Breaking News

ခွန်ကကြီး - ခုချက်ချင်း စစ်မှုထမ်း ပရမ်းပတာဥပဒေကို တန်ပြန်တိုက်စစ် မစနိုင်ရင်

ခွန်ကကြီး - ခုချက်ချင်း စစ်မှုထမ်း ပရမ်းပတာဥပဒေကို တန်ပြန်တိုက်စစ် မစနိုင်ရင်

(မိုးမခ) ဧပြီ  ၂၂ ၊ ၂၀၂၄

“သူ့ကို ပြည်သူ့စစ်အဖြစ် လာခေါ်ရင် သူ့ကိုယ့်သူ သတ်သေလိုက်မယ်။ မဟုတ်လည်း သူများကို သွားသတ်ရမှာ။ သူက မသတ်လည်း သူများက သူ့ကို သတ်မှာ။ အချင်းချင်း သတ်ရမယ့်အတူတူ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တာပဲ ကောင်းပါတယ်”

သူ့သားစကားကို မိခင်က ပြန်ပြောတယ်။ သူက အိမ်ခြေရှစ်ဆယ်လောက်ရှိတဲ့ ပအိုဝ်းရွာတရွာကပေါ့။

အင်္ဂလိပ်ခေတ်က “ သေသော်မှတည့် ဪကောင်း၏” ဆိုတဲ့ ဆီးဘန်းနီဆရာတော်ရဲ့စာကို ခုမှပဲ သဘောပေါက်သလိုလို ဖြစ်သွားတယ်။ ဘာတဲ့၊ “ထီးသုဉ်းနန်းသုံး မြို့သုဉ်းသုည သုဉ်းသုံးဝဖြင့် သုဉ်းရပြန်လစ် သုညခေတ်ဝယ် ဖြစ်လာရလေ ဒို့တတွေသည် သေသော်မှတည့် ဪကောင်း ၏”။ 

အခုလဲ နံပါတ် ၁ သုဉ်းတာက “ပြည်သူ့စစ်အဖြစ် လာခေါ်တာ”

ဒုတိယသုဉ်းက “သူများကို သွားသတ်ရမယ်”

တတိယသုဉ်းက “သူများက သူ့ကို သတ်မယ်” ။

အဲဒီတော့ သုဉ်းသုံးဝဖြင့် သုဉ်းရပြန်လစ် သုညခေတ်ဝယ် ဖြစ်လာရလျှင် သေသော်မှတည့် ဪကောင်း၏ဆိုတဲ့အတိုင်း သူ့ကိုယ်သူ သတ်သေလိုက်မယ်လို့ သူ့အမေကို ပြောလိုက်တာ။

မအေတယောက် ဘယ်လောက် ပူလောင်မလဲ။ ဘယ်လိုနေနေရမလဲ။ သူ့သား သူ့ဘာသာ သတ်သေမယ့်ရက်ကို စောင့်နေရတဲ့ မိခင်တယောက်ကို ပအိုဝ်းတိုင်း ပြည်သူ့စစ်ဖြစ်ရမယ်လို့ ပြောပြောနေတဲ့ ပအိုဝ်းအမျိုးသားခေါင်းဆောင် PNO သခင်ကြီးဦးအောင်ခမ်းထီ ဘာပြောမလဲ။

ပအိုဝ်း အကိုးကွယ်ခံ ဆရာတော်တွေ ဘာပြောမလဲ။

“စစ်တပ်သာလျှင် မဟာသူတော်ကောင်း” လို့ မဟုတ်တရုတ် ဇာတ်ကြောင်းတွေ ပအိုဝ်းလူထုထဲ အမြဲမပြတ် တင်ဆက်ပေးနေတဲ့ ပအိုဝ်းမှော်တွေ ဘာပြောမလဲ။

လူငယ်လေးတွေကို ပြည်သူ့စစ်စာရင်းပေးသွင်းနေတဲ့ သူကြီးတွေ ဘာပြောမလဲ။

သင်္ကြန်ပြီးမှ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်မယ်လို့ လူထုကို လိမ်ညာပြီး အုပ်ကြီးတွေကတဆင့် မဟားဒယား သင်တန်းသားငါးထောင်လောက် ရှာဖွေသွားသူတွေဟာ ခု သင်္ကြန်ပြီးတာနဲ့ လမ်းပေါ်မှာတွေ့သမျှလူငယ်လူရွယ်တိုင်းကို ဆွဲခေါ်ဖမ်းဆီးစစ်သင်တန်းကျောင်းကို ဇွတ်အတင်းပို့ပြီ။ ဖြူးမှာ စလုပ်တဲ့ပုံစံက အုက်ကြီးမသုံးတော့။ သူတို့ စိုးမိုးတဲ့မြို့တွေကနေ လမ်းပေါ်ထွက်လာတဲ့ လူငယ်​တိုင်းကို ဖမ်းဆွဲ တခါတည်းသင်တန်းကျောင်းပို့ လုပ်လိုက်တယ်။ မြို့ပြလူငယ်တိုင်း မြို့ကို တက်လာတဲ့ လူငယ်တိုင်းဟာ သူတို့ရဲ့ သားကောင်ဖြစ်သွားပါပြီ။ အားလုံးဟာ အိမ်ထဲမှာ ကြာကြာအောင်းနိုင်လို့ မဖြစ်နိုင်တော့ဘူး။ 

လူငယ်တွေဟာ နီးစပ်ရာ အဖွဲ့တွေဆီ ပြေးဖို့ပါပဲ။ စစ်မှုထမ်းရှောင် ရောက်လာတဲ့ လူငယ်တိုင်းအတွက် လက်ခံတဲ့အဖွဲ့တွေကို လူအရေအတွက်အလိုက် ထောက်ပံ့ကြေးပေးဖို့ လိုပါမယ်။ အဲဒီအတွက် နိုင်ငံတကာအဖွဲ့တွေ အစိုးရတွေကို အကူအညီတောင်းခံဖို့ပါ။ မဟုတ်ရင် ပအိုဝ်းလူငယ်လေးတွေးသလို အချင်းချင်း ပြန်သတ်ရကိန်းဆိုက်လာတော့မှာဖြစ်ပါတယ်။ အချင်းချင်း မသတ်ချင်လို့ ကိုယ့်ကိုယ်ကိုယ်ပြန်သတ်တာမျိုးမဖြစ်အောင် အားလုံး ဝိုင်းဝန်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ 

အဖွဲ့တွေက စစ်မှုထမ်းရှောင် မျှလက်ခံ၊ နုကြည်လို တာဝန်ရှိအဖွဲ့တွေက ဝိုင်းထောက်ပံ့၊ ရှောင်လာသူတွေ နိုင်ရာတာဝန်ထမ်းဖို့ စီမံလုပ်ဆောင်ပေးဖို့ အရေးတကြီး အကောင်အထည်ဖော်ရတော့မည်ဖြစ်ပါကြောင်း။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar