ရခိုင်ပြည်နယ် အရေးနဲ့ ရှုပ်ထွေးလာနိုင်တဲ့ လူမျိုးရေး ပြဿနာ၊ ယူနန်ပြည်နယ် ဟိုင်ဂင်ဆွေးနွေးပွဲနောက်ဆက်တွဲ ရလဒ်
မြန်မာနွေဦး ခရိုနီကယ် - မေ ၁၈ မြင်ကွင်း
(မိုးမခ) မေ ၁၉၊ ၂၀၂၄
ရခိုင်ပြည်နယ် အရေးနဲ့ ရှုပ်ထွေးလာနိုင်တဲ့ လူမျိုးရေးပြဿနာ၊ ယူနန်ပြည်နယ် ဟိုင်ဂင်ဆွေးနွေးပွဲနောက်ဆက်တွဲ ရလဒ်
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA က စစ်ကောင်စီတပ်တွေကို တပြိုင်နက်ထဲ စစ်မျက်နှာ အတော်များများ ဖွင့်ပြီး တပ်ရင်းတွေ စကခ လို့ခေါ်တဲ့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်စခန်းတွေ၊ ဗျူဟာစခန်းတွေနဲ့ မြို့တွေကို တခုပြီးတခု သိမ်းယူရရှိလာနေတဲ့ အနေအထားမှာပဲ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်နဲ့ အချို့သောဒေသတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ မူဆလင်တွေနဲ့ AA လက်နက်ကိုင်တပ်တွေအကြား နားလည်မှုလွဲမှားစရာ၊ လူမျိုးရေးကို ပစ်မှတ်ထားပြီး လုပ် ဆောင်တယ်လို့ စွပ်စွဲပြောဆိုစရာ ကိစ္စရပ်တွေက ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။
ပထမအချက်အနေနဲ့ စစ်ရေးမှာ အရှုံးတွေ ဆက်တိုက်ဆိုသလို ကြုံတွေ့လာရတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၃၊ ၂၀၁၄ ခုနှစ်တွေမှာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပွားပြီးနောက်ပိုင်းခွဲခြားပြီး နေထိုင်စေခဲ့တဲ့ ရိုဟင်ဂျာမူဆလင်တွေကို စစ်မှုထမ်းဥပဒေ အသက်မသွင်းမီကတည်းက စစ်သားအဖြစ် စုဆောင်းဖို့ စစ်ကောင်စီဘက်က လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃ အကုန်နဲ့ ၂၀၂၄ ခုနှစ် အစပိုင်းမှာကတည်းက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲက အမျိုးသား လူငယ် လူလတ်ပိုင်းတွေကို လက်နက်ကိုင်တပ်ဖွဲ့အတွက် စုဆောင်းနေတာဖြစ်ပြီး ဖေဖေါ်ဝါရီလ ၁၀ ရက်နောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းစစ်မျက်နှာမှာ စစ်ရေးအရှိန်ပိုမိုမြင့်တက်လာတာနဲ့အမျှ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် စုဆောင်းလာတာ ဖြစ်ပါတယ်။
ခု နောက်ဆုံးအခြေအနေက AA အဖွဲ့က ဘူးသီးတောင် မြို့နယ်ထဲက စစ်ဗျူဟာ စခန်းတွေ၊ တပ် ရင်းတွေသိမ်းယူပြီးနောက် မြို့ကိုပါ ယမန်နေ့က သိမ်းယူခဲ့ပါတယ်။ ယခင်လကတည်းက ဘူးသီးတောင်မြို့နယ်မှာ စစ်ကောင်စီက နောက်ကွယ်က စေခိုင်းစေခဲ့တယ်လို့ ယူဆတဲ့ မြို့ပေါ်မှာဆန္ဒပြမှုတွေနဲ့ အချို့သောနေအိမ်မီးရှို့မှုတွေကို ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီဖြစ်ရပ်တွေဟာ လက်ရှိ AA နဲ့ စစ်ကောင်စီအကြားဖြစ်ပွားနေတဲ့ စစ်ရေးတိုက်ခိုက်မှုတွေအကြား ရိုဟင်ဂျာ မူဆလင်တွေနဲ့ ရခိုင်လူမျိုးအကြား လူမျိုးရေးပြဿနာဖြစ်ပွားအောင် တမင်တကာ လှုံ့ဆော်တဲ့လုပ်ရပ်အဖြစ် ရှုမြင်နေကြပါတယ်။
AA အဖွဲ့ရဲ့ ရိုဟင်ဂျာတွေအပေါ်မှာ ထားရှိတဲ့သဘောထား၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က ကျေးရွာအချို့မှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲ ချက် အချို့လည်း ထွက်ပေါ်လာနေခဲ့တာလည်း ဖြစ်ပါတယ်။
ဒီဖြစ်ရပ်တွေ နဲ့ပတ်သက်လို့ မကြာသေးခင်က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက ရခိုင်ပြည်နယ်မှာလတ်တလောဖြစ်ပွားနေတဲ့အရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ ထုတ်ဖေါ်ပြောဆိုချက်မှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ နောက်ထပ်ဖြစ်ပေါ်လာနိုင်တာကြောင့် စိုးရိမ်ကြောင်း ပြော ဆိုခဲ့သလို အဆိုပါ ပြောဆိုမှုကို AA ဘက်က လက်မခံဘဲ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံက အာဏာချုပ်ကိုင်ထားတဲ့ စစ်တပ်အနေနဲ့ နိုင်ငံရေး ပြဿနာတွေ အကြပ်အတည်းတွေ ကြုံရတိုင်း လူမျိုးရေး အဓိကရုဏ်းလို၊ လူမျိုးရေး ပြဿနာလိုမျိုးဖန်တီးပြီး အကြပ်အတည်းကနေ ထွက်ပေါက်ရှာလေ့ရှိတာကြောင့် အခုလက်ရှိ ရခိုင်ပြည်နယ် မှာ စစ်ရေးအရ ရှုံးနိမ့်လာနေချိန်မှာ လူမျိုးရေး ပြဿနာတရပ်ကို ဖန်တီးဖို့ လမ်းလွှဲဖို့ လုပ်ဆောင်ခဲ့တာလို့ ကောက်ချက်ချနိုင်ပါတယ်။
တဖက်မှာလည်း လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေ ဂျီနီဗာ ကွန်ဗင်းရှင်းပါ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာဖို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက တိုက်တွန်းပြောဆိုနေကြတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပြဿနာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့သလို ယခု ၂၀၂၄ ခုနှစ် အထက်က အဖြစ်အပျက်တွေလိုမျိုး ရခိုင်ပြည်နယ်မှာ နောက်တကြိမ် ထပ်မံမဖြစ်ပွားဖို့ ပါဝင်နေတဲ့ အဖွဲ့အစည်းအသီးသီးက သတိကြီးစွာနဲ့ ဂရုစိုက်ကြဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးတွေကို တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင် ရွက်မှုနဲ့ ဇန်နဝါရီလဆန်းမှာ အပစ်ရပ်သဘောတူညီချက် ရရှိပြီးနောက် ၄ လအကြာမှာ မြောက်ပိုင်းညီနောင် မဟာမိတ်လက်နက်ကိုင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံမှာပဲ ထပ်မံတွေ့ဆုံဆွေး နွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဇန်နဝါရီလဆန်း အပစ်ရပ်သဘောတူညီမှုတွေပြီးတဲ့နောက်မှာ တရုတ်နိုင်ငံနယ်နိမိတ် ထိစပ်နေတဲ့ ရှမ်းမြောက်ပိုင်းနယ်စပ်မှာ လက်နက်ကိုင် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားတာမရှိတော့ပေမယ့် အပစ်ရပ်သဘောတူညီချက်အပြင် အခြားသော ကိုင်တွယ်ဖြေရှင်းရမယ့် အရေးတွေဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေးလို ကိစ္စတွေမှာ ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာနဲ့ ပတ် သက်လို့ ဆွေးနွေးတာလို့ ယူဆရပြီး ဆွေးနွေးမှု အသေးစိတ်ကိုတော့ ဘယ်အဖွဲ့အစည်းကမှ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
တရုတ်နိုင်ငံအနေနဲ့ နယ်စပ်ဒေသတွေ တည်ငြိမ်စေလိုတဲ့အချက်နဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ခဲ့ရင် တရုတ်နိုင်ငံအနေနဲ့လည်း စီးပွားရေးအရ အကျိုးကျေးဇူးရှိမှာဖြစ်လို့ အခုလို ဆွေး နွေးပွဲတွေမှာ တရုတ်နိုင်ငံအနေနဲ့ ၄င်းရဲ့ သြဇာကို အစွမ်းကုန် အသုံးချမှာလည်း ဖြစ်ပါတယ်။
နယ်နိမိတ်ထိစပ်ရာဒေသတွေက လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် အတိုင်းအတာတခုထိ သြဇာရှိတာ အမှန်ပင်ဖြစ်သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့လည်း ၄င်းတို့ရဲ့ စစ်ရေး၊ နိုင်ငံရေး သြဇာအာဏာကို ဝင်ရောက်စွက်ဖက်တယ်လို့ ခံစားရတဲ့ အနေအထားတွေ ရှိကောင်းရှိနေနိုင်တာလည်း ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲတွေမှာ ဘေးပေါက် ဆွေးနွေးမှုတရပ် အနေနဲ့ ရခိုင်ပြည်နယ်မှာ စစ်ရေးအရ အောင်ပွဲတွေ ရနေတဲ့ AA နဲ့ စစ်ကောင်စီအကြား ဆွေးနွေးမှုတရပ်လည်း လုပ်ဆောင်ဖို့ ကြိုးစားခဲ့ပေမယ့် ဆွေးနွေးမှုရလဒ်က ဘာမှ ထွက်ပေါ်နိုင်ခြင်းမရှိဘူးလို့ အချို့သော သတင်းဖော်ပြချက်တွေအရ သိရှိရပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ရခိုင်စစ်ပွဲနဲ့ ပတ်သက်လို့ ကြားဝင်စေ့စပ်ဆွေးနွေးဖို့ ကြိုးစားနေတဲ့ သတင်းတွေ၊ အချက်အလက်တွေ အခု ဆွေးနွေးပွဲမတိုင်ခင်ကတည်းက ကြားသိနေခဲ့ရပြီး တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံသဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေလုံခြုံမှုရှိရေးကိုတော့ စစ်ကောင်စီရော AA ကိုပါ ရှင်းရှင်းလင်းလင်းသဘောထားမှတ် ချက်ပေးထားလိမ့်မယ်လို့ ခန့်မှန်းနိုင်တာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar