နေသွင်ညိဏ်း - ပညာနှင့် အာဏာ
ပညာနှင့် အာဏာ
နေသွင်ညိဏ်း
(မိုးမခ) ဧပြီ ၁၀၊ ၂၀၂၄
(ကွယ်လွန်သူ ချက်သမ္မဟောင်း ဗားကလက်ဟာဗဲလ်ရေးသည့် The intellectual and politics ဆောင်းပါးကို ဘာသာပြန်ပါသည်။)
ပညာတတ်ဆိုတာ ဘယ်လို လူမျိုးကို ခေါ်သလဲ။ အရာရာကို လေးလေး နက်နက်နားလည်ဖို့ လုံ့လစိုက်ထုတ်သူ၊ အကျိုးအကြောင်း၊ အဆက်အစပ်ကို ဆင်ခြင်နိုင်စွမ်းရှိသူ၊ လူ့အဖွဲ့အစည်းထဲက အသေးအမွှားကအစ အလေးထားသင်ယူရင်း လောကကောင်းကျိုးအတွက် တာဝန်သိစိတ်နဲ့ ပြန်လည် ကျေးဇူးပြုတတ်တဲ့ လူမျိုးလို့ ဆိုရပါမယ်။
ဒီလိုဆိုလိုက်တဲ့အတွက် ပညာတတ် မှန်သမျှ နိုင်ငံရေးနဲ့ ပတ်သက်ဖို့ တာဝန်ရှိသွားတဲ့ အဓိပ္ပါယ်မျိုးဖြစ်သွားပါသလား။ ဒီလို မဟုတ်ပါဘူး။ နိုင်ငံရေးလို့ ဆိုလိုက်တဲ့အခါမှာ နိုင်ငံရေးသမားတစ်ယောက်မှာ ရှိရမယ့် တခြား ထူးခြားတဲ့ အရည်အသွေးတွေ အများကြီးလိုအပ်လာပါတယ်။ တချို့လူတွေမှာ ဒီလိုအရည်အသွေးတွေ ရှိကြပေမယ့် တချို့မှာတော့ မရှိကြပါဘူး။ ပညာတတ်ခြင်း မတတ်ခြင်းက နောက်တစ်ပိုင်းပါ။
ကျနော် လေးလေးနက်နက် ယုံကြည်ထားတာကတော့ ဒီနေ့ ခေတ်မှာ အသိပညာ၊ အတွေးအခေါ် မြင့်မြင့်မားမား နိုင်ငံရေးသမားတွေ ပိုတောင် လိုအပ်နေတယ်။ သတ္တိရှိဖို့၊ သဘောထားပြည့်၀ဖို့၊ အမြော်အမြင်ကြီးဖို့လိုအပ်တယ်။ လက်ငင်း ကြုံနေရတဲ့ အခြေအနေ၊ အချိန်အခါရဲ့ လွှမ်းမိုးမှုကို ထိုးထွင်းပြီး ရှေ့ကို ကြိုတင်မြင်နိုင်စွမ်းတဲ့ နိုင်ငံရေးသမားတွေ အများကြီး လိုအပ်ပါတယ်။ ခေတ်က တောင်းဆိုနေတဲ့ နိုင်ငံရေးသမားဆိုတာ အာဏာရရေးသက်သက်၊ ဒါမှမဟုတ် မိမိပါတီ၊ မိမိနိုင်ငံ အကျိုးစီးပွားသက်သက်လောက်နဲ့ လမ်းမဆုံးဘဲ၊ မျက်မှောက်ခေတ် လူသားထုအားလုံးရဲ့ အကျိုးစီးပွားအတွက် စေတနာနဲ့ လုပ်ပေးနိုင်စွမ်း ရှိဖို့ လိုအပ်တယ်။ လူတော်တော်များများမှာ ဒီလို အရည်အသွေးတွေ မရှိနိုင်ပေမယ့် လူတိုင်းကျင့်ကြံဖို့တော့ လိုပါတယ်။
ဒီနေ့ ခေတ်မှာ နိုင်ငံရေးဆိုတာဟာ ရေပွက်ပမာ ဆိုသလို လူအများနဲ့ မီဒီယာတွေရဲ့ ခုတစ်မျိုး၊ တော်ကြာတစ်မျိုး စိတ်အပြောင်းအလဲနောက်ကို လိုက်ကြရလွန်းတယ်။ နိုင်ငံရေးသမားဟာ တစ်ပွဲတိုးကိစ္စတွေ၊ ရေတို အကျိုးအမြတ်တွေနဲ့ပဲ အချိန်ကုန်နေကြတယ်။ နိုင်ငံရေး သမားတော်တော်များများဟာ ဒီနေ့ ညနေခင်းမှာ ရုပ်မြင်သံကြား သတင်းက ဘာပြော၊ မနက်ဖြန် မနက်ကျတော့ လူထုသဘောထားက ဘယ်လို၊ နောက်တစ်နေ့ ညနေ ရုပ်မြင်သံကြား သတင်းမှာ ကိုယ့်ပုံ ပါလာရေး စတဲ့ကိစ္စတွေနဲ့ပဲ အချိန်ကုန်နေသလိုမျိုး ဖြစ်နေတယ်။ ဒါကြောင့် မီဒီယာခေတ်ကြီးက ဝင်းစတားချာချီလို နိုင်ငံရေးသမားမျိုးတွေ ထွက်ပေါ်လာဖို့ အားပေးပါ့မလားဆိုတာ မသေချာတော့ဘူး။ ခြွင်းချက်ဆိုတာ နေရာတကာ ရှိနေပေမယ့် ကျနော်ကတော့ အများကြီး မမျှော်လင့်ရဲပါဘူး။
အဓိပ္ပါယ်ကတော့ ကျနော်တို့ခေတ်မှာ ရေရှည်အတွက် စဉ်းစားတွက်ချက်နိုင်တဲ့ နိုင်ငံရေးသမားတွေ နည်းပါးလာလေလေ၊ ချာချီလို နိုင်ငံရေးသမားမျိုး များများ လိုအပ်လေလေပါပဲ။ ဒါကြောင့် အစမှာ ကျနော် ပြောတဲ့ အရည်အချင်းမျိုး ရှိတဲ့ လူစားမျိုးတွေ နိုင်ငံရေးမှာ အများကြီး လိုအပ်ပါတယ်။ ဒီလိုနိုင်ငံရေးသမားမျိုးကို ထောက်ခံသူတွေကလည်း သူတို့ကိုယ်တိုင် အကြောင်းကြောင်းကြောင့် နိုင်ငံရေးနဲ့ ထဲထဲဝင်ဝင် မပတ်သက်ချင်ပေမယ့် ဒီလိုမျိုးအတွေးအခေါ်နဲ့လုပ်ရပ်ရှိတဲ့ နိုင်ငံရေး သမားမျိုးမှ သဘောမျှတဲ့ လူစားမျိုးတွေ ဖြစ်တတ်ပါတယ်။
နိုင်ငံရေးသမားဆိုတာ ပြည်သူ့အကြိုက်လိုက်ဖို့လိုတယ်လို့ တချို့က စောဒက တက်ကြတယ်။ ပြည်သူက ရွေးမှ နိုင်ငံရေးသမား ဖြစ်မယ်ပေါ့။ မဲဆန္ဒရှင်တွေကတော့ သူတို့ စဉ်းစားသလို လိုက်စဉ်းစားတဲ့ လူတွေကို မဲပေးကြမှာပါပဲ။ ဒါကြောင့် နိုင်ငံရေးမှာ အောင်မြင်ချင်တယ်ဆိုရင် လူတွေရဲ့ အကြိုက်ကို သိရတယ်။ ရိုးရိုးသာမန် မဲဆန္ဒရှင်တွေရဲ့ အမြင်ကို မလေးစားလို့ မရတော့ဘူး။ ဒီလိုနဲ့ နိုင်ငံရေးသမားတစ်ယောက်ဟာ မှန်လိုမျိုး ကျင့်ရတော့တယ်။ လူကြိုက်နည်းတဲ့ အမှန်တရားတွေက လူသားတစ်ရပ်လုံးရဲ့အကျိုးစီးပွား ဖြစ်ပါစေဦး။ မဲဆန္ဒရှင်တွေရဲ့အမြင်နဲ့ဆန့်ကျင်နေရင် ရူးချင်ယောင် ဆောင်နေလိုက်တော့တယ်။
တကယ်တမ်း ကျနော့် ယုံကြည်ချက်က နိုင်ငံရေးဆိုတာဟာ ရေတိုဆန္ဒတွေကို ဖြည့်ဆည်းပေးရတာနဲ့ မသက်ဆိုင်ပါဘူး။ တကယ့် နိုင်ငံရေး သမားဆိုတာဟာ မိမိယုံကြည်ထားတဲ့ ကိုယ်ပိုင်အတွေးအခေါ်ကို လူကြိုက်နည်းနေသေးရင်တောင် လူအများ လက်ခံလာအောင် စည်းရုံးရမယ်။
နိုင်ငံရေးလုပ်တယ်ဆိုတာ မဲဆန္ဒရှင် ပြည်သူတွေကိုယ်တိုင်က ဒီကိစ္စမှာ ဒီနိုင်ငံရေးသမားက ငါတို့ထက် ပိုသိတယ်ဟဲ့ဆိုတဲ့ ယုံကြည်စိတ်ဖြစ်လာအောင် စည်းရုံးရတာ။ ဒီလို ယုံကြည်စိတ်ကြောင့်ပဲ မဲဆန္ဒရှင်ပြည်သူတွေက အကြောင်းကြောင်းကြောင့် သူတို့ နားမလည်နိုင်တဲ့ ကိစ္စရပ်တွေမှာ သူတို့ထက် နားလည်တတ်ကျွမ်းတယ်လို့ သူတို့ထင်တဲ့ နိုင်ငံရေးသမားကို မဲပေး၊ သူတို့ကိုယ်စား ယုံယုံကြည်ကြည် တာဝန်အပ်နှင်းကြတာပဲလေ။
မှန်ပါတယ်။ လူထုကို ရေလွှဲလိုက်လိုသူတွေ၊ အာဏာရှင်လောင်းလျာတွေ၊ တပွဲတိုး သမားတွေကလည်း ဒီအတိုင်းပဲ သံကောင်းဟစ်ကြမှာပါပဲ။ ကွန်မြူနစ်တွေကလည်း သူတို့သာလျှင် အသိဉာဏ်အရာမှာ အမြင့်ဆုံး၊ အမြတ်ဆုံးဖြစ်လို့ သူတို့သာ စိတ်တိုင်းကျ အုပ်ချုပ်ခွင့် ရှိတယ်ဆိုတဲ့ အချိုးမျိုးနဲ့ စိတ်ကြီးဝင်ခဲ့ကြတာပါပဲ။
စစ်မှန်တဲ့ နိုင်ငံရေးဆိုတာကျတော့ ကောင်းတဲ့ ကိစ္စတွေအတွက် ပြည်သူဆီက ထောက်ခံမှုကို ရယူတဲ့ ပညာပါပဲ။ ဒီလို ကြိုးပမ်းတဲ့ အခါ ရေတို အကျိုးစီးပွားတွေနဲ့ မကိုက်ညီတာလည်း ကြုံရနိုင်ပါတယ်။ ဒီလို အခြေအနေ ကြုံလာတဲ့အခါမျိုးမှာ နဂို မူလ ကောင်းတဲ့ ရည်ရွယ်ချက်ကို မျက်ခြေပြတ်မသွားဖို့ နည်းလမ်းမျိုးစုံနဲ့ အစစ်ဆေးခံနိုင်ရပါတယ်။ ဒါမှပဲ မိမိအပေါ် ယုံကြည်တဲ့ ပြည်သူတွေဟာ မုသားစကားကို ယုံကြည်ပြီး တံလှပ်ကိုရေထင် ရွှေသမင် အလိုက်မှား၊ မစားရ ၀ခမန်း အဖြစ်မျိုးကနေ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
ဒီလို မကောင်းမှုမျိုးကို ကျူးလွန်တဲ့နေရာမှာ ပညာတတ်ဆိုသူတွေက သူမတူအောင် ထူးချွန်ကြတယ်လို့ ဆိုကြပါတယ်။ ပညာတတ်တွေဟာ သူတို့ရဲ့ သိမှုဆိုတာကြီးကို အားလုံးရဲ့ အထက်မှာ ထားပြီး၊ သူတို့ ကိုယ်တိုင်ကလည်း အားလုံးရဲ့ အထက်မှာ နေချင်ကြတဲ့ သူတွေပါ။ သူတို့တွေ ရွှေဉာဏ်တော် စူးရောက်သမျှ ပြည်သူက နားမလည်ဘူးဆိုရင် ပြည်သူက ဉာဏ်ရည်မမီသေးတာကြောင့်လို့ ပြောတတ်ကြပါတယ်။ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ ၂၀ ရာစုမှာ ဒီလို အန္တရာယ်ရှိတဲ့ ပညာတတ်တွေ၊ တတ် ယောင်ကားတွေရဲ့ စိတ်နေစိတ်ထားတွေက ဘယ်လိုမျိုးလဲဆိုတာ အကဲဖြတ်ဖို့ ဘာမှ မခက်ခဲလှပါဘူး။ ခေတ်သစ် အာဏာရှင်စနစ်ကို အလုပ်အကျွေးပြုနေကြတဲ့ ပညာတတ်ဆိုသူတွေကို ဘယ်လောက်တောင် များနေသလဲဆိုတာကိုပဲ ကြည့်လိုက်ပါဦး။
တကယ့်နိုင်ငံရေးသမားကောင်းဆိုတာ ကမ္ဘာကြီးရဲ့အမှန်တရားအကြောင်းကို မုသားမပါဘဲ လူတွေကို ရှင်းပြနိုင်စွမ်းရှိရမယ်။ လူတွေမှာ ရှိတဲ့ ကောင်းမြတ်တဲ့ အရည်အသွေးတွေ၊ ကောင်းမြတ်တဲ့ တန်ဖိုးထားမှုတွေကို မြှင့်တင်ပေးနိုင်ရမယ်။ အောက်ခြေမလွတ်၊ အထက်စီးမဆန်ဘဲ ပြည်သူနဲ့ တသားတည်း ရှိရမယ်။ လူတွေရဲ့ စိတ်အပြောင်းအလဲနဲ့ မီဒီယာတွေဆွဲခေါ်ရာနောက် လိုက်မသွားဖို့လည်း လိုအပ်ပါတယ်။ မိမိရဲ့ လုပ်ရပ်တွေ မှန်၊ မမှန်ဆိုတာကိုလည်း အမြဲဝေဖန်စစ်ဆေးခံဖို့ ဘယ်တော့မှ ဝန်မလေးရပါဘူး။
နိုင်ငံရေးသဘာ၀က ဒီလို ရှိတာကြောင့် ပညာတတ်တွေအနေနဲ့ ကိုယ့်ရဲ့ ဖြစ်တည်မှုအတွက် နည်းလမ်းနှစ်သွယ်ထဲက ကြိုက်ရာကို ရွေးချယ်နိုင်ပါတယ်။ ပညာတတ် သိက္ခာလည်း မကျ၊ အရှက်တကွဲအကျိုးနည်းလည်း မဖြစ်ချင်ဘူးဆိုရင် နိုင်ငံရေးရာထူးကို ယူတဲ့အခါမှာ အာဏာအတွက်၊ နေရာအတွက် မဟုတ်ဘဲ ကိုယ်ယုံကြည်ရာအတွက် ရဲရဲသာ လုပ်ပါ။ ဒါမှမဟုတ်ရင်လည်း အာဏာယူထားတဲ့ သူတွေ အမှားမလုပ်ရအောင် သူတို့ ရှေ့မှာ ကြေးမုံပြင်လို မားမားမတ်မတ် ဝေဖန်ထောက်ပြပေးပါ။ ဒီလို တည့်မတ်ပေးတဲ့အခါမှာ အစဉ်အလာပညာရှင်ထုံးကို နှလုံးမူပြီး မဟုတ် မမှန်တဲ့ ကိစ္စမှန်သမျှကို စကားတန်ဆာမဆင်ဘဲ ပညာရှင် ပီပီသသ ဟုတ်တိုင်းမှန်ရာ အားမနာတမ်း ဝေဖန်ထောက်ပြသင့်ကြပါတယ်။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar