Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဗြဟ္မဒဏ်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဗြဟ္မဒဏ်

(မိုးမခ) ဇွန် ၂၄ ၊ ၂၀၂၄


ဗြဟ္မဒဏ် ဟူသည် ဝိုင်းပယ်မှု။ လူကောင်းသူကောင်း ရဟန်းကောင်းတို့၏ ဝိုင်းပယ်မှု။ ဆိုဆုံးမခက်သူ လူတွင်ကျယ်ကျသူကို လူကောင်းသူကောင်း ရဟန်းကောင်းတို့၏ ဝိုင်းပယ်မှု။

ဘုရားရှင်၏ စီရင်ထုံးတခု။ 

အလွန်ပြင်းထန်သည့်ပြစ်ဒဏ်ဟု ကျမ်းဂန်တို့က ဆိုသည်။

လူစာရင်းက ဖယ်ရှားခြင်း ဖြစ်သည်။ လူက လူလို မသိတတ်၍ လူစာရင်းက ဖယ်ထုတ်လိုက်ခြင်း။ လူနဲ့လူ မနုဿချင်းသာ ပေါင်းသင်းဆက်ဆံသည်ဆိုသည့် သဘော။ 

အမနုဿ = ဘီလူးစိတ်ဝင်သူ လူ မဟုတ်သောလူကို မပေါင်းသင်း မဆက်ဆံ ဗြဟ္မဒဏ်ခတ်ခြင်းဖြင့် လူစိတ်ပြန်သွင်းသော လုပ်ငန်းစဉ်တရပ်ကို ဘုရားရှင်ကိုယ်တော်တိုင် အသေအချာချမှတ်ထားသည်။ ကျင့်သုံးသည်။

စိမ်ရည်အိုးထဲကျလျှင် ချဉ်သည် ဆိုသည့်အတိုင်း ရှောင်လွှဲရမည့် လူမိုက်ကို မရှောင်လွှဲ၊ မမှီဝဲရမည့် လူယုတ်ကို ပေါင်းသင်းဆက်ဆံခြင်းပြုလျှင် ထိုသူလည်း လူယုတ်သာ။ ဆက်လက်ဒဏ်ခတ် ဆုံးမအပ်သူသာ။ လူမိုက်နှင့် ကင်းအောင်နေခြင်းသည် ဗြဟ္မဒဏ်မှု၌ ပါဝင်ခြင်းဖြစ်သည်။ လူဆိုလျှင်လည်း လူအလျှောက် ပေါင်းသင်းဆက်ဆံမှုကို ဖြတ်တောက်ရသည်။ အုပ်ချုပ်စီမံမှုကို လက်မခံရ။ ရဟန်း ဆိုလျှင်လည်း ရဟန်းအလျှောက် အလှူခံယူခြင်း၊ တရားဟောပြောခြင်း မပြုရ။ ပူးတွဲလုပ်ဆောင်ခြင်း မပြုရ။ ပြုသူလည်း ဗြဟ္မဒဏ်သင့်သည်။ ဘုရား၏ စီရင်ထုံးကို ငြင်းဆန်သူ ဖြစ်သည်။ ဗြဟ္မဒဏ်သင့်သူနှင့် ရောင်းဝယ်ဖောက်ကားခြင်းပင် မပြုရ။ ဗြဟ္မဒဏ်သင့်သောရဟန်းနှင့် လှူခြင်း တရားနာခြင်းမဆိုထား လက်အုပ်ချီခြင်းပင် မပြုရ။ ခေတ္တ ယာယီ ရဟန်းစာရင်းမှ ထုတ်ပယ်ပြီး ဖြစ်သည်။ လူယုတ်နှင့် ပေါင်းသဖြင့် ပူဇော်ထိုက်သူစာရင်း မဝင်တော့ချေ။

မဟုတ်တာ ယုတ်မာတာ ညှဉ်းဆဲသတ်ဖြတ်တာ ရှေ့လျှောက် မလုပ်တော့ပါ၊ မှားခဲ့သမျှ တောင်းပန် ဝန်ချမည်၊ ဖြစ်ခဲ့သမျှ တာဝန်ခံပါမည်ဟု လူ့အသိဝင် လူ့တာဝန်ယူမည် သေချာမှသာ လူစာရင်းပြန်သွင်း၍ ပေါင်းသင်းဆက်ဆံခြင်းအလုပ် ပုံမှန်ပြန်လုပ်ရသည်။ ယင်းအခြေအနေမရောက်မချင်း လူစာရင်းဝင်တိုင်းက ဗြဟ္မဒဏ်ခတ်လုပ်ငန်းစဉ် မရပ်တန့်ရ။ ဆက်လက်ပါဝင်လုပ်ဆောင်နေရမည်။ သို့မှသာ လူ့ဖြစ်မှု လူ့တန်ဖိုး လူ့တန်ခိုးကို ကိုယ်ရောသူပါ အမှန်နားလည်လာပြီး လူ့ကမ္ဘာ ငြိမ်းချမ်း စိမ်းလန်းတော့မည်။ 

အမနုဿ ခေါ်  ဘီလူးမျက်နှာကို စိမ်းစိမ်းတည့်တည့် အားလုံး ဝိုင်းကြည့်ရမည့်အချိန် ရောက်ပေပြီ။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar