မောင်လူမွှေး - တောထဲက ရဲဘော်
မောင်လူမွှေး - တောထဲက ရဲဘော်
မိုးမခ ၊ အောက်တိုဘာ ၂၇ ၊ ၂၀၂၆
မနက် ၁၀ နာရီလောက် ကျောင်းပြန်လာတော့ မောင်လူမွှေး ဗိုက်ဆာနေပြီ။ "ထမင်းစားပြီးမှ သွားကြမလားဗျ" လို့ အတူလိုက်မယ့်ဧည့်သည်က မောင်လူမွှေးကို ပြောတယ်။ "ဟိုရောက်မှ စားကြတာပေါ့ဗျာ။ သူတို့က စားခိုင်းတဲ့အခါ ငြင်းရခက်တယ်ဗျ" လို့ မောင်လူမွှေးက ပြန်ဖြေတယ်။ မောင်လူမွှေးတို့ဟာ ရဲဘော်တစ်ယောက်ရဲ့ နာရေးကို သွားကြမှာ ဖြစ်တယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလထဲတုန်းက ရဲဘော်ဟာ ရှေ့တန်းမှာပဲ ပျောက်သွားခဲ့တယ်။ တပ်က တောနင်းရှာဖွေမှုတွေ လုပ်ခဲ့ပေမဲ့ သူ့ကို ပြန်မတွေ့ရတော့ပါ။ ဒီလိုနဲ့ တစ်လကြာပြီးတဲ့အခါမှာတော့ တိုက်ပွဲကြားမှာ ပျောက်သွားတဲ့ ရဲဘော်ကို အလောင်းပြန်မတွေ့ရပေမဲ့ ကျဆုံးရဲဘော်အဖြစ် တပ်က သတ်မှတ်လိုက်တယ်။ ကျဆုံးရဲဘော်အဖြစ် သတ်မှတ်ပြီးတဲ့အတွက် ရဲဘော်အတွက် မိသားစုက ဆွမ်းပြင်တရားနာကြတာ ဖြစ်တယ်။
ရဲဘော်အတွက် ဆွမ်းပြင်တရားနာဖို့၊ ရဲဘော်မိသားစုကို ငဲ့ဖို့ မောင်လူမွှေး မိတ်ဆွေတွေဟာ တော်တော်ရုန်းကန်ကြိုးစားခဲ့ကြရတာကို သိတယ်။ သူတို့ ရုန်းကန်တုန်းကလည်း မောင်လူမွှေးက ကူမရုန်းနိုင်ခဲ့ပါ။ ဒါပေမဲ့ နာရေးကို သွားဖြစ်အောင် သွားရမယ်လို့ ဆုံးဖြတ်ပြီး သွားပါတယ်။ မောင်လူမွှေးတို့ ဆိုင်ကယ်ဟာ မြစ်ကို ဖြတ်ရတယ်။ ရွာကြီးတစ်ရွာကို ဖြတ်ရတယ်။ လယ်ကွင်းတွေက စိမ်းလန်းလို့။ ခပ်လှမ်းလှမ်းမှာ ထန်းတောတစ်ခုကို တွေ့တော့ "လှလိုက်တာဗျာ" လို့ မောင်လူမွှေး ဆိုင်ကယ်နောက်က စီးလာတဲ့ ရပ်ဝေးကမိတ်ဆွေက ဆိုတယ်။
နာရေးရှိတဲ့ရွာကို ရောက်တော့ မနက် ၁၀ နာရီကျော်ပြီ။ ဆွမ်းပြင်တဲ့ ရဲဘော်ရဲ့အိမ်ကို မောင်လူမွှေးမသိဘူး။ ရွာအဝင်လမ်းအတိုင်း တည့်တည့်သာ မောင်းသွားပါလို့ ပြောလိုက်တဲ့အတိုင်း တည့်တည့်မောင်းသွားတော့ ခုံတွေတင်ပြီး တိုက်လာတဲ့ ကားလေးတစ်စီးကို တွေ့ရတယ်။ ရဲဘော်အတွက် ဆွမ်းတရားနာပြီးလို့ အကျွေးအမွေးကိစ္စတွေပါ ပြီးခဲ့ပြီ။ ခုံတွေ သိမ်းခဲ့ပြီ။ "လမ်းအတိုင်း အရှေ့နားနည်းနည်းမောင်းရင် ရောက်ပြီ" လို့ ရွာခံတစ်ယောက်က လမ်းညွှန်တယ်။
မောင်လူမွှေးတို့ နှစ်ထပ်အိမ်ကြီးတစ်အိမ်ရဲ့ အောက်ထပ်ကို ဝင်ပြီး ကျဆုံးရဲဘော်အတွက် ကူငွေထည့်တယ်။ ငွေစာရင်းစာအုပ်ကို ပြန်ထုတ်ပြီး သူတို့ရေးကြတယ်။ အဲဒီအိမ်မှာပဲ ထမင်းစားခဲ့ကြတယ်။ ရေနွေးသောက်နေရင်း မျက်နှာချင်းဆိုင်ထိုင်နေတဲ့ လူကြီးတစ်ဦးကို "ကျသွားတဲ့ရဲဘော်အိမ်က ဒီအိမ်လား" လို့ မေးမိတယ်။ လူကြီးက မျက်နှာလွဲသွားတယ်။ မကြားတာလား၊ မကြားဟန်ဆောင်တာလား၊ မဖြေချင်တာလားဆိုတာ သူပဲ သိလိမ့်မယ်။ မောင်လူမွှေးလည်း ဆက်မမေးမိတော့ပါ။
မောင်လူမွှေးတို့ ပြန်ဖို့ ရပ်ထားတဲ့ဆိုင်ကယ်ဆီကို ပြန်သွားခါနီးမှာ ရဲဘော်ရဲ့ နာရေးအိမ်ဟာ မောင်လူမွှေးတို့ ထမင်းစားတဲ့ နှစ်ထပ်အိမ်ရဲ့ အရှေ့ဘက်ကအိမ် ဆိုတာ သိရတယ်။ အဲဒီအိမ်ဝင်းထဲမှာ အိမ်နှစ်လုံး ရှိတယ်။ အိမ်တလုံးက အသင့်အတင့် တောင့်တင်းတဲ့ ခြေတံရှည်အိမ် ဖြစ်ပေမဲ့ နောက်အိမ်တလုံးကတော့ တဲသာသာအိမ်ကလေး ဖြစ်တယ်။ ကျဆုံးရဲဘော်နဲ့ရော၊ မိသားစုနဲ့ရော မောင်လူမွှေးမသိတဲ့အတွက် ဒီအိမ်နှစ်လုံးထဲက ဘယ်အိမ်ဟာ ရဲဘော်အိမ်လည်းဆိုတာ စိတ်ဝင်စားမိတယ်။ "နောက်ကိုလည်း ကြုံရင် ဝင်ခဲ့ကြနော်" လို့ အိမ်သေးသေးလေးပေါ်က အမျိုးသားတယောက်က လှမ်းပြောတယ်။
မောင်လူမွှေး အိမ်ကို ပြန်ရောက်ပြီးနောက် ရဲဘော်ရဲ့အိမ်ဟာ ယိုင်နဲ့နဲ့အိမ်သေးသေးလေးလား၊ ဒါမှမဟုတ် အသင့်အတင့် တောင့်တင်းတဲ့ ခြေတံရှည်အိမ်လေးလား သိချင်လို့ ရဲဘော်နဲ့ရင်းနှီးတဲ့အမျိုးသမီးတစ်ယောက်ကို မေးမိတယ်။ "တအိမ်က ရဲဘော်ရဲ့အဘွားအိမ်။ အိမ်သေးသေးလေးက ရဲဘော်ရဲ့ ဦးလေးအိမ်။ ရဲဘော်မိသားစုက အိမ်ရော၊ အိမ်ဝင်းရော မရှိကြဘူး။ တောထဲမှာ နေကြတာ" တဲ့။
မောင်လူမွှေးနဲ့အတူ လိုက်ခဲ့တဲ့ ရပ်ဝေးကမိတ်ဆွေကို ကြားခဲ့ရတဲ့ ရဲဘော်မိသားစုအကြောင်း ပြောပြတော့ "အဆန်းမှ မဟုတ်တာ။ တကယ်တိုက်နေတဲ့ ရဲဘော်မိသားစုအများစုက ဆင်းရဲကြတာပဲ" လို့ သူက ပြန်ပြောတယ်။ သူ့စကားမှန်တယ်ဆိုတာ မောင်လူမွှေး ကိုယ်တွေ့သိနေတဲ့တိုင် သက်ပြင်းရှည်ကြီးတော့ ချမိလိုက်သေးတယ်။
တောထဲမှာ ရှင်သန်နေကြတဲ့ မိသားစုကနေ ပေါက်ဖွားလာခဲ့တဲ့ ရဲဘော်လေးဟာ တောထဲမှာပဲ လူမသိ၊ သူမသိ ပျောက်ဆုံးခဲ့ရပြီ။ သူ့နာရေးကိုလည်း သူ မပါဘဲ မိသားစုနဲ့ ရပ်ရွာက ဝိုင်းဝန်းလုပ်ခဲ့ကြပြီ။ တောထဲက ရဲဘော်လေးဟာလည်း သမိုင်းဝင်ရဲဘော်ဆိုတာ မမေ့ဖို့ အရေးကြီးပါတယ် ခင်ဗျာ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar