Breaking News

လွတ်မြောက်နယ်မြေနဲ့ ထိန်းချုပ်နယ်မြေတွေ မှာ ဘယ်လို အုပ်ချုပ်ရေး ပေါ်ထွက်လာကြမလဲ

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၂၆ မြင်ကွင်း

(မိုးမခ) ဧပြီ ၂၇၊ ၂၀၂၄

လွတ်မြောက်နယ်မြေနဲ့ ထိန်းချုပ်နယ်မြေတွေ မှာ ဘယ်လို အုပ်ချုပ်ရေး ပေါ်ထွက်လာကြမလဲ

ပြီးခဲ့တဲ့ ၆ လတာအတွင်းမှာပဲ စစ်ကောင်စီရဲ့ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေ သိသိသာသာ လျော့နည်းလာနေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ လူမျိုးအလိုက်မဟုတ်တဲ့ မြို့နယ်ဒေသအလိုက် PDF အဖွဲ့ပေါ် အခြေပြုထားတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တွေ ပေါ်ထွက်လာနေပါတယ်။ အချို့သောတိုင်းရင်းသားဒေသတွေမှာ ပြည်နယ်အလိုက် ကြားကာလအစိုးရတွေ ဖွဲ့စည်းထားကြပြီး အုပ်ချုပ်ရေးတွေကို စီမံခန့်ခွဲနေကြပါတယ်။ ဥပမာအားဖြင့် Interim Executive Council of Karenni လို့ခေါ်တဲ့ ကရင်နီပြည် ကြားကာလအစိုးရ၊ ချင်းပြည်အစိုးရ အဖွဲ့တွေ ဖြစ်ပါတယ်။ တခြားသော တိုင်းရင်းသားလူမျိုးစုတွေဖြစ်တဲ့ တအန်းပလောင်၊ ကိုးကန့်၊ ကချင်၊ ရခိုင်တို့လိုဒေသတွေမှာတော့ လက်နက်ကိုင်တပ်ဖွဲ့ကခန့်အပ်တဲ့အုပ်ချုပ်ရေးခေါင်းဆောင်တွေ၊ တချို့ဒေသတွေမှာ လက်နက်ကိုင်တပ်ဖွဲ့မှာ တပ်မှူးတာဝန်ယူထားတဲ့သူတွေကပဲ အုပ်ချုပ်ရေးကို စီမံခန့်ခွဲနေတာမျိုးလည်း ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဖွဲ့စည်းပုံတွေအရ နိုင်ငံ ရေးအဖွဲ့အစည်းလို့ခေါ်ဆိုနိုင်မယ့် အစည်းအရုံး၊ ပါတီဆိုတဲ့အမည်နာမတွေနဲ့အဖွဲ့၊ နောက် လက် နက်ကိုင်အဖွဲ့ဆိုပြီး နာမည်နှစ်ခုတွဲလျက်သုံးစွဲကြပြီး လက်ဝဲဆန်တဲ့အသုံးအနှုန်းနဲ့ဆို နိုင်ငံရေးမှူးလို့ခေါ်ဆိုသုံးနှုန်းကြတဲ့ နိုင်ငံရေး/အုပ်ချုပ်ရေး အပိုင်းတာဝန်ယူခေါင်းဆောင်တွေ ခန့်အပ်ထားတဲ့ အဖွဲ့တွေလည်း ရှိကြတာတွေ့ရမှာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ မီးမောင်းထိုးပြလိုတဲ့အချက်က လက်နက်ကိုင်အဖွဲ့နဲ့ အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့ သီးသီးခြားခြား ခွဲပြီးဖွဲ့စည်းထားတာရှိခြင်း မရှိခြင်းဆိုတဲ့အချက်ဖြစ်ပါတယ်။ အချို့သော တိုင်းရင်း သားနယ်မြေဒေသတွေမှာတော့ အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့လိုမျိုး သီးခြားရှိနှင့်ပြီးဖြစ်ကာ နှစ် ရှည်လများ လွတ်မြောက်နယ်မြေအဖြစ်နဲ့ အုပ်ချုပ်လာတဲ့ဒေသတွေအဖို့ နိုင်ငံရေးဦးဆောင်အဖွဲ့က တာဝန်ပေးအပ်ထားတဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက အုပ်ချုပ်ကြကာ အခွန်ဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးဌာနနဲ့ အချို့အဖွဲ့အစည်းတွေမှာ သစ်တော သယံဇာတ စီမံခန့်ခွဲရေး ဌာနတွေအထိ ရှိကြတာတွေ့ရပါတယ်။ သို့ပေမယ့် မကြာသေးခင်လပိုင်းတွေကဖြစ်ပွားလာတဲ့ စစ်ဆင်ရေးတွေ နောက်ပိုင်းမှ လွတ်မြောက်လာတဲ့ဒေသတွေမှာတော့ အုပ်ချုပ်ရေးပုံစံတွေက နယ်မြေဒေသ တနေရာနဲ့တနေရာ မတူညီကြတဲ့အနေအထားတွေ တွေ့မြင်နေရတာလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကရင်နီပြည်ကအုပ်ချုပ်ရေးနဲ့ ကိုးကန့်ဒေသက အုပ်ချုပ်ရေး၊ တအန်းပလောင်ဒေသက အုပ်ချုပ်ရေး၊ တဖန် စစ်ကိုင်းတိုင်းက တပိုင်းတစလွတ်မြောက်နယ်မြေတွေရဲ့ အုပ်ချုပ်ရေးတို့က ပုံစံအမျိုးမျိုး ကွဲပြားကြတာတွေ့ရမှာ ဖြစ်ပါတယ်။ 

ဒီလိုအခွန်ကောက်ခံရေး၊ သယံဇာတထုတ်ယူရောင်းချရေးစတဲ့ အရေးတကြီးလိုအပ်နေတဲ့ ဘဏ္ဍာငွေရှာတဲ့အပိုင်းတွေကို ဘယ်လိုစီမံခန့်ခွဲကြသလဲ၊ ဘယ်လိုဝါဒ၊ အခြေခံမူတွေအပေါ်ရပ်တည်ပြီး အုပ်ချုပ်ကြသလဲဆိုတာလည်း စောင့်ကြည့်လေ့လာစရာကောင်းတဲ့ကိစ္စရပ်တွေ ဖြစ်ပါတယ်။ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်လာမယ့်ဒေသတွေ၊ နယ်မြေတွေမှာ ပြီးဆုံးသွားတဲ့နောက် ဖက်ဒရယ်ပြည်ထောင်စုကိုထူထောင်ကြမယ်လို့ ယေဘုယျအားဖြင့် ဆိုနိုင်ပေမယ့်လည်း အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ဖက်ဒရယ်ပြည်ထောင်စုဆိုတာထက် ကွန်ဖက်ဒရိတ် ပြည်နယ်၊ ဒေသအနေအထားမျိုး မျှော်မှန်းချက်ထားရှိကြတာလည်း တွေ့ရမှာဖြစ်ပါတယ်။ “ဝ” ပြည် က အဲလိုမျှော်မှန်းချက်ထားတဲ့အဖွဲ့တွေရဲ့ စံနမူနာဖြစ်ရပ်အနေနဲ့ ဥပမာပေး ပြောဆိုကြတာလည်း ဖြစ်ပါတယ်။ 

မကြာသေးခင်က လွတ်မြောက်ခဲ့တဲ့ကိုးကန့်ဒေသအနေနဲ့ ဝ ပြည်ပုံစံမျိုးအုပ်ချုပ်ရေးကို ထူထောင်တာတွေ့ရမှာ ဖြစ်ပါတယ်။ ခုရက်ပိုင်းအတွင်းသတင်းတွေထုတ်ပြန်ခဲ့တဲ့ ၄င်းတို့ရဲ့လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေထဲက ပြစ်မှုကျူးလွန်သူတွေကို ပြည်သူ့တရားစီရင်ရေးပုံစံမျိုးနဲ့ လူပရိသတ်အများရှေ့မှာစီရင်တဲ့အခမ်းအနားက ကိုးကန့်ဒေသမှာဖေါ်ဆောင်မယ့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးစနစ်ကို တစိတ်တပိုင်းဖေါ်ပြလိုက်တဲ့အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ဒေသမှာ တရုတ်ငွေကိုသုံးစွဲကာ တရုတ်ဘာသာစကားပြောဆိုကြတဲ့ တိုင်းရင်းသားဒေသတခုအနေနဲ့ တရုတ်ပြည်က တရားစီရင်ရေးပုံစံကို အတုယူကျင့်သုံးတဲ့ သဘောလည်း ဖြစ်ပြီး အကြီးလေးဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ပေးခြင်း၊ အယူခံခွင့်မရှိခြင်းနဲ့ သေဒဏ်ကိုစီရင်ရာမှာ လူပရိသတ်တွေတက်ရောက်စေပြီး အခမ်းအနားတခုသဖွယ်ကျင်းပခြင်းက စစ်မက်ဖြစ်ပွားနေတဲ့ကာလ အုပ်ချုပ်ရေးပျက်ပြားနေတဲ့ကာလတွေမှာ အရေးပေါ် စီရင်ခြင်းမျိုးနဲ့ အလားသဏ္ဍာန်တူသလို၊ အခြားရှုထောင့်တခုကကြည့်ရင်တော့ တရုတ်နိုင်ငံမှာ အခုလိုစီရင်မှုမျိုး ဆယ်စုနှစ်များစွာ လုပ်ဆောင်လာတာဖြစ်လို့ ထူးဆန်းတဲ့ကိစ္စတရပ်အနေနဲ့ ရှုမြင်ခြင်းမရှိတဲ့သဘောလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒီလိုလူပရိသတ်အများကိုဖိတ်ခေါ်ကြည့်ရှုစေပြီး သေဒဏ်စီရင်မှုမျိုးက ဒီမိုကရေစီ တန်ဖိုး၊ ဒီမိုကရေစီစနစ်တွေနဲ့တော့ ကိုက်ညီတာ မဟုတ်ပါဘူး။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဥရောပသမဂ္ဂအဖွဲ့ကထုတ်ပြန်ချက်တစောင်ထုတ်ပြန်ပြီး သေဒဏ်အပြစ်ပေးခြင်းဟာ လူ့ဂုဏ် သိက္ခာကို အဆုံးစွန်သောငြင်းပယ်မှုလို့ စကားလုံးသုံးနှုန်းကာ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

အခုဖြစ်ရပ်ဟာ လွတ်မြောက်နယ်မြေဒေသတွေက တရားစီရင်ရေးဆိုင်ရာမူဝါဒနဲ့ လူသားဖြစ်တည်မှုကို တန်ဖိုးထားမှုစံနှုန်းဆိုင်ရာကိစ္စတရပ်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လွတ်မြောက်နယ်မြေတွေမှာ ဖေါ်ဆောင်ကြမယ့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး နဲ့ပတ်သက်တဲ့မေးခွန်းတွေ ပေါ်ထွက်လာစေတာ ဖြစ်ပါတယ်။ 

အခုကာလဟာ စစ်ရေးကာလ၊ တော်လှန်ရေးကာလဖြစ်တာကြောင့် ဒီကိစ္စတွေဟာ အရေးမကြီးဘူးလို့ ရှုမြင်ကောင်းလည်း ရှုမြင်တဲ့အယူအဆ၊ ဆင်ခြေတွေ ရှိနိုင်ပါတယ်။ စစ်မက်ဖြစ်ပွားနေစဥ်၊ အုပ်ချုပ်ရေးပျက်ပြားနေစဥ်အနေအထားမျိုးမှာတော့ အဆိုပါစောဒကက မှန်ကန်ပေမယ့် စစ်မက်ဖြစ်ပွားနေခြင်းမရှိတဲ့ဒေသ၊ အနေအထား၊ ကာလမျိုးမှာ အရပ်ဖက်အုပ်ချုပ်ရေး၊ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီကိုအခြေခံသော အုပ်ချုပ်ရေးမျိုး၊ မတူကွဲပြားတဲ့ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းတွေ တည်ထောင် ပေါ်ထွန်းခွင့်ရှိတဲ့ နိုင်ငံရေးစနစ်မျိုး ထူထောင်နိုင်ကြဖို့အရေးကြီးပါတယ်။ အဲလိုမဟုတ်ပဲ စစ်အာဏာရှင်စစ်အစိုးရကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်ခဲ့တဲ့ လက်နက်ကိုင် တပ် ဖွဲ့ဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးအားလုံးမှာ ပါဝင်ခွင့်၊ သြဇာလွှမ်းမိုးခွင့်ရှိတယ်ဆိုတဲ့ယူဆချက်တွေကျင့်သုံးမှုတွေက လုပ်ခွင့်ရှိ၊ လုပ်လို့ရတဲ့သဘောမျိုးဖြစ်လာပြီး လက်နက် ကိုင်အဖွဲ့တွေက သူတွေသာလျှင် ခေါင်းဆောင်ရမယ်ဆိုတဲ့ စစ်ဝါဒရဲ့ လမ်းကြောင်းမျိုး၊ အယူအဆမျိုးမှာ တကျော့ပြန်ကျဆင်းမယ့်အရေးမျိုးကို ကြိုတင်ပြင်ဆင်ကာကွယ်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar