Breaking News

ထိုင်းနိုင်ငံက မြန်မာ့အရေး ကြားဝင်ဆောင်ရွက်နိုင်မှာလား

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၂၂ မြင်ကွင်း

(မိုးမခ) ဧပြီ ၂၃ ၊ ၂၀၂၄

ထိုင်းနိုင်ငံက မြန်မာ့အရေး ကြားဝင်ဆောင်ရွက်နိုင်မှာလား 

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဖြစ်သူ ဆရီသာထေဝီဆင် က မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေမှာ ကြားဝင်ဖြေရှင်းပေးဖို့အဆင်သင့်ရှိကြောင်း သူ့ရဲ့အတွင်းဝန်ဖြစ်သူက ဘန်ကောက်ပို့စ် သတင်းစာကို ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။  ထိုင်းဝန်ကြီးချုပ်ဟာ ဧပြီလ ၂၃ ရက်နေ့မှာ မဲဆောက်မြို့ကို လာရောက်ဖို့ စီစဥ်ထားပေမယ့် မတိုင်ခင်တရက်မှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ် တာဝန်လည်းယူထားသူ ပမ်ပရီးကို ဝန်ကြီးချုပ်ကိုယ်စား စေလွှတ်မယ့်အကြောင်း သတင်းတွေမှာ ပါရှိလာပါတယ်။ 

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ကီလိုမီတာထောင်ချီရှည်လျားတဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံ၊ အဲဒီလိုထိစပ်နေတဲ့နယ်နိမိတ်တလျှောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ထက်မနည်း ထိုင်းနယ် စပ်နဲ့ ထိစပ်နေတဲ့ဒေသတွေမှာ အခြေစိုက်ကြတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း ထိုင်းနိုင်ငံလို မြန်မာနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ဒေသတွေမှာ အခြေစိုက်တဲ့တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေ အတော်များများရှိတာ ဖြစ်ပါတယ်။ ထိုင်းနဲ့ တရုတ်နိုင်ငံအနေအထားက အဲဒီအချက်တွေမှာတူညီကြပြီး မတူညီတဲ့အခြားအချက်တခုက ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားသန်းနဲ့ချီ တရား ဝင်ရော တရားမဝင်ပါနေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့အချက် ဖြစ်ပါတယ်။ နောက်တချက်က ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံနဲ့မတူပဲ အတိုင်းအတာတခုထိ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံအနောက်နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့နိုင်ငံ၊ မြန်မာအတိုက်အခံ အင်အားစုတွေ ထိုင်းနယ်မြေတွေထဲနေထိုင်ခိုလှုံနေကြပေမယ့် ထိုင်းအစိုးရအနေနဲ့ လက်နက်ကိုင်လှုပ်ရှားမှုမဟုတ်တဲ့ နိုင်ငံရေးသဘောထားကွဲလွဲသူတွေကို လက်ခံထားရှိတဲ့နိုင်ငံတနိုင်ငံဖြစ်တာကြောင့်လည်း စစ်တပ်ဆန့်ကျင်သူနိုင်ငံရေးအဖွဲ့အစည်းက သူတွေအများအပြား ထိုင်းနိုင်ငံမှာ နေထိုင်နေကြတဲ့သဘောလည်း ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံနဲ့ မြန်မာဆက်ဆံရေးမှာတော့ တရုတ်နိုင်ငံက မြန်မာနိုင်ငံထဲက ၄င်းရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအကာအကွယ်ပေးဖို့၊ မြန်မာနိုင်ငံတည်ငြိမ်မှုရှိရေး စတာတွေက အဓိကအခြေခံအချက်တွေဖြစ်ပြီး မြန်မာနိုင်ငံက အစိုးရ၊ စစ်တပ်တွေကိုအပေါ်စီးအနေအထားနဲ့ ဆက်ဆံတာမျိုးဖြစ်ပြီး မြန်မာစစ်ကောင်စီအစိုးရကိုမနှစ်သက်မှုတွေရှိတဲ့အခါမှာ နယ်စပ်တလျောက်က တိုင်းရင်းသား လက်နက်ကိုင်တွေကို ကူညီပေးတာမျိုး လုပ်ဆောင်လေ့ရှိတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကိုကြည့်ရင် အဲဒီလက္ခဏာသဘောတရားကို ရှင်းလင်းစွာတွေ့မြင်နိုင်ပြီး စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ကို နောက်ကွယ်မှာ အကူအညီပေးနေခဲ့တာ၊ စိတ်ဓါတ်ရေးအရ အားပေးခဲ့တာ ဖြစ်လိမ့်မယ်လို့ အများကယူဆထားခဲ့ကြတာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးရဲ့အကျိုးရလဒ် အနေအထားတခုရောက်တဲ့အချိန်မှာ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တရုတ်နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတွေမှာ အပစ်ရပ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒီအနေအထားက တရုတ်နိုင်ငံရဲ့အင်အား၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ပေါ်မှာ အတိုင်းအတာတခုထိ သြဇာညောင်းနိုင်တဲ့အနေအထားဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံကတော့ တရုတ်နိုင်ငံလို သြဇမရှိတဲ့အနေအထားမျိုးဖြစ်ပြီး ထိုင်းစစ်တပ်အနေနဲ့ မြန်မာစစ်ကောင်စီ စစ်တပ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့အချက်၊ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာ ထိုင်းအစိုးရအဖွဲ့အနေနဲ့ စစ်တပ်နဲ့ သဘောထားထပ်တူထပ်မျှမရှိတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့ ဒီလိုနောက်ခံအနေအထားတွေ၊ အခြေအနေတွေအောက်မှာ ၄င်းရဲ့ နယ်စပ်ဒေသတလျှောက်ကနေ စစ်ဘေးရှောင်ဒုက္ခသည်တွေ ထိုင်းနိုင်ငံထဲဝင်ရောက်လာနိုင်တဲ့အချက်၊ မြန်မာဘက်က တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးအပေါ် သက်ရောက်လာနိုင်တဲ့ကိစ္စတွေမှာ ထိ ခိုက်မှု သက်ရောက်မှုအနည်းဆုံးဖြစ်အောင် မြန်မာ့အရေးကို ပြေလည်စေလိုတဲ့ဆန္ဒရှိတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တိုက်ပွဲတွေအကြား တဖက်ဖက်ကို ဘက်လိုက်တယ် ကူညီပေးတယ်လို့ ထင်မြင်ခံရမှာကိုလည်း ထိုင်းအစိုးရကရှောင်လွှဲလိုပြီး စစ်တပ်အချင်းချင်း ရင်းနှီးတဲ့ ဆက်ဆံရေးကိုလည်း အလွန်အကျွံမဖြစ်စေဖို့ ထိန်းသိမ်းလိုတဲ့ဆန္ဒရှိနေလိမ့်မယ်လို့ မှန်းဆရပါတယ်။ 

မြန်မာစစ်တပ်ကိုဖျောင်းဖျနိုင် ရည်မှန်းချက်ထားကောင်းထားပေမယ့် အခုအရပ်သားအစိုးရမတိုင်မီ ဗိုလ်ချုပ်ကြီး ပရာယွတ်လက်ထက်ကတောင် မစွမ်းဆောင်နိုင်ခဲ့တာကိုလည်း မေ့လို့မဖြစ်ပါဘူး။  အဲဒီကာလတွေတုန်းက ထိုင်းနိုင်ငံအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ အကြပ်အတည်းကို တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့အဖြေရှာဖို့ ၊ NLD ပါတီရဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးထားရာက လွှတ်ပေးပြီး နိုင်ငံရေးနည်းနဲ့အဖြေရှာကြဖို့ မြန်မာစစ်တပ်ကိုတိုက်တွန်းခဲ့လိမ့်မယ်လို့ယူဆရပြီး ဒီလိုတိုက်တွန်းမှုတွေက အရာမထင်ခဲ့တဲ့သာဓကတွေကိုလည်း ရှိခဲ့တာဖြစ်ပါတယ်။ ယခင်နှစ် ဇူလိုင်လက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဖြစ်သူကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးခဲ့ပေမယ့် ထိုင်းနိုင်ငံက တိုက် တွန်းတဲ့နိုင်ငံရေးနည်းနဲ့ အဖြေရှာရေးလမ်းကြောင်းတွေကိုတော့ စစ်ကောင်စီက လက်ခံခဲ့ပုံမရပါဘူး။ ဒီတွေ့ခွင့်ပေးခဲ့တာဖြစ်ရပ်ဟာ ယခင်ထိုင်းအစိုးရကို အခြားသောသံတမန်တွေ၊ နိုင်ငံတွေထက် အခွင့်အရေးတခု ပေးခဲ့တာထက်မပိုခဲ့ဘဲ ဘာရလဒ်မှပေါ်ထွက်လာခြင်း မရှိပါဘူး။ 

ခုလိုလက်နက်ကိုင်တိုက်ပွဲတွေ ထိုင်းနယ်စပ်မြို့ ထိရောက်လာချိန်၊ သေနတ်ကျည်တွေ ထိုင်းနယ် မြေထဲအထိကျရောက်လာချိန် ဒုက္ခသည်တွေ ထောင်နဲ့ချီ နယ်စပ်ကို ဖြတ်ကျော်ကူးဖြတ်ပြီး ဝင်ရောက်လာချိန်မှာ ထိုင်းနိုင်ငံရဲ့ လုံခြုံရေး ဆိုတဲ့ ခေါင်းလောင်းကို မြည်နေကောင်း မြည်နေမှာဖြစ်ပြီး မြန်မာစစ်တပ်နဲ့ နယ်စပ်မှာအခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အဖြေတခု ရှာနိုင်ဖို့ ယခင်ထက် ပိုမိုအားစိုက်ပြီး တိုက်တွန်းတဲ့အနေအထားမျိုး ဖြစ်လာမှာဖြစ်ပါတယ်။ ရလဒ် ထွက်လာနိုင်ခြေရှိမရှိကတော့ မကြာတော့တဲ့ အနာဂတ်အချိန်ကာလကို စောင့်ကြည့်ရမယ့် အနေ အထားလည်း ဖြစ်ပါတယ်။

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar