မောင်ဘဦး - "သံချပ်ထိုးရင်း ပြေးရခြင်း" (၁၃၈၅-၈၆ခုနှစ်၊ "အထက်အညာမှ ဗိုလ်သခင်ဆရာ"သံချပ်အဖွဲ့)
"သံချပ်ထိုးရင်း ပြေးရခြင်း"
(၁၃၈၅-၈၆ခုနှစ်၊ "အထက်အညာမှ ဗိုလ်သခင်ဆရာ"သံချပ်အဖွဲ့)
မောင်ဘဦး
(မိုးမခ) ဧပြီ ၁၀၊ ၂၀၂၄
မှတ်ချက် * (စည်တိုလင်းကွင်း - အသံမာမာပြင်းပြင်း ရိုက်တီးရန်)
(သံချပ်သဘောသဘာဝအရ အတိုင်ဆရာက အပိုဒ်အချို့တွင် လေသံခပ်တိုးတိုး၊ အချို့အပိုဒ်များတွင် အသံခပ်မာမာဖြင့် သံချပ်တိုင်ပေးရန်)
(ကျေးဇူးပြု၍ ပါဖောင်းမင့် အက်ရှင်ဖြင့် ဖတ်ရှုပါရန်)
(၁)
(××အကြောင်းဆုံရင်×အလည်တစ်ခေါက်လာရောက်စေချင်တာ× ရိုးမ တောင်ခြေစခန်း× ဖြိုးဖျမှောင်ရီသန်း× မှန်းမျှော်ကြည့် ရင်ထဲမချိစရာ ××)
***သန်းထွန်းလေး၏ ညီလေးတို့ရွာသီချင်း အစပိုင်းကိုသာဖွင့်ရန်၊ ဖွင့်ပြီးသည်နှင့် ***သင်္ကြန်စည်တိုနှင့်ဒိုး၊ ၂ ဘား တီးရန်***
[လာလည်လှည့်ပါ ရွှေအညာသို့ - ဖိတ်မန္တက မဟာသင်္ကြန်။
ဖိတ်မန္တက မဟာသင်္ကြန် - အလည်လာပါ ရွှေအညာသို့။]
[အညာဒေသ သံချပ်သံ - မကြားရပြန် သုံးနှစ်သုံးမိုး။
မကြားရပြန် သုံးနှစ်သုံးမိုး - အညာဒေသ သံချပ်သံ]
[လိုင်းမမိတမိ သံချပ်စဉ် - အမှားပါလျှင် ဝန္ဒာမိဗျို့။
အမှားပါလျှင် ဝန္နာမိဗျို့ - လိုင်းမမိတမိ သံချပ်စဉ်။]
[အညာသူအညာသား ကျန်းမာစေ - ဟိုကိုယ်တော်တွေ မပါစေချင်ဘူး။
*ဟိုကိုယ်တော်လေ မပါစေချင်ဘူး - *အညာသူအညာသား ကျန်းမာစေ။]
[ပီဒီအက်တို့ မာကြပါစေ - မောင်းပြန်အသစ်တွေ ကိုယ်စီကိုယ်ငှ။
မောင်းပြန်အသစ်တွေ ကိုယ်စီကိုယ်ငှ - ပီဒီအက်တို့ မာကြပါစေ။]
[အီးအေအိုအပေါင်း ကျန်းမာစေ - နယ်စပ်ဝင်ငွေ အပြည့်အဝ။
နယ်စပ်ဝင်ငွေ အပြည့်အဝ - အီးအေအိုအပေါင်း ကျန်းမာစေ။]
[တပြည်လုံးလည်း ကျန်းမာစေ - အလံဖြူတွေ အပါအဝင်ဗျ။
အလံဖြူထောင်တွေ အပါအဝင်ဗျ - တပြည်လုံးလည်း ကျန်းမာစေ။]
[မိုး မိုး မိုးလား မယ်ရို့ - လေ လေ လေပါမောင်ရို့။
လေ လေ လေလား မယ်ရို့ - *မိုး မိုး မိုးပါမောင်ရို့။]
[(တိုင်) - အတိုင်အဖေါက် ညီကြပါ - တစ်ယောက်တပေါက်ဆိုတာ မကောင်းပါဘူး။
(ဖောက်) - *အတိုင်အဖောက် မညီနိုင်ပါ- *ကျုပ်တို့အညာ ဗိုလ်သခင်ဆရာ များ။]၂
[(တိုင်) - မိုးလေဝသ သတင်းထုတ်ပြန် × ထွန်တုံးထွန်တံ ပြင်ကြဆင်ကြ။
(ဖောက်) - စစ်ခွေးမီးရှိူ့ လူသတ်ပြန် × ထွန်တုံးထွန်တံ မပြင်နှိုင်ဘူးဗျ/ရှင့်။]၂
[မိုးလေဝသ သတိပေးပြန် - မိုးကြီးလေထန် ပြေးရလွှားရ။
မိုးကြီးလေထန် ပြေးရလွှားရ - မိုးလေဝသ သတိပေးပြန်။]
[ဘာတွေလုပ်လို့ ဘာရှူပ်နေ - *(စစ်ခွေးတွေလာ ပြေးရပုန်းရ/ *စစ်ခွေးတွေလာ ပြေးရပုန်းရ)]၂
[ဘာတွေလုပ်လို့ ဘာရှူပ်နေ - *(မီးလောင်အိမ်တွေ ရှင်းလင်းနေတုန်း)၂]
*[မီးရှိူ့စစ်တပ် အင်အားဟာ - မောင်တို့အညာ နှစ်ဆယ်,အစိတ်။
မောင်တို့အညာ နှစ်ဆယ်,အစိတ် - မီးရှိူ့စစ်တပ် အင်အားဟာ။]
*[ခြင်္သေ့ဆွဲစား ကျွဲနွားတွေ - အညာမြေဆီ မလာလောက်သေးဘူး။
အညာစစ်မြေ မဖြစ်လောက်သေးဘူး - ခြင်္သေ့ဆွဲစား ကျွဲနွားတွေ။]
[လက်နက်အင်အား မပြည့်စုံ - အရေးကြုံရင် သင်တန်းတက်ထား။
အရေးကြုံရင် သင်တန်းတက်ထား - လက်နက်အင်အား မပြည့်စုံ။]
*[ရေလိုက်ငါးလိုက် နေကြပြန် - *အနာမခံ အသာမစံရ။
*အနာမခံ အသာ မစံရ - *ရေလိုက်ငါးလိုက် နေကြပြန်။]
[တိုင်းရင်းသားတို့ အောင်ပွဲခံ - ဒီဝီဇီယမ် တပ်မ,ကြီး ကျ။
ဒီဝီဇီယမ် စောက်တပ်ကြီး ကျ - တိုင်းရင်းသားတို့ အောင်ပွဲခံ။]
[လက်နက်ခဲယမ်း တောင်လိုပုံ - ရိက္ခာမျိုးစုံ အကုန်ရရှိ။
ရိက္ခာမျိုးစုံ အကုန်ရရှိ - လက်နက်ခဲယမ်း တောင်လိုပုံ။]
['ဟဟ'ပေးကြ လေတပ်တော် - ခုချိန်ခါနော် အပေါက်တွေပိတ်။
ခုချိန်ခါနော် 'စပေါက်'တွေပိတ် - 'ဟဟ'ပေးကြ လေတပ်တော်။]
['နုကြည် အနူ' ဆိုတဲ့ကောင် - ခေါင်းမပြူရဲအောင် ဆော်လိုက်ပုံက။
ခေါင်းမပြူရဲအောင် ဆော်လိုက်ပုံက - 'နုကြည် အနူ' ဆိုတဲ့ကောင်။]
[တပ်ချုပ်,ဒုချုပ် ခရီးစဉ် - ရောက်ပြီဆိုရင် ပြန်လှည့်ပြန်လှည့်။
ရောက်ပြီဆိုရင် ပြန်လှည့်ပြန်လှည့် - တပ်ချုပ်,ဒုချုပ် ခရီးစဥ်။]
*[တကယ်ချတော့ ထွက်ပြေးသနော် - *စတန်းဒပ်အာမီ ခေါ်ပါသလား။
*စတန်းဒပ်အာမီ ခေါ်ပါသလား - *တကယ်ချတော့ ထွက်ပြေးသနော်။]
***အချ။ စည်တိုလင်းကွင်း ၂ ချက်ဆင့်တီး၍ ဆို့ထားရန်***
(၂)
×မြူးကြွတဲ့တေးသံ×ပျံ့လွင့်လို့နေ×ကူပြောင်းစ တန်ကူးနွေမှာ×
(ပွဲဖျက်တဲ့မိုး'လို့ မပြောကြရအောင်× သင်္ကြန်မိုးပြေးလေး စိုရုံဖျန်းပက်အုံး××)၂
(နောက်ခံ - သင်္ကြန်သီချင်း အထက်ပါစာပိုဒ်အတိုင်း ဆို/တီးရန်)***
[(တိုင်) - နှစ်သစ်ကူးပြောင်း သင်္ကြန်ခါ - မာစေသာစေ မောင်ရို့မယ်ရို့။
*(ဖောက်) - နှစ်သစ်ကူးပြောင်း သင်္ကြန်ခါ - စစ်ခွေးမပါ မာကြသာကြ။]၂
[သင်္ကြန်မိုးက ပြည်မဖျက်ပါ - တိုင်းပြည်ဖျက်တာ မင်းအောင်လှိူင်ပဲ။
*တိုင်းပြည်ဖျက်တာ မင်းအောင်လှိူင်ပဲ - *သင်္ကြန်မိုးက ပြည်မပျက်ပါ။]
[မြန်မာပြည်ကြီး ငြိမ်းအေးရန် - 'ဂျပု'အမြန် သေမှသေမှ။
'ဂျပု'အမြန် သေမှ သေမှ - မြန်မာပြည်ကြီး ငြိမ်းအေးရန်။]
['ဖက်ဆစ်ဂျပု' အမြန်သေ - ဖက်ဒရယ်ဒို့ပြည် ချမ်းသာမလွဲ။
ဖက်ဒရယ်ဒို့ပြည် ချမ်းသာမလွဲ - 'တပ်ချုပ် ဂျပု' အမြန်သေ။]
[ကြင်စိုးသောက်ပု အမြန်သေရန် - ဒေါက်တိုင်မှန်ရင် ချန်မထားနဲ့။
*ဒေါက်တိုင်မှန်ရင် ချန်မထားနဲ့ - *ကြင်စိုးသောက်ပု အမြန်သေရန်။]
[မအလရဲ့ ဒေါက်တိုင်တွေ - မင်းတို့ရှိတာ ဆန်ကုန်မြေလေး။
မင်းတို့ရှိတာ ဆန်ကုန်မြေလေး - မအလရဲ့ ဒေါက်တိုင်တွေ။]
[ဒေါက်တိုင်အုပ်ကြီး မှောက်လို့သေ - ခေါ်ဦးလေကွာ စစ်မှူထမ်းဖို့။
ခေါ်ဦးလေကွာ စစ်မှူထမ်းဖို့ - ဒေါက်တိုင်အုပ်ကြီး မှောက်လို့သေ။]
[ဟိုအစ်မကြီး 'နမ်းစီဒင်' - မသေချင်ရင် အမြန်ဝင်လှည့်။
နှုတ်ခမ်းနီမဆိုးခင် အမြန်ဝင်လှည့် - ဟိုအစ်မကြီး နမ်းစီဒင်။]
(၃)
*မြန်မာ့ရှူခင်း မြန်မာ့စိတ်ရင်း သီချင်းအင်ထရို တီးလုံးချည်း ၂ခေါက်တီးရန်*
***ပြီးလျှင် သင်္ကြန်ဒိုးနှင့်စည်တို ဝင်***
[သယံဇာတ အလျံအပယ် - သုံးဖူးပေါင်ကွယ် ဒို့ပြည်သူများ။
မသုံးဖူးပေါင်ကွယ် ဒို့ပြည်သူများ - သယံဇာတ အလျံအပယ်။]
[သဘာဝဓါတ်ငွေ့ အလျံအပယ် - မသုံးဖူးပေါင် ပြည်သူ့ဘဝ။
မသုံးဖူးပေါင် ပြည်သူ့ဘဝ - သဘာဝဓါတ်ငွေ့ အလျံအပယ်။]
[မြစ်အနောက်ဖက် 'စံပါယ်'တောင် - 'စံပါယ် ရေကန်' ဘဝကူးပြောင်း။
'စံပါယ် ရေကန်' ဘဝကူးပြောင်း - မြစ်အနောက်ဖက် 'စံပါယ်'တောင်']
[မြစ်အနောက်ဖက် 'ကြေးစင်'တောင် - 'ကြေးစင်ချောက်ကြီး' ဘဝကူးပြောင်း။
'ကြေးစင်ချောက်ကြီး" ဘဝကူးပြောင်း - မြစ်အနောက်ဖက် 'ကြေးစင်'တောင်။]
[မြစ်အနောက်ဖက် 'လက်ပတောင်း'တောင် - 'လက်ပတောင်းချောက်'ကို ဘဝကူးပြောင်း။
'လက်ပတောင်းချောက်'ကို ဘဝကူးပြောင်း - မြစ်အနောက်ဖက် 'လက်ပတောင်း'တောင်။]
[ကြေနီစစ်စစ် ရွှေနဲ့ငွေ - 'လက်ပတောင်း'တောင်ခြေ တူးဖေါ်ရရှိ။
မောင်တို့အညာမြေ တူးဖော်ရရှိ - ကြေနီစစ်စစ် ငွေနဲ့ရွှေ။]
[ကြေးစစ်စစ်ထွက် ဒို့ပြည်မှာ - မီးကြိုးတွေမှာ ဗလာနတ္ထိ။
ဒို့မီးကြိုးတွေ ကြေးဗလာနတ္ထိ - ကြေးစစ်စစ်ထွက် ဒို့ပြည်မှာ။]
*[ရှော့တွေဖြစ်လို့ မီးတွေလောင် - *ကံထရိုက်ဟိုကောင် ပြုံးဖြီးပြုံးဖြီး။
*ကံထရိုက်ဟိုကောင် ပြုံးဖြီးပြုံးဖြီး - *ရှော့တွေဖြစ်လို့ မီးတွေလောင်။]
***အချ။ စည်တိုလင်းကွင်း ၂ချက်ဆင့်တီး၍ ဆို့ထားရန်***
(၄)
*ရုတ်တရက် မီးသတ်ဥဩ ဆွဲစေ*
[မြို့ရွာအနှံ့ မီးတွေလောင် - မီးသတ်ဟိုကောင် ကာလနဂါး။
မီးသတ်တာဇံ ကာလနဂါး - မြို့ရွာအနှံ့အပြား မီးတွေလောင်။]
[စောက်တပ်ရှိူ့မီး မငြိမ်းဝံ့ပေါင် - သေရဲတဲ့ကောင် ငြိမ်းလှည့်ငြိမ်းလှည့်။
သေရဲတဲ့ကောင် ငြိမ်းလှည့်ငြိမ်းလှည့် - စောက်တပ်ရှိူ့မီး မငြိမ်းရဲပေါင်။]
[ပကဖတို့ ငြိမ်းဝံ့သည် - တချီတချီ ပွဲက,ကြသေး။
တချီတချီ ပွဲက,ကြသေး - ပကဖတို့ ငြိမ်းဝံ့သည်။]
[ကျုပ်တို့အညာဖြင့် ကုန်လုပြီ' - ပြာပုံတွေဆီ အလည်တစ်ခေါက်။
ပြာပုံတွေဆီ အလည်တစ်ခေါက် - ကျုပ်တို့အညာဖြင့် ကုန်လုပြီ'။]
ဘုရားစေတီ - ဗုန်း ကြဲ၊ (ပလို့ ဂျိ)
ဘုရားစေတီ - မီး ရှိူ့။ (ပလို့ ဂျိ)
စာသင်ကျောင်းတွေ - ဗုံး ကြဲ၊ (ပလို့ ဂျိ)
စာသင်ကျောင်းတွေ မီး ရှိူ့၊ (ပလို့ ဂျိ)
ကလေးသူငယ် - ဗုံး ကြဲ၊ (ပလို့ ဂျိ)
ကလေးသူငယ် - မီး ရှိူ့၊ (ပလို့ ဂျိ)
ကိုယ်ဝန်ဆောင်သည် ဗုံးကြဲ။ (ပလို့ ဂျိ)
ကိုယ်ဝန်ဆောင်သည် - မီးရှိူ့။ (ပလို့ ဂျိ)
သက်ကြီးရွယ်အို - ဗုံး ကြဲ၊ (ပလို့ ဂျိ)
သက်ကြီးရွယ်အို - မီး ရှိူ့။ (ပလို့ ဂျိ)
စစ်မဖြစ်လည်း - ဗုံးကြဲ၊ (ပလို့ ဂျိ)
စစ်ပွဲမရှိပဲ - မီး ရှိူ့။ (ပလို့ ဂျိ)
ဆန်တွေဖြန့်ကြဲ - မီးရှိူ့၊ (ပလို့ ဂျိ)
ဆီတွေလောင်းသွန် - မီးရှိူ့။ (ပလို့ ဂျိ)
***ဒိုးနှင့် စည်တို ပြန်ဝင်***
*[မီးရှိူ့စစ်တပ် အင်အားဟာ - *လက်ချိုးရေနှိုင် နှစ်ဆယ်,အစိတ်။
*လက်ချိုးရေနှိုင် နှစ်ဆယ်,အစိတ် - *မီးရှိူ့စစ်တပ် အင်အားဟာ။]
*[ငုံ့ခံကြလို့ ရှိူ့ရဲတာ - *ငုံ့မခံရင် မလာရဲဘူး။
*ငုံ့မခံရင် မလာရဲဘူး - *ငုံ့ခံကြလို့ ရှိူ့ရဲတာ။]
[စောက်တပ်ဖမ်းလို့ လိုက်ရွေးရာ - သိန်းရာထောင်ချီ ရက်ရက်ရောရော။
သိန်းရာထောင်ချီ ရက်ရက်ရောရော - စောက်တပ်ဖမ်းလို့ လိုက်ရွေးရာ။]
[မီးကြိုးဖြုတ်လို့ ပြန်တပ်တာ - သိန်း၆၀တောင် ပေးကြပါသတဲ့။
သိန်း၆၀တောင် ပေးကြပါသတဲ့ - မီးကြိုးဖြုတ်လို့ ပြန်တပ်ပါ။]
*[မောင်းပြန်ကမ့်ပိန်းအလှူခံ -ရက်ရောလိုက်ပြန် ငါးထောင်တဲ့ဗျ။
ရက်ရောလိုက်တာငါးထောင်ပါလား - မောင်းပြန်ကမ့်ပိန်း အလှူခံ။]
*[တန်ပြန်ဆော်ဖို့ လှူကြပါ - *ပခ,စခ အမြစ်ပြတ်ဖို့။
*ပခ,စခ အမြစ်ဖြတ်ဖို့ - *တန်ပြန်ဆော်ဖို့ လှူကြပါ။]
***အချ။ စည်တိုလင်းကွင်း ၂ချက်ဆင့်တီး၍ ဆို့ထားရန်***
(၅)
(×မြနန္ဒာ နေညိုညို ရစ်ကာသန်းတော့× ရွှေမန်းတောင်ရိပ် × ခိုသူတွေရယ် ပျော်သူတွေရယ်××)၂ ပျော်ခင်းလေး သာပါဘိ × အတိတ်ကောင်းယူမယ် နှစ်ဦး သင်္ကြန်တော် ဝယ်×××)
*မြနန္ဒာသီချင်း တီးလုံးချည်းသက်သက် တီးရန်*
[မဏ္ဍပ်ကြီးနဲ့ ပျော်မယ်ကြံ - အညာမြေဒဏ် ခံစားကြည့်ဦး။
ကျုပ်တို့ရဲ့ဒဏ် ခံစားကြည့်ဦး - မဏ္ဍပ်ကြီးနဲ့ ပျော်မယ်ကြံ။]
[စစ်ကိုင်းကျော်လျှင် မီးလောင်ပြင်- အညာတခွင် မြင်စမ်းပါလှည့်။
အညာတခွင် မြင်စမ်းပါလှည့် - စစ်ကိုင်းကျော်လျှင် မီးလောင်ပြင်။]
[ကိုယ်ချင်းစာပါသက်ညှာပါ - ရေပေါ်ဆီတွေ သတိထားကြ။
ရေပေါ်ဆီတွေ သတိထားကြ - ကိုယ်ချင်းစာပါသက်ညှာပါ။]
[ဒီတိုင်းပြည်ကြီး နေမယ်ကြံ - ခွင့်မလွှတ်နှိုင်အမှား မကျူးလွန်နဲ့။
ခွင့်မလွှတ်နှိုင်အမှား မကျူးလွန်နဲ့ - ဒီတိုင်းပြည်ကြီး နေမယ်ကြံ။]
***အချ။ စည်တိုလင်းကွင်း ၂ချက်ဆင့်တီး၍ ဆို့ထားရန်***
(အသံအားလုံး ပြိုင်တူရပ်)
*ဝုအူ ... ... ဝူး... ..."
*အမ်ဗျူးလင့်ကား ဥဩသံရှည်ဆွဲရန်*
[အလန့်တကြား ပြေးရပြီ အညာမြေဆီ ခွေးတွေဝင်လို့။
အညာဌာနီ ခွေးတွေဝင်လို့ - အလန့်တကြား ပြေးရပြီ။]
[အညာဒေသ နေလိုလျှင် - လေ့ကျင့်အစဉ် ကျီးလန့်စာစား။
လေ့ကျင့်အစဉ် ကျီးလန့်စာစား - အညာဒေသနေလိုလျှင်။]
[ခပ်တိုတိုနဲ့ တော်လိုက်သည် - သံချပ်ဤတွင် နိတ္ထိတံဗျ။
သံချပ်ဤတွင် နိတ္ထိတံဗျ - ခပ်တိုတိုနဲ့ တော်_လိုက်_သည်။]
*အတိုဆုံး (ဟာသ)လေပြည်ထိုးတီးလုံးဖြင့် လေပြည်ထိုးကာ သံချပ်ကိုအဆုံးသတ်*
နွေဦးတော်လှန်ရေး ညီအစ်ကို မောင်နှမအားလုံး၊
နှစ်သစ်မှာ ဘေးဘယာဝေးကွာ ချမ်းသာကြပါစေ။
မောင်ဘဦး
၈၅ နှောင်းတန်ကူးဆန်း၉
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar