Breaking News

မြန်မာပြည်ရဲ့ ဒုက္ခတွေ ဆုံးခန်းမမြင်ဘူးလို့ ဆိုတဲ့ ဘာသာရေးခေါင်းဆောင်ရဲ့ မှတ်ချက်

မြန်မာနွေဦး ခရိုနီကယ် - မေ ၂၆ မြင်ကွင်း

(မိုးမခ) မေ ၂၇၊ ၂၀၂၄

မြန်မာပြည်ရဲ့ ဒုက္ခတွေ ဆုံးခန်းမမြင်ဘူးလို့ ဆိုတဲ့ ဘာသာရေးခေါင်းဆောင်ရဲ့ မှတ်ချက် 

မကြာသေးခင် ရက်ပိုင်းအတွင်း CAN သတင်းဌာနနဲ့ အင်တာဗျူးမှာ မြန်မာနိုင်ငံက ကက်သလစ် ဘာသာရေး ခေါင်းဆောင် ကာဒီနယ် ချားစ်ဘို က မြန်မာနိုင်ငံရဲ့ ဒုက္ခတွေ ဆုံးခန်းမမြင်ဘူးလို့ မှတ်ချက်စကားတခွန်းကို ပြောဆိုခဲ့ကြောင်း အဆိုပါ သတင်းဌာနကို ကိုးကားကာ ရေးသားထားတာ တွေ့လိုက်ရပါတယ်။ ဘယ်တော့ ပြီးဆုံးမလဲ ဆိုတာကို မမျှော်မှန်းနိုင်ဘူးလို့ ကာဒီနယ် ချားစ်ဘိုက ပြောဆိုသွားတာဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် အစပိုင်းမှာ ကိုဗစ်ကူးစက်မှု ကပ်ဘေးဖြစ်ပွားပြီး စီးပွားရေး ထုတ်လုပ်မှု၊ ရောင်းဝယ်မှုတွေ သိသာစွာ ဆုတ်ယုတ်ကျဆင်းခဲ့ရာက တနှစ်နီးပါး အကြာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းတာ ဖြစ်ပွားပြီး လက်နက်ကိုင် ခုခံတိုက်ခိုက်ခဲ့ကြရာမှာ မြန်မာနိုင်ငံ အနှံ့ အပြား ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ထွက်လာကြသလို နဂိုရှိပြီးသား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလည်း အင်အားအပြည့်နဲ့ လှုပ်ရှားလာခဲ့ကြတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ ဒုက္ခတွေကိုဖေါ်ပြရာမှာ လူဦးရေ ၃ သန်းကျော်က စစ်ဘေးတိမ်းရှောင်နေကြရတဲ့ အနေအထားကို ကာဒီနယ်က ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ဘာသာရေးအဆောက်အဦပေါင်း ရာနဲ့ချီ ထိခိုက်ပျက်စီးခဲ့ရတာကိုလည်း ရည်ညွှန်းပြောဆိုခဲ့သလို အများဆုံးက စစ်ကိုင်းတိုင်းနဲ့ ကယား ပြည်နယ်တို့မှာလို့လည်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ စစ်ဘေးကြောင့် မိမိတို့ နေရပ်ကနေ စွန့်ခွာကာ အခြားသော မြို့ရွာ၊ တော တောင် ၊ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြရသူတွေ အဖို့ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး စတာတွေလည်း လိုအပ်ချက်တွေရှိနေကြတာကိုလည်း ရည် ညွှန်းပြောဆိုခဲ့တာ တွေ့ရပါတယ်။ 

မြန်မာနိုင်ငံလူဦးရေနဲ့ရာခိုင်နှုန်းချကြည့်ရင် ၅% ကျော်က စစ်ဘေးရှောင်သူတွေဖြစ်နေတာကြောင့် တရာမှာ ၅ ယောက်နဲ့ ၆ ယောက်က စစ်ဘေးတိမ်းရှောင်နေကြရသူ ဖြစ်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

စစ်ဘေးတိမ်းရှောင်ရပြီဆိုတာနဲ့ မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်တွေကိုမလုပ် ကိုင်နိုင်ကြတော့တဲ့အနေအထားရောက်ရှိကာ စုဆောင်းထားတဲ့ ငွေကြေးထဲက သို့မဟုတ် အကူ အညီကိုမျှော်လင့်ကာ အသက်ရှင်သန်နေထိုင်ကြရမယ့် သဘောလည်း ဖြစ်ပါတယ်။ ထားခဲ့ရတဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုပစ္စည်းတွေလည်း လက်နက်ကိုင်တိုက်ပွဲတွေအကြား ဖျက်ဆီးခံရတာ သို့မဟုတ် ယူဆောင်ခံရတာတွေ ဖြစ်ပြီး အကယ်၍ နေအိမ်ကို ပြန်လာနိုင်တဲ့အချိန်မှာ ပိုင်ဆိုင်မှုတွေက ဆုံး ရှုံးပြီးဖြစ်တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ကက်သလစ်ဘာသာဝင်တွေအနက် သြဇာကြီးမားဆုံးလို့ဆိုနိုင်တဲ့ ဘာသာရေးခေါင်းဆောင်ရဲ့ မှတ်ချက်ပေးပြောဆိုမှုက လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကို ထင်ဟပ်သလို တွေ့ဆုံဆွေးနွေးကြဖို့ ၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးအတွက် စကား ပြောဆိုကြဖို့ ဆိုတာမျိုးတော့ အခုတကြိမ်မှာ တိုက်တွန်းပြောဆိုသွားခြင်း မရှိပါဘူး။ 

ကမ္ဘာလုံးဆိုင်ရာ ကက်သလစ်ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးက ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့လိုအပ်ရင် အလံဖြူထောင်ပြီး ငြိမ်းချမ်းရေး၊ အပစ်ရပ်ရေး ပြောဆိုနိုင်တဲ့ သတ္တိရှိရမယ်ဆိုတဲ့မှတ်ချက်စကားကြောင့် အချို့သော နိုင်ငံရေးသမားတွေနဲ့ ယူကရိန်း ခေါင်း ဆောင်တွေက ဝေဖန်ပြောဆိုချက်တွေ ယမန်နှစ်ကထွက်ပေါ်ခဲ့ဖူးတာဖြစ်ပြီး မြန်မာနိုင်ငံ ရဲ့ နိုင်ငံ ရေး ပြဿနာလက်နက်ကိုင်ပဋိပက္ခနဲ့ ပတ်သက်လို့ ကာဒီနယ်အနေနဲ့ အလားတူ မှတ်ချက်စကားမျိုး ပြောဆိုခြင်းတော့ မရှိခဲ့ပါဘူး။ 

အခြားသောနိုင်ငံတကာက စစ်ပွဲတွေနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေလိုပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံ ရေးစစ်ရေး ပြဿနာကို ဘယ်လိုအဖြေရှာကြမလဲ ဆိုတာနဲ့ပတ်သက်လို့ မှတ်ချက်ပေး ပြောဆိုမှုတွေကထိရှလွယ်တဲ့ကိစ္စရပ်တခုလည်း ဖြစ်နေတာဖြစ်ပါတယ်။ လက်ရှိအနေအထားမှာ တော်လှန် ရေး အင်အားစုတွေဘက်ကတော့ စစ်အာဏာရှင်တပ်ကိုအပြီးတိုင် ဖယ်ရှားရေး၊ လက်ရှိစစ်တပ်ရဲ့ အခန်းဏ္ဍကိုအသိအမှတ်မပြုနိုင်တော့တဲ့သဘောထားမျိုးတွေ ကိုင်စွဲထားကြသလို တိုင်းရင်းသား ဖက်ဒရယ်တပ်မတော်လိုမျိုးနဲ့ အစားထိုး ဖွဲ့စည်းကြမယ့် ရည်မှန်းချက်မျိုး ရှိကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ NUG အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား အနာဂတ်တပ်မတော်အရေးနဲ့ပတ်သက်ပြီး တိတိပပ ပြောဆိုဆွေးနွေးထားတာတော့ မတွေ့ရသေးပါဘူး။ 

အာဏာသိမ်းစစ်တပ်အနေနဲ့ နယ်မြေ ဆုံးရှုံးမှုတွေ၊ မြို့တွေဆုံးရှုံးလက်လွှတ်လိုက်ရတာတွေ ဆက် တိုက်ဆိုသလိုပေါ်ထွက်လာနေချိန် အခုကာလမှာ အနာဂတ်အတွက် ဆွေးနွေးထားဖို့လိုအပ်နေတာအမှန်ပဲ ဖြစ်ပါတယ်။

စစ်ကောင်စီကို ဒီနေ့မနက်ဖြန် အပြီးတိုင်အနိုင်ရမယ်လို့ ရည်မှန်းထားတာ လက်တွေ့ မကျသော် လည်း အစိတ်အပိုင်းလိုက်နေရာယူလာနိုင်နေတဲ့အနေအထားမှာ အနာဂတ်အတွက်ရည်ရွယ်ပြီး လက်ရှိ ပစ္စုပ္ပန်အခြေအနေအရပါ လိုအပ်နေတဲ့ဆွေးနွေးသဘောတူညီမှုတွေအရေးတကြီး လိုအပ်နေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar