Breaking News

မြဝတီမြို့ တိုက်ပွဲတွေနဲ့ နားလည်ဖို့ ခက်ခဲနေဆဲ ကရင်လက်နက်ကိုင်အဖွဲ့တချို့ရဲ့ ရပ်တည်ချက်များ

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၂၁ မြင်ကွင်း

(မိုးမခ) ဧပြီ ၂၂ ၊ ၂၀၂၄

မြဝတီမြို့ တိုက်ပွဲတွေနဲ့ နားလည်ဖို့ ခက်ခဲနေဆဲ ကရင်လက်နက်ကိုင်အဖွဲ့တချို့ရဲ့ ရပ်တည်ချက်များ 

အယ်လ်နီညို ဖြစ်စဥ်ကျရောက်တဲ့ ၂၀၂၄ ခုနှစ် နွေရာသီက အပူရှိန် အမြင့်ဆုံးနေ့ရက်တွေကို ရောက်ရှိလာနေတဲ့ ဧပြီလဆန်းရက်တွေမှာ ကရင်ပြည်နယ် မြဝတီမြို့အနီးတဝိုက်က စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ/ကေအန်အယ်လ်အေ တပ်၊ PDF ပူးပေါင်းတပ်၊ DKBA ကလိုထူးဘော အဖွဲ့ အစရှိတဲ့ တပ်တွေ တိုက်ပွဲတွေက နွေရာသီအပူချိန်နဲ့ အတူတဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။ သင်္ကြန်အားလပ်ရက်တွေ မတိုင်ခင် မှာ သင်္ဃန်းညီနောင်က တပ်ရင်းစခန်း၊ ဗျူဟာစခန်းတွေကို သိမ်းယူနိုင်ခဲ့ပြီး ကေအန်ယူအနေနဲ့ သင်္ကြန်မတိုင်ခင် မြဝတီမြို့ကို အပြီးသိမ်းဖို့ ရည်ရွယ်ထားတဲ့အကြောင်း သတင်းမီဒီယာတွေကို ထုတ်ပြောထားကာ သင်္ကြန်မတိုင်မီ ရက်အနည်းငယ်အလို မြဝတီမြို့နဲ့အနီးဆုံး မြို့စောင့်တပ်လို့လည်း ခေါ်ဆိုကြတဲ့ စစ်ကောင်စီရဲ့  ခလရ ၂၇၅ ကို ကေအန်ယူက သိမ်းယူခဲ့သလို အဲဒီတပ်ရင်းက စစ်ကောင်စီတပ်သားတွေက စောချစ်သူ ဦးဆောင်တဲ့ ယခင်BGF လက်နက်ကိုင်အဖွဲ့ရဲ့ အကူအညီနဲ့ ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းနားက ချစ်ကြည်ရေး တံတားအောက်မှာ သွားရောက် ခိုလှုံနေကြတာဖြစ်ပါတယ်။ 

အဲဒီနေ့ရက်တွေကတည်းက မြဝတီမြို့ တိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေတွေကို လူအများက စိတ်ဝင်တစားစောင့်ကြည့် နေကြတာပါ။ စစ်ကောင်စီတပ်တွေ ရဲတွေ လှုပ်ရှားသွားလာတာ မတွေ့တော့တဲ့ မြဝတီမြို့ ကို ဘယ်သူတွေ ထိန်းချုပ်လည်ပတ်မလဲ၊ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး နဲ့ မြို့အုပ်ချုပ်ရေးတွေကို ဘယ်လို လုပ်ဆောင်မလဲ စတဲ့ လက်တွေ့ စီမံခန့်ခွဲမှုတွေကို ဝင်ရောက်ကိုင်တွယ်တော့မလား ဆိုတဲ့ သိချင်တဲ့ မေးခွန်းတွေပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ခလရ ၂၇၅ ကနေ စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားအပြီး မြဝတီမြို့မှာ စစ်ကောင်စီ မဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ကားတွေနဲ့ လှည့်လည်အင်အားပြနေတာမျိုးတွေ တွေ့ရပေမယ့်လည်း နေ့ချင်းညချင်း အုပ်ချုပ်ရေး၊ အခွန်အကောက်၊ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေကို နေရာဝင်မယူကြသေးတဲ့ အနေအထားဖြစ်ပါတယ်။ မြဝတီမြို့ထဲမှာ စစ်ကောင်စီတပ်တွေ လက်နက်ကိုင်အဖွဲ့တွေ မရှိတော့ပေမယ့်လည်း အရပ်ဘက်ဌာနတချို့က လက်ရှိအချိန်ထိ ဆက်လက်တာဝန်ယူ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ထိုင်း-မြန်မာ နယ်စပ်ဂိတ်တံတားမှာ လူဝင်မှုကြီးကြပ်ရေးလိုမျိုးအဖွဲ့တွေက စစ်ကောင်စီရဲ့ ဝန်ထမ်းအဖွဲ့အစည်းတွေက တာဝန်ယူထားဆဲ ဖြစ်ပါတယ်။ 

မြဝတီမြို့မှာ ရှိနေတဲ့ အဓိက အင်အားစုဖြစ်တဲ့ ကေအန်ယူ နဲ့ BGF အသွင်ပြောင်း KNA တို့ ခွဲဝေအုပ်ချုပ်ကြမလား၊ ဘယ်လို ခွဲဝေဖို့ဆွေးနွေးနေကြတာလဲ စတဲ့ မေးခွန်းတွေက ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း အများအပြားထွက်ပေါ်လာနေပေမယ့် အဖြေတော့ မရှိကြသေးတဲ့ အနေအထား ဖြစ်ပါတယ်။ မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်က စေလွှတ်လိုက်တဲ့ စစ်ကူစစ်ကြောင်းတွေ ရောက်အလာကို စစ်ကောင်စီရဲ့ ခလရ ၂၇၅ လက်ကျန်တပ်တွေက တံတား အမှတ် ၂ အနီးကနေ စောင့်ဆိုင်းနေတဲ့ သဘောလား။ BGF အသွင်ပြောင်း KNA က စစ်ကောင်စီနဲ့ အပေးအယူ မပြတ်သေးတာကြောင့် အခုလို ခလရ ၂၇၅ လက်ကျန်တပ်တွေကို မတိုက်ခိုက်ဖို့ အကာအကွယ်ပေးထားတာလား။ အဲဒီနောက် BGF အသွင်ပြောင်း အဖွဲ့အနေနဲ့ ဘယ်လိုဆုံးဖြတ်ပြီး ရပ်တည်မလဲ ဆိုတာလည်း လူအများက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ 

မြဝတီမြို့ရဲ့ ရပ်ကွက်အများစုကတော့ အခုချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးတဲ့ အနေအထားဖြစ်ပါတယ်။ မြဝတီမြို့ခံတွေ အနေနဲ့တော့ မြို့ထဲတိုက်ပွဲတွေ ဖြစ်ပေါ်လာမလား၊ တိုက်ပွဲတွေ ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ မှန်းဆကာ နေ့လားညလား  စိတ်တထင့်ထင့်နဲ့ စောင့်ဆိုင်းနေကြရတဲ့ အနေအထားဖြစ်ပါတယ်။ လူနေအိမ်တွေအတွင်း မြို့ပေါ်မှာ တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ရင် မီးရှို့ဖျက်ဆီးခံရမယ့်အရေး၊ နေအိမ်တွေမှာ ရှိတဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ဖျက်ဆီးခံရ၊ ခိုးယူခံရမယ့် အရေးတွေ စိုးရိမ်ပူပန်မှုကြောင့်လည်း  ဒေသခံတွေအနေနဲ့ နေအိမ်မှာ နေထိုင်သူအားလုံး စစ်ဘေးရှောင်မယ့် လမ်းမရွေးချယ်ပဲ အိမ်စောင့်အချို့ ချန်ထားပြီး ဆက်လက်နေထိုင်ကာ မမျှော်လင့်ပဲ နေအိမ်တွေ မီးလောင်ကျွမ်းခဲ့ရင် ငြိမ်းသတ်နိုင်ဖို့ ရည်ရွယ်ပြီး ဆက်လက်နေထိုင်နေကြတဲ့ သဘောလည်း တွေ့နေရတာ ဖြစ်ပါတယ်။ 

လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့တော့ မြဝတီမြို့ကို သိမ်းယူထိန်းချုပ်နိုင်ရင် ရရှိမယ့် အခွန်အကောက်  အကျိုးအမြတ်၊ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ အဓိကအကျဆုံး ကုန်သွယ်မှု လမ်းကြောင်းပေါ်က မြို့ ဆိုတဲ့ အချက်တွေက လက်နက်ကိုင် အဖွဲ့အားလုံးကို ထိန်းချုပ်ထားနိုင်ဖို့  ဆွဲဆောင်နေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ကရင်ပြည်နယ်မှာ ရှိကြတဲ့ ကရင်လက်နက်ကိုင် အဖွဲ့တွေ အကြား ရပ်တည်ချက် ကွဲပြားမှု၊ မဟာမိတ် အနေအထား၊ အကျိုးစီးပွား တူနေကြတဲ့ အစိတ်အပိုင်း၊ ၄င်းတို့ရဲ့ ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ သမိုင်းကြောင်း စတာတွေက အခု မြဝတီမြို့ သိမ်းယူတဲ့ ဖြစ်စဥ်မှာ ပေါ်လွင်ထင်ရှားလာတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

ကရင်လက်နက်ကိုင်အဖွဲ့တွေ အကြားက စုစည်းထားတဲ့ ဘုံအကျိုးစီးပွား၊ ဘုံရည်မှန်းချက်၊ ဘုံသဘောတူညီမှုက ဘယ် အချက်ဖြစ်နိုင်သလဲ။ အမျိုးသားရေး ညီညွတ်မှုလား ၊ လက်နက်ကိုင် အဖွဲ့ရဲ့ ဝင်ငွေရရှိရေး၊ သို့မဟုတ် ခေါင်းဆောင်တွေရဲ့ ဝင်ငွေ ရရေး စတဲ့ အကျိုးစီးပွားချင်း ထပ်တူကျတဲ့ ကိစ္စရပ်တွေမှာ ပူးပေါင်းလုပ်ဆောင်တာမျိုးလား ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ကရင်အမျိုးသားအချင်းချင်း လက်နက်ကိုင် မတိုက်ခိုက်ချင်ဘူး ဆိုတဲ့ စည်းရုံးရေးဆန်တဲ့ အမျိုးသားရေးဝါဒဆန်တဲ့ ပြောဆိုမှု၊ ရပ်တည်မှုက တခါတခါ ပေါ်ထွက်လာလေ့ရှိပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်း ကရင်လက်နက်ကိုင် အဖွဲ့တွေ ၂ ဖွဲ့ ၃ ဖွဲ့မက ရှိနေခဲ့ကြပီး အချင်းချင်းလည်း တိုက်ခိုက်ခဲ့ကြရတဲ့ အတိတ်ဖြစ်ရပ်တွေ ရှိခဲ့တာပါ။ DKBA နဲ့ KNU ကွဲထွက်ပြီးနောက် ကာလတွေ၊ နောက်တဖန် BGF အဖွဲ့အဖြစ် အသွင်ပြောင်းပြီးနောက် ကာလတွေမှာလည်း ပြည်မက စစ်တပ်ရဲ့ စည်းရုံးမှု၊ သွေးခွဲအသုံးချမှုတွေကြောင့် ကရင်လက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ခိုက်ခဲ့ကြရပြီး ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်မှာ စစ်အာဏာသိမ်းအပြီး ပြောင်းလဲလာတဲ့ နိုင်ငံရေး စစ်ရေး အင်အားချိန်ခွင်လျှာက အရင် ဆယ်စုနှစ်တွေနဲ့ မတူတဲ့အနေအထားမျိုးရောက်လာပြီး လက်နက်ကိုင် တပ်ဖွဲ့အင်အား တိုးချဲ့ဖို့ လူအင်အား လွယ်လွယ်ကူကူ ရရှိလာတာ၊ ကေအန်ယူရဲ့ ကြီးကြပ်မှုအောက်က မြန်မာလူမျိုးပေါင်းစုံပါဝင်တဲ့ PDF စစ်ကြောင်းတွေရဲ့ အင်အားတိုးပွားလာတာနဲ့အတူ ကေအန်ယူရဲ့ ထိန်းချုပ်နယ်မြေတွေ ကျယ်ပြန့်လာခဲ့ပြီ ဖြစ်ပါတယ်။ သို့ပေမယ့် ကရင် လက်နက်ကိုင် အဖွဲ့တွေအကြား စည်းလုံးရေး စုစည်းရေးက လတ်တလော အချိန်ကာလတွေမှာ ပေါ်ထွန်းလာနိုင်ဖို့ခက်ခဲနေသေးတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် မြဝတီမြို့ ကို ဘယ်သူတွေ သိမ်းထားလဲ၊ ဘယ်သူတွေ အုပ်ချုပ်မလဲ ဆိုတဲ့အဖြေက ဆုပ်ကိုင်ဖို့ ခက်ခဲနေဆဲ လွယ်ကူရိုးရှင်းစွာ ဖြေကြားဖို့ မလွယ်သေးတဲ့ မေးခွန်းတခုသာ ဖြစ်နေသေးတဲ့ အခြေအနေလို့ ဆိုရမှာဖြစ်ပါတယ်။

ထို့အပြင် ကရင်အမျိုးသားများ၏ အရေးက ယခု မြ၀တီစစ်ရေးမှာ ပြည်တွင်း ပြည်ပ၏ စိတ်ဝင်စားမှု ရှိနေရချိန်မှာ မြန်မာနွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များနဲဲ့ နွေဦးအင်အားစုများ၏  ပူးပေါင်းပါဝင်လှုပ်ရှားမှုများကိုလည်း တပြေးညီ ထည့်သွင်း ချိန်ဆ စဉ်းစား ဆွေးနွေးကြတာမျိုး သိပ်မထင်ရှားတာကိုလည်း မှတ်တမ်းတင်ထားရပါမယ်။ 

ဖယ်ဒရယ်အရေးအတွက် ရှေ့တိုးတဲ့ ခြေလှမ်းမျိုးမဟုတ်ဘဲ တိုင်းရင်းသားအင်အား အစုအဝေးတခု၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးလား၊ စစ်ကောင်စီလို စစ်ပြိုင်အင်အားစုများနဲ့ ညှိနှိုင်းနေထိုင်ရေးကို ဦးတည်လားဆိုတာလည်း မေးခွန်းဖြစ်လာမယ် ထင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar