Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၈၄ )


အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၈၄ )

(မိုးမခ) ဧပြီ ၂၇၊ ၂၀၂၄

25/4/24

Diary in the darkness 

တနပ်စားမြင့်လှိုင်လို့ လူထုက ခေါ်တဲ့  အငြိမ်းစား  ဒုဗိုလ်ချုပ်ကြီး မြင့်လှိုင်ထံ မှ စစ်ကောင်စီက သေနတ် ၆ လက်နဲ့ သန်းချီတန် ရတနာပစ္စည်းများကို သိမ်းဆည်းရမိတယ်လို့ ဘီဘီစီ သတင်းမှာတွေ့လိုက်ရပါတယ်။ သူဟာ မင်းအောင်လှိုင်ကို တန်ပြန် အာဏာသိမ်းဖို့ ကြိုးစားခဲ့လို့ လာဘ်စားမှုနဲ့ အရေးယူခံနေရတဲ့ စစ်အရာရှိတွေထဲက တစ်ယောက်ပါ။ ဒီသတင်းဟာ စစ်ကောင်စီ အကွဲအပြဲကို အထင်ရှားပြနေတဲ့ သတင်း တပုဒ်ပါပဲ။ 

အမေရိကန်အစိုးရ ငြိမ်းချမ်းရေးဌာန (USIP) က စောချစ်သူဟာ ကျားဖြန့်ဂိုဏ်းကို အဓိက ထောက်ပံ့နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြခဲ့တယ်။ ဒါဟာ စောချစ်သူနဲ့ အပေါင်းပါတွေရဲ့ ပြေးပေါက်ကို ပိုကျဉ်းအောင် ကန့်သတ်ပြလိုက်တာလို့ ကျွန်တော် မြင်ပါတယ်။ ကရင်ပြည်နယ် က စောချစ်သူ လက်အောက်ကို ကျားဖြန့်တွေ‌ ရောက်ရှိ ခိုလှုံနေတယ်ဆိုတဲ့ သတင်းတွေတက်လာပါတယ်။ စောချစ်သူဟာ တော်လှန်ရေးမှာ ခလုပ်တခုဖြစ်နေတယ်၊ ကရင်အမျိုးသားများရဲ့ သစ္စာဖောက်ဖြစ်တယ်လို့ အများက စွပ်စွဲခံရပြီးနောက် ထွက်ပေါ်လာတဲ့ လူကြိုက်အများဆုံး သတင်းတပုဒ်ပါ။ 

သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ်။ ထိုင်းအပါအဝင် သံတမန်တွေ မြန်မာ့အရေး လှုပ် ရှားမှုမှာ ဒီထက်ပို ပါဝင်လာလိမ့်မယ်လို့ ပြောပါတယ်။ 

အိမ်ကဝယ်နေကျ ပဲပြုတ်သည်လည်း အခြေအနေအရ လျှပ်စစ်ပစ္စည်းအဟောင်းတွေပြင်တဲ့အလုပ်ကို တွဲလုပ်နေတယ်လို့ ပြောပါတယ်။ ပျက်လို့ ချောင်ထိုးထားရတဲ့ ပန်ကာ၊ ရေနွေးအိုး၊ ထမင်းအိုးတွေ ပြင်ဖို့ အလုပ်အပ်လိုက်ပါတယ်။ အခုလိုအချိန်မှာ အသစ်ဝယ်ဖို့ထက် အဟောင်းပြင်သုံးရတာ တွက်ခြေကိုက်ပါတယ်။ 

တခါသုံး လျှပ်စစ်ပစ္စည်းတွေကို ထုတ်လုပ်တာထက် ပျက်သွားရင် ပြန်ပြင်ရလွယ်တဲ့ လျှပ်စစ်ပစ္စည်းတွေကို ထုတ်ဖို့ စီမံချက်တွေ ရေးဆွဲနိုင်ရင်ကောင်းမှာပဲလို့ စိတ်ကူးမိပါတယ်။ ဆင်းရဲသားနိုင်ငံက ဆင်းရဲသားတစ်ယောက်ရဲ့ အတွေးပါ။ 

ခုအချိန်ဟာ ကျွန်တော့်ရဲ့ ဟောင်းနွမ်းအိုမင်းနေတဲ့ ခန္ဓာကို အတတ်နိုင်ဆုံး လက်ပူတိုက် ပြုပြင်ရင်း ဘဝကို ရှင်သန်ရမယ့်အချိန် ရောက်နေပြီလေ။ ထမင်းတနပ်ပဲ စား ဆိုလည်း စားရမှာပေါ့။ သိန်းသန်းချီတန်တဲ့ ရတနာတွေတော့ ထားစရာနေရာမရှိလို့ လက်မခံနိုင်တာ ခွင့်လွှတ်ပါ ခင်ဗျာ။ ပြေးစရာ နေရာလေးရှိဖို့တောင် အနိုင်နိုင်ပါ။

အန်ကယ် တူမီး

25/4/24

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar