Breaking News

ကောင်းဇေလူ - တစိတ်၀မ်း တလက်ညီ ပြည်ရေးကို ပြိုင်တူချီသင့်ကြပေပြီ

တစိတ်၀မ်း တလက်ညီ ပြည်ရေးကို 

ပြိုင်တူချီသင့်ကြပေပြီ

ကောင်းဇေလူ 

(မိုးမခ) ဧပြီ ၄ ၊ ၂၀၂၄

ယခု ၂၀၂၄ ဧပြီ ၂ ရက်/၃ ရက်တွင် မြန်မာနိုင်ငံနှင့်နယ်နိမိတ်ထိစပ်နေတဲ့ တရုတ်နိုင်ငံဘက် အခြမ်း ၌ ခဲယမ်းကျည်အစစ် အသုံးပြု၍ စစ်ရေးလေ့ကျင့်မှုတခု တရုတ်နိုင်ငံဘက်က လုပ်ဆောင်နေကြောင်း သတင်းများအရ သိရသည်။ 

၂၀၂၃ အောက်တိုဘာလ ၂၇ မှ စတင်၍ ၂၀၂၄ ဇန်နဝါရီလ လယ်အထိ ဆင်နွှဲခဲ့သော မြောက်ပိုင်းညီနောင် လက်နက်ကိုင် ၃ ဖွဲ့၏ ဟန်ချက်ညီ စစ်ဆင်ရေးကြောင့် အထိနာခဲ့သည့် ဖက်ဆစ်စစ်ကောင်စီသည် တရုတ်နိုင်ငံအား ခြေသလုံးဖက် တောင်းပန်ကာ ကြားဝင် ညှိနှိုင်းပေးရန် ပန်ကြားခဲ့ရသည်။ တရုတ်၏ ကြား၀င် စေ့စပ်မှုကြောင့်  မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် “ဟိုင်ဂင် သဘောတူညီချက်” အရ အပစ်ရပ်သဘောတူခဲ့ကြသည်။  သို့တိုင်အောင် ဖက်ဆစ်စကစတပ်များအနေဖြင့် နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နှင့်တရုတ်နိုင်ငံနယ်စပ်ဒေသ လိုင်ဇာ၊ လွယ်ဂျယ် ဒေသများတွင်  KIA၏ ထိုးစစ်ကို ရင်ဆိုင်ခဲ့ရပြန်သည်။ မြစ်ကြီးနား-ဗန်းမော်ကားလမ်းတလျှောက်ရှိ စကစ စစ်စခန်းများကို KIA က ဆက်တိုက် တိုက်ခိုက်သိမ်းယူနေချိန်တွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန် ကြီးဌာနက အာရှရေးရာ အထူးကိုယ်စားလှယ် နေပြည်တော်သို့ ရောက်လာကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

KIA သည် မတ်လ (၇)ရက်က စတင်၍ ကချင်ပြည်နယ် လိုင်ဇာသို့ သွားရာလမ်းကြောင်းပေါ်ရှိ စစ်ကောင်စီ၏ စခန်းကြီးငယ်များနှင့် မြစ်ကြီးနား-ဗန်းမော် ကားလမ်းတလျှောက်ရှိ စစ်စခန်းများ၊ ဖားကန့်ကျောက်စိမ်းဒေသနှင့် ဆက်သွယ်ထားသော လမ်းကြောင်းတလျောက်ရှိ ကျေးရွာအချို့ မှ စခန်းများကို တိုက်ခိုက်သိမ်းယူနေသည်ကို တွေ့ရသည်။ စစ်ကောင်စီ အနေဖြင့် လေကြောင်းတိုက်ခိုက်မှုကို အဓိကအားထားခဲ့သော်လည်း မြေပြင်၌ တပ်ကူ မပို့နိုင်ကြောင်း တွေ့ရသည်။ သို့ဖြင့် စကစ၏ စစ်စခန်းများ တခုပြီး တခု အချိန်တိုအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ မကြာသေးမီ ရက်အနည်းငယ်က တပ်မ (၈၈)၏  တပ်မမှူးကိုယ်တိုင်လည်း အဆိုပါ တိုက်ပွဲအတွင်း သေဆုံးခဲ့ရသည်ဟု သိရသည်။ ပိုဆိုးသည်မှာ စကစ၏ လေကြောင်းတိုက်ခိုက်မှု အမှားအယွင်းကြောင့် (၈၈)တပ်မှူး ထိခိုက်သေဆုံးရကြောင်း KIA ဘက်မှ အတည်ပြုခဲ့သည်။

တချိန်တည်းတွင် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်၌လည်း စကစတပ်များ ထိခိုက်ဆုံးရှုံးမှုကြီးမားနေပြီး စစ်စခန်းအများအပြား လက်လွှတ်ဆုံးရှုံး‌ခဲ့ရသည်။ ကရင်ပြည်နယ်တွင်လည်း မွန်ပြည်သစ်ခွဲထွက်အဖွဲ့၊ ကေအန်ယူတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး နယ်မြေ နှင့် စခန်းအချို့ ကို လက်လွှတ်ဆုံးရှုံးနေရသည်ဟု သတင်းများအရ သိရသည်။  လက်ရှိအခင်းအကျင်းအရ စစ်ကောင်စီသည် ကချင်ပြည်နယ်ရှိ မြန်မာ-တရုတ်နယ်စပ် နဲ့ထိစပ်နေသောနေရာများတွင်သာ အပြင်းအထန် ခုခံတိုက်နေရခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံ အနောက်ပိုင်း၊ တောင်ပိုင်း၊ ရှမ်းတောင်၊ မွန်၊ ကရင် အစရှိသည့် ဒေသများတွင်လည်း စစ်မျက်နှာများ တပြိုင်နက်တည်း ဖွင့်၍ တိုက်ခိုက်နေရခြင်းဖြစ်သည်။

ယင်းကဲ့သို့သော အခြေအနေမျိုး၌ တရုတ်-မြန်မာနယ်စပ် တိုက်ပွဲများနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ကြားဝင်ညှိနှိုင်းရေး အကူအညီကိုရယူရန် တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် Deng Xijunနေ ပြည်တော်သို့ ရောက်လာခြင်းလားဆိုသည့် ခန့်မှန်းချက်အချို့လည်း ရှိနေသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Mr Deng Xijing သည် ၂၀၂၂ ၊ ၂၀၂၃ ခုနှစ် အတွင်းမြန်မာနိုင်ငံကို ၃ ကြိမ် လာရောက်ခဲ့သည်။ စစ်ကောင်စီအကြီးအကဲနှင့် တွေ့ဆုံခဲ့သလို တရုတ်−မြန်မာ နယ်စပ်ဒေသက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်လည်း တွေ့ဆုံမှုများ ရှိခဲ့သည်။  KIA သည် တရုတ်နိုင်ငံ၏ သြဇာထီးရိပ်နှင့် လုံး၀ ကင်းရှင်းဖွယ်ရာ မရှိနှိုင်သဖြင့် တရုတ်က အပစ်ရပ်ရေး ‌ပြောလာခဲ့လျှင် မည်သို့ တုန့်ပြန်မည်နည်းဟု စောင့်ကြည့်နေကြသည်။ ထို့အပြင် တရုတ်နိုင်ငံက စစ်ကောင်စီနှင့်မည်သည့်အတိုင်းအတာအထိ အကျိုးစီးပွားအပေးအယူ ရှိနေဆဲ ဖြစ်သလဲဆိုသောမေးခွန်းလည်း ရှိနေသ။

အခြားတဖက်တွင် ၂၀၂၃ ဒီဇင်ဘာ ၁၂ ရက်နေ့   ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အရ ၁၀၂၇ စစ် ဆင်ရေးသည် ရပ်တန့်သွားမည်မဟုတ်ဟု ဆိုထားသည်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်ဆင်နွှဲသွားမည်ဟု ညီနောင်သုံးဖွဲ့က ကြေညာပြောဆိုထားသည်။ စစ်အာဏာ ရှင်စနစ်၏ လူမဆန်သည့် ဖိနှိပ်မှုဒဏ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ကြရသော မြန်မာပြည်သူတရပ်လုံး၏  နိုင်ငံရေးရည်မှန်းချက်ကို ညီနောင် ၃ ဖွဲ့ အနေဖြင့် လျစ်လျူရှု နောက်ပြန်လှည့်သွားမည် မဟုတ်ကြောင်း၊ လတ်တလော သတင်းတချို့ကြောင့် မြန်မာပြည်သူ တရပ်လုံး စိုးရိမ်ပူပန်နေသည်ကို သိရှိပါကြောင်း၊ တော်လှန်ရေးဆင်နွှဲမှု ရပ်တန့်သွားရန် မရှိသဖြင့်  ပြည်သူများ စိုးရိမ်ပူပန်မှု မရှိကြစေလိုကြောင်း၊ ညီနောင် ၃ ဖွဲ့အနေဖြင့် ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည်အထိ  မြန်မာပြည်သူ တရပ်လုံးနှင့် အတူ တော်လှန်ရေးဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း ထုတ် ပြန်ကြေညာခဲ့သည်။ 

ထို့ကြောင့် တရုတ်နိုင်ငံနှင့် ညီနောင်သုံးဖွဲ့အကြား ထောက်ထားရမည့် ကိစ္စအချို့ရှိနိုင်သော်လည်း တော်လှန်ရေး ရည်မှန်းချက်ကိုမူ သွေဖည်ရန် မရှိဟု ပြည်သူလူထုအကြားယုံကြည်လျှက်ရှိသည်။ ထိုအခြင်းအရာကို KIA အနေဖြင့်လည်း အလေးထားမည်သာဖြစ်သည်ဟု တွက်ဆကြသည်။

တရုတ်နိုင်ငံ၏ လိုလားချက်မှာ  တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေး ဖြစ်သည်။ တရုတ်ရင်းနှီး မြှုပ်နှံမှုများအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် ကျောက်ဖြူရေနက်ဆိပ်ကမ်းကိစ္စအပြင် မြန်မာ့သယံဇာတများနှင့် လူသားအရင်းအမြစ်များကို ရေရှည်ထိန်းချုပ် အသုံးချရန် စိတ်ဝင်စားနေခြင်း ဖြစ်သည်။ ထို့အပြင် မြန်မာပြည်တွင် ရှိပြီးသည့် ရင်းနှီးမြှုပ်နှံမှုများနှင့် မြန်မာပြည်ကို ဖြတ်သန်း ဆက်သွယ်ထားသည့် တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးအတွက် မြန်မာပြည် တည်ငြိမ်ရေးကို တရုတ်က လိုလားနေခြင်း ဖြစ်သည်။ တရုတ်က မြန်မာ့နိုင်ငံရေး ပဋိပက္ခကို ဖြေရှင်းရေး အတွက် ဆွေးနွေးအဖြေရှာရန် လိုလားနေသော်လည်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများ စစ်ရာဇဝတ်မှုများ အလွန် အကျွံကျူးလွန်လာသည့်အတွက် နိုင်ငံရေးနည်းအရ အဖြေထုတ်ရန် မလွယ်လှပေ။ တရုတ်က ၂၀၀၈ အခြေခံ ဥပဒေအောက် ပြန်သွားကြရန် တောက်လျှောက်တိုက် တွန်းနေခဲ့သည်။ မြေပြင် အခြေအနေများအရ လတ်တလော ညီနောင် ၃ ဖွဲ့ကို အပစ်ရပ်ရေး ဖိ အားပေးသည့် သဘောမှာ အကြမ်းဖက်စစ်တပ် ပြိုလဲမည့်အရေးကို အကာအကွယ်ပေးလို၍  ဖြစ်ပုံရသည်။ အကြမ်းဖက် စစ်တပ်နှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ အတူယှဉ်တွဲနေထိုင်ရေးဆိုသည့်မူဖြင့် တရုတ်က မြန်မာ့အရေးကိုဖြေရှင်းလိုပုံရသည်။ သို့သော် မင်းအောင် လှိုင်၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ရက်စက်ယုတ်မာမှုများကြောင့် တရုတ်၏ စေ့စပ်မှု အောင်မြင်ဖွယ်ရာ မရှိပေ။

ယနေ့မြန်မာပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် တရုတ်၏ မြန်မာ့အရေးဝင်ရောက် စွက်ဖက်သည့်လုပ်ရပ်များကို လက်ခံလိမ့်မည်မဟုတ်ပေ။ နိုင်ငံရေးတွင် စစ်တပ်ပါဝင်ခွင့်မရှိကြောင်း၊ စစ်တပ်သည် ပြည်သူ့ရိက္ခာစားသည့် ဝန်ထမ်းအဖွဲ့အစည်းဖြစ်သဖြင့် အရပ်ဖက်အစိုးရ ၏အုပ်ချုပ်မှုအောက်၌သာ နေရမည်ဖြစ်ကြောင်း၊ လက်ရှိ အကြမ်းဖက်စစ်တပ်သည် ပြည်သူတင်မြှောက်ထားသောအစိုးရထံမှ လက်နက်အားကိုးဖြင့် အာဏာသိမ်းယူခဲ့သဖြင့် တရားမဝင်ကြောင်း၊ ကမ္ဘာသိ ကြေညာထားပြီးဖြစ်သည်။ မြန်မာပြည်သူတို့၏ ယင်းသဘောထားကို တရုတ်နိုင်ငံအနေဖြင့်လည်း သိမှတ်ထားသင့်ပေသည်။

အထူးသဖြင့် လက်ရှိအခြေအနေတွင် အာဏာသိမ်းစစ်တပ်နှင့် ဆွေးနွေးပွဲထိုင်ရန် အကြောင်းမရှိဟု ဂျန်ဇီးလူငယ်မျိုးဆက်သစ်တို့က အတိအလင်း ကြေညာ ပြောဆိုထားသည်။ ယင်းအခြေအနေတွင် တရုတ်နိုင်ငံဖြစ်စေ၊ အာဆီယံနိုင်ငံများဖြစ်စေ အကြမ်းဖက် စစ်ကောင်စီ ဘက်မှ ရပ်တည်ဆောင်ရွက်နေပါက မြန်မာပြည်သူလူထု၏ ရန်သူ ဖြစ်သွားနိုင်သည့်အချက်ကို သတိမူသင့်သည်။ မျက်မှောက် မြန်မာနိုင်ငံတွင် ပါတီအဖွဲ့အစည်း၊ တိုင်းရင်းသားလူမျိုးစုအများအပြား ရှိနေသော် လည်း ဖက်ဆစ် စစ်အာဏာရှင် ဖြုတ်ချရေးရည်ရွယ်ချက် ဖေါ်ဆောင်ရန်အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ မြန်မာပြည်သူလူထုသည် တသွေးတသံတည်း၊ တညီတညွတ်တည်း ရှိနေကြသည့်အချက် သတိပြုကြရမည်ဖြစ်သည်။

တချိန်တည်း၌ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် K3C ဟု အတိုကောက် ခေါ်သည့် တိုင်းရင်းသား လက်နက်ကိုင် ကချင်လွတ်လပ်ရေးအဖွဲ့(KIA) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နှင့်ချင်းအမျိုးသားတပ်ဦး(CNF) စသော အဖွဲ့ ၄ ဖွဲ့တို့အား ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet က သူ၏ လူမှုကွန်ရက် (Twitter) စာမျက်နှာ၌ ရေးသားထားသည်။

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အကူအညီ လိုအပ်နေသူများကို အကူအညီ တိုးပေးနိုင်ရေးရန် မြန်မာပြည်သူများအတွက် ပိုကောင်းသော အနာဂတ်ဖြစ်လာအောင် လုပ်နိုင်မည့် ခြေလှမ်းများကို ဆွေးနွေးခဲ့ကြသည်ဟုလည်း အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က သူ၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။  K3C နှင့် အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet တို့ တွေ့ဆုံခဲ့ချိန်တွင်  ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး(၂) ဦးအောင်ဆန်းမြင့်က ဗွီအိုအေကို အောက်ပါအတိုင်း ပြောခဲ့သည်ဟု သိရသည်။

- “လောလောဆယ် ကျနော်တို့ ပြည်နယ်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး စစ်ရေးအခြေအနေ နောက် လူ သားချင်းစာနာထောက်ထားမှုအခြေအနေနဲ့ပဲ ကျနော်တို့ သူတို့ကို တင်ပြတယ်။ ကျနော်တို့ကလည်း အဖွဲ့ကလည်း ၃၊ ၄ဖွဲ့ဆိုတော့ ကျနော်တို့ အချိန် အကန့်အသတ်နဲ့ ပြောပြီးမှ သူတို့ကလည်း အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ သူတို့ ဆက်ပြီးတော့မှ ကျနော်တို့ collaboration လုပ်သွားမယ်၊ ပူးပေါင်းဆောင်ရွက်မှု လုပ်သွားမယ် ဒါနဲ့ပဲ ပြီးသွားတာပါနော်။ ဒီလူသားချင်းစာနာ ထောက် ထားမှုတွေနဲ့ပတ်သက်လို့ပဲ ချိတ်ဆက်ဆောင်ရွက်သွားမယ် ဒီလောက်ပါပဲနော်၊ ကျန်တဲ့ အသီးသီးကိစ္စတွေက ဘာမှမရှိပါဘူး။” (ဦးအောင်ဆန်းမြင့် KNPP)

စစ်ကောင်စီကမူ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုနည်းပါးစေရန် အမေရိကန်က နည်းမျိုးစုံ လုပ် ဆောင်နေသည်ဟု စွပ်စွဲထားသည်။ အမေရိကန်ကာကွယ်ရေးအသုံးစရိတ် NDAA အောက်မှာ Burma Act ဥပဒေအရ မြန်မာ့ဒီမိုကရေစီရေးအတွက် ဒေါ်လာ ၁၂၁ သန်း အထောက်အပံ့ပေးမည့်အစီအစဉ်သည် ဒီမိုကရေစီရေးကိုအကြောင်းပြကာ တရုတ်၏ဩဇာအရှိန်အဝါကို ထိန်းနိုင်ရေး၊ တရုတ်နိုင်ငံအား ဝိုင်းပတ်ထိန်းချုပ်ရေးမူဝါဒ (China Containment Policy) အရ မြန်မာနိုင်ငံကို အသုံးချခြင်းဖြစ်သည်ဟု စစ်ကောင်စီဘက်က တုံ့ပြန်ထားကြောင်း ဗွီအိုအေသတင်းက ဆိုသည်။ အမေရိကန်ကိုယ်စားလှယ်နှင့် K3C တွေ့ဆုံမှုအပြီးတွင် တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် တိန်ရှီကျင်း (Deng Xijing) ဧပြီ  ၁ ရက်နေ့ နံနက်က နေပြည်တော်၌ စစ်ခေါင်းဆောင်နှင့်  တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဟိုင်သည် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီး မင်းနိုင်ကို နေပြည်တော်တွင် မတ်လ ၂၈ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ အကျိုးစီးပွား အကြီးအကျယ်ရှိသည့် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား ပြင်းထန်သော တိုက်ပွဲများဖြစ်နေသည်မှာ လပေါင်းများစွာကြာနေပြီး ရှမ်းပြည်မြောက်ပိုင်း လားရှိုးအနီးတွင်လည်း စစ်ကောင်စီတပ်နှင့် မြန်မာအမျိုးသာ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) အကြား တိုက်ပွဲများပြန်လည်စတင်လာချိန်တွင် ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ်သည်ဟု ဧရာ၀တီသတင်းက ဆိုသည်။

အခြားစိတ်၀င်စားဖွယ် သုံးသပ်ချက်တခုမှာ နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (ICG) ၏ မတ်လ ၂၇ ရက်နေ့၌ ထုတ်ပြန်သော အစီအရင်ခံစာတွင် တွေ့ရသည်။ မြန်မာ့အရေးပြဿနာဖြေရှင်းရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရုတ်ကဲ့သို့ အင်အားကြီးနိုင်ငံများနှင့် လက်တွဲပူး ပေါင်းနိုင်သောကဏ္ဍများအား ရှာဖွေဖော်ထုတ်သင့်သည့်အပြင် တကမ္ဘာလုံးက အာ ရုံစိုက်လာရေး ကြိုးပမ်းသင့်ကြောင်း၊  တရုတ်အစိုးရနှင့် အနောက်နိုင်ငံများ၏ မြန်မာ့အရေးချဉ်း ကပ်ပုံမှာ တပုံစံတည်းမတူညီသည့်တိုင် ထပ်တူကျသည်ဟု ကောက်ချက်ချနိုင်သဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီကဲ့သို့ နိုင်ငံတကာစင်မြင့်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရှိနေကြောင်း ICG က ပြောထားသည်ဟု ဧရာ၀တီသတင်းက ဆိုသည်။

ICG ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးတန်းအကြံပေး ရစ်ချက်ဟော်ဆီက “တရုတ်က နေပြည်တော်နဲ့ ပုံမှန်အားဖြင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီနဲ့ ပတ်သက်ပြီး သိပ်ကျေနပ်တာတော့မဟုတ်ဘူး။ ဒါကြောင့်လည်း ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ ငြင်း ဆန်ခဲ့တယ်။ ဒါ့ပြင် လွန်ခဲ့တဲ့လပိုင်းလောက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ရဲ့ ကြီးမားတဲ့ ထိုးစစ်တခုကိုလည်း တရုတ်က တိတ်တဆိတ်ထောက်ခံခဲ့တယ်။ စစ်ကောင်စီအပေါ် ဘေဂျင်းရဲ့စိတ်ပျက်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကြား မြန်မာ့အရေးအဖြေရှာရာမှာ တူညီသဘောထားရရှိဖို့နဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ပိုပြီးဖိအားပေးနိုင်ဖို့ အခွင့်အရေးတရပ်ပါပဲ” ဟု ပြောသည်။

လတ်တလော မြန်မာနိုင်ငံတွင် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် စီးပွားရေး နိုင်ငံရေး လူမှုရေး စသဖြင့် ဘက်ပေါင်းစုံ ဂယက်ရိုက်ခတ်မှု ကြီးစွာကြုံနေရသည်။ ရွှေ‌စျေး ၄၅ သိန်းကျော်နေပြီး ‌ဒေါ်လာစျေး ၃၉၀၀ ကျပ်အထိ မြင့်တက်နေခြင်းကိုကြည့်ပါက ငွေကြေး အဆမတန် ဖေါင်းပွနေသည်ကို သိနိုင်သည်။  အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ပြည်သူလူထုကို သတ်ဖြတ်ချေမှုန်းရန် စစ်စရိတ်ငွေ အကြီးအကျယ်လိုအပ်နေရာ ‌ငွေစက်ကူများ အတိုင်းအဆမရှိ ရိုက်နှိပ်သုံးစွဲနေသဖြင့် Hyper-inflation ဖြစ်နေပြီဟု ယူဆရသည်။ တနိုင်ငံလုံး လူဦးရေ ထက်၀က်ကျော် poverty-line ၏ အောက်သို့ ရောက်နေသည့်အချက်ကို တော်လှန်ရေးခေါင်းဆောင်များ သတိချပ်ကြရပေမည်။

NUG, CRPH, NUCC ၊ ERO မဟာမိတ်များနှင့် တော်လှန်ရေး၏ အခြေခံအင်အားစုများဖြစ်သည့်  CDM အင်အား၊ PDF အင်အား၊ ပကဖ၊ ပအဖ၊ ပလဖ၊ လက်နက်ကိုင်အင်အားစုများ၊ သပိတ်တပ်ပေါင်းစုများ၊  အထွေထွေဝန်းရံသူ လူထုလူတန်းစားများစသည်တို့၏ အချင်းချင်း အပြန်အလှန် ဆက်ဆံရေး လမ်းကြောင်း၊ ပေါင်းစပ်ရေး အလားအလာများကို စနစ်တကျ ပြန်လည် ဆန်းစစ်သင့်ပြီဖြစ်သည်။ အဓမ္မစစ်မှုထမ်းခိုင်းသည့် ဥပဒေကို ဆန့်ကျင် ရုန်းထွက်လာမည့် လူငယ်အင်အားများကိုလည်း တော်လှန်ရေးလှုပ်ရှားမှုတွင် မည်သို့နေရာချထား ပေါင်းစပ်သင့်သနည်းဆိုသည်ကိုလည်း ၀ိုင်း၀န်း အဖြေထုတ်ထားသင့်သည်။ ၂၀၂၄ ခုနှစ် မတ် ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သော NUG အစိုးရအဖွဲ့  အစည်းအဝေး၌ ယာယီသမ္မတ ဒူဝါလရှီးလက - "ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုနဲ့ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုအားလုံးဟာ အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအဖြစ် ရုန်းထပါဝင်လာစေဖို့ လိုအပ်တယ်" ဟု ပြောကြားခဲ့သည့် အချက်ကို အထူးသတိပြုကြရပေမည်။

နွေဦးတော်လှန်ရေးအင်အားစုများအတွင်း၌လည်း နိုင်ငံရေး/စစ်ရေး တာဝန်ရှိသူများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် CRPH, NUCC ၊ ERO မဟာမိတ်များ၊ တော်လှန် ရေး၏အခြေခံအင်အားစုများဖြစ်သည့်  CDM အင်အား၊ PDF အင်အား၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ စစ်ရေး နိုင်ငံ ရေးလုပ်ငန်းစဉ်များကို ဆက်စပ် ပေါင်းစည်းချိန် ရောက်ရှိနေပြီဖြစ်သဖြင့် ၀န်းရံပံ့ပိုးကြရန် လိုပေသည်။ အထူးသဖြင့် ဖက်ဒရယ်ဒီမိုကရေစီဖြင့် ငြိမ်းချမ်းသော လူ မျိုးစုံနိုင်ငံအဖြစ် ပြန်လည်တည်ထောင်ရန် တူညီသောလုံ့လ၀ါယမဖြင့် သွေးစည်းညီညွတ်စွာ လက်တွဲတိုက်ပွဲ၀င်ကြရန် လိုသည်။ လူထုကိုယ်စားပြု ဒီမိုကရေစီ အစိုးရတက်လာမည်ကို တရုတ်နှင့် အာဆီယံနိုင်ငံများက လိုလားပုံမရချေ။ မြန်မာနိုင်ငံတွင် ဖက်ဆစ်စစ်အာဏာရှင်စနစ် ဖျက် သိမ်းရာ၌ ပြည်သူလူထုအားလုံး ပါ၀င်ချိန်ရောက်ပြီ ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် နွေဦးတော်လှန်ရေးဘက် မြန်မာပြည်သူလူထုဘက်ကို ထောက်ခံရန် မြန်မာ တိုင်းရင်သား ပြည်သူလူထု တရပ်လုံး၌ တာ၀န်ရှိပေသည်။  မြန်မာနိုင်ငံကို ခေတ်သစ်နယ်ချဲ့၀ါဒဖြင့် ကျွန်ပြုရန် ကြံနေသည့် တရုတ်၏ တိုက်စား၀ါးမျိုခြင်း မခံရစေရန် တိုင်းရင်းသားပြည်သူအားလုံး တစိတ်၀မ်း တလက်ညီ ပြည်ရေးကို ပြိုင်တူချီသင့်ကြပေပြီ။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar