Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးအူရိပ်မိုးတိမ်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးအူရိပ်မိုးတိမ်

(မိုးမခ) မေ ၂၇ ၊ ၂၀၂၄

အာကာသပညာကို အလိုအလျောက် ဆည်းပူးမိပြီးသားဖြစ်သွားသူက ကာပုလေး။ သူသည် ပုကွတို့ထုံးစံ အမြဲတမ်းအပေါ်မော့မော့ကြည့်ကြည့်နေရသည်ကတကြောင်း၊ အထက်ကို အမြဲဖားယားနေတတ်သည်ကတကြောင်း၊ ဆင်ရီးခွေးမျှော်နက္ခတ်ဖွားဖြစ်သည်ကတကြောင်းကြောင့် တရုတ်သိုင်းဝတ္ထုဇာတ်ကောင်တယောက်လို စာရွက်နှစ်ရွက်လှန်လိုက်သည်နှင့် အာကာသကျွမ်းကျင်ပညာရှင်ဖြစ်လာရချေသည်တမုံ့။ 

သူသည် ငယ်စဉ်ကထဲက ကောင်းကင်အိပ်မက် အကြီးကြီးမက်ခဲ့သူ။ အဲဒါကြောင့် ပုတီးစိပ်ရင် တောင် သူများတကာလို 'အရဟံ' 'အရဟံ'နဲ့ မစိပ်၊ 'အာကာသ' 'အာကာသ' လို့ဘဲ စိပ်ခဲ့သည်မှာ ကနေ့ထိ။ သူ့မှာ မွေးကထဲက ကောင်းကင်မြင်ရင်ကို မနေတတ်မထိုင်တတ် ခုန်ဆွခုန်ဆွဖြစ်လာတတ်သည်။ ယခု ကာချုပ်ဖြစ်သည့်တိုင် ဘောင်းဘီကိုတော့ ဆွဲဆွဲမမိ‌သေးသည်။ တခါတရံ ရပ်ရှားပြည်မှလာသောဂါလီဗာတွေနဲ့ စကားပြောရချိန်များဆိုလျင် နွားကလေးအမော့သင်သလို ဖြစ်ဖြစ်နေ၍ အလွန်ခုန်ချင်ဆွချင်စိတ်ဖြစ်ပေါ်လာပေရကား မခုန်မိအောင် တချက်တချက် လျှာကို ကိုက်ကိုက်ပေးရသေးသည်။ 

သူဗိုလ်သင်တန်းကျောင်းသို့ပြောင်းဖြစ်သည်မှာလည်း ဤအာကာသအိပ်မက်ကြောင့်ပင်။ ဗိုလ်ဖြစ်ရင် လေယဉ်ဖရီးစီးရမည်၊ ဟတ်စကီး မပြတ်တီးပြီး ကောင်းကင်ထဲထိုးခွဲဝင်လိုက်ရလျင်ဆိုပြီး စိတ်ထဲတကယ်ဖြစ်သလိုထင်ယောင်မြင်ယောင်လာပြီး ညညဆို ထထပင်ရောင်တတ်သေးတော့သည်။ သူ့မိဖတွေမှာ အထူးလားအဆန်းလား အရူးလားအနှမ်းလားမကွဲဘဲ စိုးတထိတ်ထိတ်စောင့်ကြည့်နေကြရသည်။ ကုသပေးရမလားဆိုတော့လဲ အာကာသရောဂါဆိုတာမကြားဘူးတော့ သူများခွီမှာစိုးပြီး မိုးလင်းခဲ့ရဘူးပေါင်းများပြီ။ တဖက်ကလဲ အာကာသရောဂါဆိုတာ အထက်ဂိုဏ်းဆရာကြီးတွေ ပဌာန်းဆက်နဲ့ ပတ္တမြားပန္နက်ရိုက်ထားတာကြောင့်လို့လဲတွေးမိပြီး တနေ့အထွဋ်အထိပ်ရောက်မည်ဟု စိတ်ကြီးများပင်ဝင်ကာ ခပ်အေးအေးနေမိလိုက်သည်လည်းရှိသည်။ ဗျာပူလိုက် ပဏာယူလိုက်နဲ့နေနေရသည်တွင် ယတြာကျေသွားမည်ဆို၍ သူများနည်းတူ ကိုယ် တိုင်လဲ မန်ကျည်းရွက်ပင် တက်ခူးမစားခဲ့သလို သားပုလေးကိုလဲ ဘယ်အပင်မှ အတက်မခံခဲ့။

သူသည် ငယ်စဉ်ကထဲကပင် အာကာသပညာရပ်၏အဓိကအချက်အချာဖြစ်သည့် တိမ်ကို အရုပ်ရေးခြင်းပညာရပ်တွင် တဖက်ကမ်းခပ်သည်။ အများဆုံးရေးဖြစ်တာကတော့ ခွေးရုပ် နွားရုပ် ခြင်္သေ့ရုပ် ဆင်ရုပ် မမြင်မကြားမပြောမျောက်သုံးကောင်။ တိရစ္ဆာန်ထဲတွင် ခွေးအကျွမ်းဆုံး၊ ရှိရှိသမျှခွေးမျိုးစုံရေးတတ်သည်။ ပြည်တွင်းခွေးတင်မက အပြည်ပြည်ဆိုင်ရာခွေးများ၏ ဟောင်ပုံ ကိုက်ပုံ အလစ်ဆွဲပုံ အမြီးနံ့ပုံ ခိုးစားပုံ၊ ခိုင်းတာ လုပ်တတ်ပုံ၊ သခင့်အလိုသိပုံ အထူးသဖြင့် အူပုံကို အမူအယာစုံဖြင့် ရေးတတ်သည်။ ခွေးရုပ်များရေးနေရပြီဆို ထမင်းမေ့ဟင်းမေ့ မိဖမေ့ ဆွေမေ့မျိုးမေ့ ပတ်ဝန်းကျင်မေ့။ ကောင်းကင်တခုလုံး ခွေးအပြည့်ရေးလိုက်ရမှ နေလို့ထိုင်လို့အဆင်ပြေသည်။ မဟုတ်ရင် လူးမလိုလို လှိမ့်မလိုလို။ ရေးပြီးပြန်ရင်လဲ မီးဖိုကို သုံးလေးခါပတ်ပြီး ပြာနံ့ရှူ ပြာကိုလျက်ရုံနဲ့မရ တင်ကလေးလှုပ်လှုပ်ယမ်းတဲ့ပြီး ခပ်ဆွဲဆွဲ ခေါင်းထိုးထိုးအူလိုက်ရမှ အဆင် ပြေတော့သည်။ ဤ့အတွက် ကာပုလေး၏မိဖများမှာ ခွေးချစ်သူဟန်ဆောင်၍ ခွေးများများမွေးထားရသည်။ လူမမွေးရ။

အခုဆို ကာပုလေးက အာကာသ နည်းပညာ  ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်၍ ပညာတော်သင်စေလွှတ်ရန် ရုရှားနဲ့ ဆွေးနွေးနိုင်သည်အထိရောက်ပြီဆိုတော့ မိဖများကြိတ်ပီတိဖြစ်ခဲ့သည့် အထက်ဂိုဏ်းဆရာကြီးများမသချက်ဆိုတာ သေချာသွားပြီ။ ရောဂါမဟုတ်၊ ထောစရာ။ ထောတာတော့ မပြောနှင့်၊ မြေးလေးအောင်ပြည့်စုံဆို နာမည်အတိုင်းပင် အောင်မြင်ပြည့်ဝစုံလင် အပုံအပင် မလိုချင်မှအဆုံး ကုမ္ပဏီသည်ပင် တရက်ဘယ်နှစ်ခုတိုးနေမှန်းတောင် သူမသိတော့။ ခင်သီရိသက်မွန်ကတော့ တခုလပ်ဖြစ်နေသည်ကပင် သူ့အတွက်ကံကြမ္မာ ဖန်လာလို့ဆိုရမည်။ ဒါရိုက်တာဖြစ်ချင်လား၊ ထုတ်လုပ်သူဖြစ်ချင်လား၊ မင်းသားဖြစ်ချင်လား၊ အဆိုတော်ဖြစ်ချင်လား၊ မော်ဒယ်ဖြစ်ချင်လား၊ ဆယ့်တလီဖြစ်ချင်လား၊ အဆင်မှန်သမျှ လာထား အာဘွား။ အာဘွားဆိုသလို အာဘွားတော့ အာဘွားရမည်။ မအာဘွားဘဲတော့ ဘာမှဖြစ်ချင်လို့မရ။ အကုန်လုံး သူ့လက်ထဲမှာ၊ သူ့ခြေ ဖဝါးအောက်မှာ၊ ဒူးပွန်း အဲလေ ဒူးထောက်ရမှာဖြစ်သည်။ မြစ်ကလေးတွေအဖို့တော့ ဧရာဝတီတို့ နိုင်းမြစ်တို့ထက်ပင် ရေစီးသန်အုံးမည်။ ပင်လယ်ထက်ပင် ရေလျှံ လှိုင်းထန် ဂလုံဆန်အုံးမည်။  ချွေးမချောခေါသဏီသာကြည့်တော့။ ခေါလေ ထောလေဆိုရမလောက် နိုင်ငံတကာက ထွက်သမျှ အမျိုးသမီးအသုံးအဆောင် သူ့ရှေ့မှောက်ရောက်လာရသည်။ သူရို့တပ်တွင်းဆိုလျှင် အပြည်ပြည်ဆိုင်ရာခေါသဏီလို့တောင် ဆိုစမှတ်ရှိကြသည်။ 

သူရို့သားလှိုင်ကလေးက သူကြိုးပမ်းနေတဲ့ အာကာသနည်းပညာကိစ္စနဲ့ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့ ရုရှားနဲ့တွေ့ဆုံဆွေးနွေးပွဲမှာ သူ့ရဲ့ တိမ်အရုပ်ရေးပညာကို ပြသခဲ့ကြောင်း၊ အားလုံး အံ့ဘနန်းပြီး သူတို့ကိုယ်သူတို့ အာကာသကိုခြေချနိုင်ခဲ့တာကစလို့ ကနေ့ အာကာသကိုစိုးမိုးနိုင်ပြီဟု အထင်ရောက်နေသမျှ အဆွေတော့်ပညာမြင်ရမှဘဲ အာကာသပညာထက်မြင့်မားတဲ့ အာကာသအနုပညာဆိုတာရှိသေးတာကို သိရပြီး မာန်လုံးကြီးဖုတ်ကနဲ ပြုတ်ကျသွားကြောင်း၊ သူ့ရဲ့ အာကာသလုံးဆိုင်ရာ ခွေးအူရိပ်မိုးတိမ်ပန်းချီပြခန်းကြီးကို အာကာသယဉ်မျိုးစုံလွှတ်တင်ချိတ်ဆွဲပြပွဲဆင်ရာတွင် ပူးပေါင်းဆောင်ရွက်ခွင့်ပြုမည့်အကြောင်း လာရောက်မိန့်တော်မူသွားကြောင်းကို သူ့မေမေက ဂုဏ်ယူဝံ့ကြွားစွာ ပြောင်းဖူးဖက်လိပ်ကြီးမေးထိုးထိုးဖွာရင်း အိမ်တကာလှည့်ဖောက်သည်ချနေတာကို တွေ့ရပေတော့သည်။ 

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar