Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၉၇ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၉၇ )

(မိုးမခ) ဇွန် ၂၄ ၊ ၂၀၂၄

23/6/24

Diary in the darkness 

ညက ကန်သုံးဆင့်ဆရာတော်ကျောင်းကို စစ်တပ်က ဝိုင်းဝန်းပိတ်ဆို့ ထားတယ်ဆိုတဲ့သတင်းနဲ့အတူ စာသင်သံဃာတော်တွေကို နေရပ်ပြန်လွှတ်လိုက်ပြီ ဆိုတဲ့ သတင်းတွေ တက်လာပါတယ်။ 

ဆန်ကုန်သည်တွေကို ဖမ်းဆီး အရေးယူပြီး‌ ‌ နောက် အခြေခံကုန်ဈေးနှုန်းတွေ တဟုန်ထိုးတက်လာလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှုနဲ့ ကြုံနေရပါတယ်။ 

ဒီအချိန်မှာပဲ သံဃာတော်တွေနဲ့ စစ်တပ် ထိပ်တိုက်တွေ့တော့မယ် ဆိုတဲ့ သတင်း သုံးသပ်ချက်တွေ လည်း အဆက်မပြတ် ထွက်‌ပေါ်နေပါတယ်။ ကျွန်တော်တို့ ပိုပြီးထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ပါတယ်။ စစ်တပ်ရဲ့ နိဂုံးကို မကြာမီမြင်ရတော့မယ်လိ့ တွေးမိပြီး ဝမ်းသာအားရလည်း ဖြစ်မိပါတယ်။ 

မလုပ်ရဲတာ ဘာမှမရှိဘူးလို့ ကြွေးကြော်ထားတဲ့ စစ်ခေါင်းဆောင်ဟာ မလိမ်ရဲတာလည်း ဘာမှမရှိ၊ မသတ်ရဲတာလည်း ဘာမှမရှိဘူးဆိုတာ ထပ်ကာတလဲလဲ သက်သေပြနေတာကို အကြိမ်ကြိမ် တွေ့မြင်နေကြရပြီလေ။

လူသတ်၊ မုဒိမ်းကျင့်၊ ရွာ မီးရှို့၊ ဓားပြတိုက် စတဲ့ ရာဇဝတ်မှုတွေကို အစီအစဉ်ရှိရှိ ကျူးလွန်ပြီး တော်လှန်ပြည်သူတွေကို အပြစ်ပုံချလေ့ရှိတဲ့ စစ်ကောင်စီရဲ့ မဟာဗျူဟာတွေဟာ ခေတ်မီဆက်သွယ်ရေးတွေ ထွန်းကားမှုနဲ့ ပြည်သူတွေရဲ့ နိုးကြားတက်ကြွမှုကြောင့် စိစိညက်ညက် ကြေမွကုန်ပါပြီ။ စစ်တပ်ရဲ့ မီဒီယာတွေဟာ လူထုအတွက် ဟဒယရွှင်ဆေး ဖြစ်ကုန်ပါပြီ။

စစ်‌ခေါင်းဆောင်တွေ ရဲ့ အလိမ်အညာ ဗျူဟာတွေက နောက်ဆုံးမှာ စစ်တပ်ကိုသာ ချောက်ထဲတွန်းချမိလျက်သား ဖြစ်နေပါတယ်။ ဒါကို သူတို့ မသိ မမြင်ကြပါဘူး။  သူတို့ အမိုက်မှောင်ဘယ်လောက် ဖုံးနေတယ်ဆိုတာ မှန်းဆနိုင်ပါတယ်။ သူတို့ရဲ့ အတ္တလောဘကြောင့် သူတို့ မျက်လုံးတွေ စုံလုံးကန်းနေပါပြီ။ ဆင်ကန်းကြီး ဆူးတောတိုးနေပါပြီ။ 

ရခိုင်မှာ သံတွဲလေဆိပ်ကို AA က သိမ်းတော့မယ်။ 

မူဆယ် ဓားပြမှုမှာ ပါဝင်တဲ့ စစ်ကောင်စီတပ်ဗိုလ်မှူးနဲ့ တပ်သားတွေကို တော်လှန်ရေးတပ်တွေကို အရှင်မိထားကြောင်း သတင်းဓာတ်ပုံတွေတက်လာပါတယ်။ 

ကရင်ဘက်မှာတော့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း နောက်ပြန်လန်နေပါတယ်။ ညီနောင်သုံးဖော်ရဲ့ လားရှိုးမြို့သိမ်း အောင်ပွဲကို ရင်တဖိုဖိုနဲ့ ကျွန်တော်တို့ မျှော်နေမိတယ်။

ရပ်ကွက်ထဲမှာ ကုန်ဈေးနှုန်းတွေ တက်တဲ့ သတင်းကို နှုတ်ခွန်းဆက်စကားအဖြစ် သုံးနေကြတယ်။ 

'ကန်စွန်းရွက် ဘယ်ဈေးလဲ'

'ကြက်ဥတလုံး ဘယ်လောက်လဲ'

'ဆီဝယ်ရလား'

အိမ်တိုင်းလိုလိုမှာလည်း မှိုတွေ ပေါက်လို့ တအိမ်နဲ့ တအိမ် လက်ဆောင်ပေးနေကြတယ်။

အောင်ပွဲသတင်းတွေ နားစွင့်ရင်း၊ ဖလှယ်ရင်း တရပ်ကွက်လုံး မှိုရတဲ့ မျက်နှာတွေနဲ့။

အန်ကယ် တူမီး

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar