Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၈၂ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၈၁ )

(မိုးမခ) ဧပြီ ၂၂၊ ၂၀၂၄

22/4/24

Diary in the darkness 


ဒီမနက် ပဲပြုတ်သည် မလာလို့ ဈေးထဲ သွားဝယ်။ ဈေးသွားတဲ့ လမ်းတလျှောက်မှာ အိမ်ဆိုင် အသစ်ကလေးတွေ အများကြီးတိုးလာတယ်။

ရပ်ကွက် ကျူးကျော်ဈေးဖျက်ပြီး လမ်းချဲ့လိုက်တော့ ဈေးသည်တွေ ရပ်ကွက်အတွင်း လမ်းတွေမှာ တဲထိုးရောင်းကြလို့ ဖြစ်ပါတယ်။ ယခု ရပ်ကွက်ကျူးကျော်ဈေးနေရာဟာ ရပ်ကွက်တည်ခါစက စည်ပင်ဈေးနေရာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ အခု ကိုယ်ပိုင်အိမ်ကြီးတဆောင် ဖြစ်နေပြီး ဈေးသည်တွေက လမ်းဘေးမှာ ဈေးဗန်းခင်းရောင်းနေကြတာပါ။ လမ်းချဲ့မယ်ဆိုတော့ ဈေးသည်တွေက ကိုယ့်ဆိုင်ကိုယ်ဖျက်ပြီး ဟိုရွှေ့ ဒီရွှေ့ ဟိုပြေး ဒီပြေးပေါ့။ ဒီလိုအဖြစ်အပျက်မျိုးပေါ် မူတည်ပြီး အကြံအဖန် စီးပွားရေးလုပ်တာကို စစ်အစိုးရရဲ့ "ဈေးကွက်စီးပွားရေး" မူဝါဒနဲ့အညီပေါ်ပေါက်လာတဲ့ "ဈေးဖျက်စီးပွားရေး" လို့ လူသိများပါတယ်။

လမ်းသစ်ခင်းထားတဲ့ ဘေးတဖက်တချက် နေပူကြဲမှာ မှာ ဗန်းငယ်ကလေးတွေခင်းပြီး ကျီးကြည့် ကြောင်ကြည့် မျက်လုံးတွေနဲ့ ဈေးသည်တွေထဲမှာ ပဲပြတ်သည်ကို မနည်းရှာရပါတယ်။ တွေ့ပြန်တော့လည်း ပဲပြုတ်တွေက မာတောင့်တောင့်၊ အေးစက်စက်။ ချေးများနေလို့မရဘူး။ သူကလည်းရှိတာ ရောင်းတာ။ ကိုယ်ကလည်း ရှိတာကို ရောင်းတဲ့ဈေးနဲ့ ဝယ်ရုံမှတပါး အခြားမရှိ။ မနက်ဖန်ဆို ဘာဖြစ်မယ် ဘယ်သူမှ မသိ။ ပဲပြုတ် လက်တခုပ် ကျပ် ငါးရာ။

ရခိုင်ပြည် စစ်တွေမှာတော့ ဘင်္ဂါလီလက်နက်ကိုင်တွေ ရခိုင်တွေကို သတ်ဖို့ လာနေပြီ ဆိုတဲ့ ကောလာဟလတွေကြောင့် ဒေသခံတွေ ထိတ်လန့်နေတယ်လို့ ရခိုင်သတင်းဌာနတွေက ဆိုပါတယ်။ AA ကို ဆန့်ကျင်တဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီ လက်ပါးစေ ဘင်္ဂါလီတွေဟာ စစ်တွေမြို့ လမ်းတွေပေါ်ထိ အုပ်စုဖွဲ့ ချီတက်လာပြီ ဆိုတဲ့ သတင်းတွေလည်း ပြန့်နေပါတယ်။

မြဝတီအခြေအနေကတော့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ ဘတပြန် ကျားတပြန် အခြေအနေပါပဲ။ ကရင်လက်နက်ကိုင်တွေနဲ့ စစ်ကောင်စီအကျိုးစီးပွားဟာ နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်နေတာဟာ အဓိက ပြဿနာလို့ သုံးသပ်နေကြပါတယ်။

စစ်နဲ့ ကိုယ်ကျိုးစီးပွား ချိတ်ဆက်နေမှုဟာ တော်လှန်ရေးကို နောက်ကျောက ထိုးတဲ့ ဓားတလက်ပါပဲ။


အန်ကယ် တူမီး

22/4/24

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar