Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မဟူရာ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မဟူရာ

(မိုးမခ) ဧပြီ ၃ ၊ ၂၀၂၄


လာဘီ လာဘီ၊ မအလအတွက် ခြောက်အိပ်မက်တွေ လာပြီ။

ဘယ့်နှယ့် ပုဇင်းတပါး သုသာန်ထဲ ဆင်းသွားရတယ်လို့။ တခြား ပျက်ကျစရာနေရာ ရှားသလား။ ကြည့်အုံး ဆင်းတဲ့ သုသာန်က “မဟူရာ”တဲ့။ နက်နက်မှောင်မှောင်တွေ လာတော့မယ်ဆိုတဲ့နိမိတ်၊ ထိတ်လန့်လှုပ်တုန် ရင်ခုန်သံဘိချက် သွက်နေပြီဟုတ်။

လေဘီလူးတို့ အဲလေ လေသရဲတို့၊ မထူးပါဘူး ဘီလူးနဲ့သရဲပူးထားတဲ့ကောင်တွေဘဲ။ အဲတော့ နှစ်ခုပေါင်းရင် သရေကြိုးသား မေရိုးများပေါ့လေ။ ကိုင်း-

သရေကြိုးသား မေရိုးများတို့၊ ဒီနေ့ကစလို့ မင်းတို့အလှည့် မင်းတို့ရဲ့ ချစ်လှစွာသော မိသားစုအလှည့် စပြီလို့မှတ်ပေတော့။ မင်းတို့ သတ်ခဲ့တဲ့ ကလေးပေါင်း၊ အလောင်းမပီတော့တဲ့ကလေးပေါင်း၊ အသားစတွေ ဖြစ်နေတဲ့ ကလေးပေါင်း၊ မင်းတို့ သတ်ခဲ့တဲ့ လူအပေါင်းရဲ့ ငိုကြွေးသံတွေနဲ့ သွန်းလောင်းထားတဲ့ မောင်းသံတွေ မင်းတို့ ကြားရတော့မှာ။

သရေကြိုးသား မေရိုးများတို့၊ မင်းတို့ ဖြိုခဲ့တဲ့ အိမ်ပေါင်း ဘယ်လောက်ရှိပလဲ။ မင်းတို့အိုးအိမ် မင်းတို့စည်းစိမ် ဘယ်မှာ ဖွက်ထားမလဲ။ မင်းတို့တသက်လုံး မြေတွင်းပုန်းကြမလား။ မင်းတို့သားမယား ဘယ်မှာထားမလဲ။ လေယဉ်လေးနဲ့ ပျံထွက်သွားလို့ရလား။ မင်းတို့အတွက် မင်းအောင်လှိုင်က ဂြိုဟ်တဂြိုဟ်ဝယ်ပေးထားလား။ မင်းတို့က စစ်ကျွန်နင်းပြား ခိုင်းနွားသက်သက်။ ကြိမ်တို့ရင်ပြေး၊ နဖားကြိုးဆွဲတဲ့ဘက်ကွေ့၊ မင်းတို့က လေနွားဆိုတော့ ကျွေးတဲ့ထဲ နှမ်းဖတ်တော့ ပိုပါမှာပေါ့။

သရေကြိုးသား မေရိုးများတို့၊ မင်းတို့ကြဲချခဲ့တဲ့ဗုံးပေါင်းသောင်းချီဒဏ် ခံရသူတွေ မင်းတို့ဆီ လာပြီ။ တလှမ်းချင်း တလှမ်းခြင်း မင်းတို့အိမ်ဆီ ငရဲတွေဖြတ်ပြီး မီးဟုန်းဟုန်းတောက်အပြုံးတွေနဲ့ မင်းတို့မိသားစုတည့်တည့် လာပြီ။

သရေကြိုးသား မေရိုးများတို့၊ မင်းတို့ဟာ တတိုင်းပြည်လုံးရဲ့ အမုန်းဆုံးကောင်တွေ၊ တိုင်းရင်းသားအားလုံးရဲ့ အဆုံးမရှိ ရန်သူတွေ၊ ဘယ်မြေနေနေ ဘယ်ရေရောက်ရောက် ဘယ်လိုဖျောက်ဖျောက် မင်းတို့ မိသားစုနောက် လိုက်လာမှာ။ ဒီတော်လှန်ရေးက စစ်တပ်ရှိသ၍ဘဲ။ လေပေါ်ကနေ ဗုံးကြဲပြီး ပြုံးဖြဲဖြဲ လုပ်နေလို့ ရမယ် ထင်ရင်တော့လား၊ သားနဲ့မယားနဲ့ တဟားဟား လုပ်နေလို့ ရမယ်ထင်ရင်တော့လား။ အပေါင်းနဲ့အသင်းနဲ့ တဟင်းဟင်း လုပ်နေလို့ ရမယ် ထင်ရင်တော့လား။

သရေကြိုးသား မေရိုးများတို့။





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar