံ့ခိုင်မှုကိုမှတ်ကျောက်တင်ရင်း
အနာဂတ်ကိုရွှေလိုကျင်ယူရတဲ့အခါ

အပိုအလိုတွေတွန်းတိုက်လို့
ခိုက်ငြိရွဲ့စောင်းမှုတွေမရှိတဲ့အထိ
ကိုယ့်ကိုယ်ကိုယ်ကြည်ညိုကြည့်မှ
ထိသိရတဲ့တန်ဖိုးကသာ
ရိုကျိုးထိုက်တဲ့စစ်မှန်ခြင်းမို့
ဉာဏ်ပညာနဲ့ချစ်ခြင်းတရားတွေ
အထားအသိုမမှားသရွေ့
ဘယ်အချိုးအကွေ့ကိုမှမတွန့်နဲ့ ။

.
သားရေ ..
ရန်သူငါးပါး‌ဘေးဆိုတာ
ဗမာဆေးသောက်လို့မပျောက်သမျှ
ရင်နဲ့လွယ်ထားရတဲ့သွေးအတွက်
မအေးနိုင်သေးတဲ့မြေမှာ
ကိုယ့်တန်ဖိုးကိုကိုယ်ပြန်ရွေးဖို့
ကာလဝိပတ္တိနဲ့ဝေးရာရွှေ့ရတယ်

ဒီတောင်ရိုးကိုကျော်နိုင်မှ
ဒီတောတန်းမှာအသက်ရှုဝမှာမို့
လောကဓံ တိမ်တအုပ်နဲ့တိုးလို့
လက်ဖမိုးနဲ့မျက်ရည်သုတ်ရရင်တောင်
လက်သီးဆုပ်ကိုမဖြည်ဘူးမဟုတ်လား
အမေ့သွေးနဲ့ဖွဲ့တဲ့လူသား 
အမေ့သားကို ယုံပြီးသား ။

သားရေ ...
ရှေ့ကိုကြည့်လို့မှလမ်းမရှိတဲ့အခါ
လမ်းလျောက်ရင်းနဲ့သာလမ်းဖေါက်ပါ
ရပ်နေသရွေ့‌ဘယ်ကိုမှမရောက်တဲ့ ခရီးမှာ
ရေဆာချိန် ရေတခွက်ကလည်းအသက်သခင်ပဲမို့
အခက်ကြုံချိန် ရောက်လာတဲ့လက်ဟာ
ရွှေထက်ရှားတာကိုသိထားရင်း

ကျေးဇူးတရားဆိုတာကို မမေ့နဲ့
မိတ်ဆွေစစ်ရဲ့တန်ဖိုးကို မ‌ဖျောက်နဲ့
ရောက်ရာအရပ်မှာမထွန်းလင်းနိုင်သေးခင်
မီးလိုပူမပေးတတ်တာလည်းဆေးပဲ မို့
ဘယ်သူ့အတွက်မှမလေးရအောင်ရှင်သန်ပါ ။

သားရေ 
နှလုံးသားတွေနွေးထွေးရင် 
ဒါဟာလည်း အိမ် ပဲတဲ့
အမေနဲ့အိမ်ကိုတမ်းတမိတဲ့အခါ
အိမ်နဲ့အ‌မေကိုမတွေ့နိုင်‌တော့တဲ့သူတွေအတွက်
နွေးထွေးခြင်းကိုပေးဆက်ပါ 
ကရုဏာစိတ်နဲ့ကူညီပါ
မုဒိတာအတွေးနဲ့ယိုင်းပင်းပါ

သားအတွက်မေမေဟာ
ဘယ်တော့မှမရွေ့တဲ့ကမ္ဘာ
ဘယ်အခက်တွေဘယ်လိုလာလာ
တဖက်တည်းရှိရင်တောင်
ယှက်ထွေးထားမယ့်လက်ဆိုတာ
အကြွင်းမဲ့စွာ သားယုံပါ ။
 
သားရေ ..
ချစ်ခြင်းတရားမှာဆုံ‌တွေ့တတ်ရင်
ဘယ်တော့မှမဝေးဘူးဆိုတဲ့အသိနဲ့
လွမ်းလို့သတိရမိတဲ့အခါ
ကောင်းကင်ကြီးကိုမော့ကြည့်ပါ

တိမ်‌လဲ့မျှင်ဟာ အမေ့ရင်ခွင်လေ
ကြယ်လေးတစ်လုံးဟာ အမေ့အပြုံးပဲ
လ‌ရောင်တန်းဟာ အမေ့အနမ်းဆို
လေတဝှေ့ဟာ အမေ့ကိုယ်ငွေ့ပေါ့
မောပန်းလို့နွမ်းနယ်လွန်းတဲ့အခါ
ဝေ့ကနဲဝဲလာတဲ့မျက်ဝန်းထဲမှာလည်း
အမေ့မှာတမ်းတွေကိုသာ
မေ့သား တွေ့အောင်ပြန်ရှာပါ ။

မေ့သား‌ရေ ..
ပန်းတွေဖုံးထားတဲ့အရပ်ကို‌တွေ့ဖို့
အလွမ်းတွေဆုံးတဲ့အထိလျှောက်ရတဲ့အခါ
စိတ်တွေဆွေးရင် လမ်းကနှေးတတ်တယ်ဆိုတာကိုမမေ့နဲ့

အ‌ရှေ့ဆီမှာရောင်ခြည်တောက်မှ
နင်းလျှောက်နိုင်မယ့်ကော်ဇောနီမို့
မျက်‌ခြေကိုလည်းမပြတ်စေနဲ့
သစ်ရွက်လိုလည်းမကြွေ‌‌လေနဲ့
အလံကိုလည်းမလိပ်‌စေနဲ့
ဘုရားကိုလည်းမတ‌နေနဲ့

ကိုယ့်ကြောင့်လူတစ်ယောက်ပြုံးနိုင်သွားတယ်ဆိုတာ
ချိုးငှက်လေးတစ်ကောင်လွှတ်လိုက်နိုင်တာပဲ
သူ့ကြောင့် ကိုယ်ဒဏ်ရာရခဲ့တဲ့အခါဆို
ဒီကဗျာကိုသာ နာနာရွတ်ဖို့ အမေမှာမယ် ။

လူလေးရေ ...
မင်းအတွက် ဒီစာတစ်‌စောင်ဟာ
အချိန်မီဆောင်ထားရမယ့် ဆေးတစ်ခွက်လို
ရင်တွင်းနက်နက်က
စိမ့်သက်လာတဲ့ ရေကြည်စက်
ယှက်ဖွဲ့ထားတဲ့ ဝတ်ရုံ
လုံခြုံစေမယ့် ချစ်ခြင်း
လစ်ဟင်းမသွားတဲ့ မေတ္တာ
ရဲရင့်စွာတည်တဲ့သစ္စာတရား မို့
ထုထည်မမြင်နိုင်တဲ့ စိတ်ခွန်အားကို
လက်ဆောင်မွန်ပါးသမျှ
စွန့်စားရဲတဲ့သားလေး ရပါစေ ။

ဘယ်အကွေ့ရောက်ရောက်
ထွန်းတောက်ပေးမယ့်အလင်းတန်းလို
အကွာအဝေးတွေဘယ်လိုခြားခြား
ပထဝီမြေသားနဲ့တိုင်တည်ထားတဲ့ဒီစကားနဲ့
အမှန်တရားရဲ့ခွန်အားတော်ကြောင့်
ပူနှောင့်ဗျာပွေခြင်းကင်းရာမှာ
 ..

မေ့သားလေး
     
     မိတ်စစ်ဆွေမှန် တွေ့ပါစေ
     ဘယာရန်ဘေးမှ ဝေးပါစေ
     နေခြည်ထွေးသလို နွေးပါစေ
     
မှ /
 'မေမေ '

ဆု ဘိုး မိ 
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar