သိန္နီမြို့မဈေး လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ အရပ်သား ၁၀ ဦးထက်မနည်း သေဆုံး ၊ ချင်းအမျိုးသားလက်နက်ကိုင်တွေနဲ့ AA အကြားက ပဋိပက္ခ
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင်လ ၁၉ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၂၄
သိန္နီမြို့မဈေး လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ အရပ်သား ၁၀ ဦးထက်မနည်း သေဆုံး ၊ ချင်းအမျိုးသားလက်နက်ကိုင်တွေနဲ့ AA အကြားက ပဋိပက္ခ
၁၀၂၇ စစ်ဆင်ရေး စတင်ဖြစ်ပွားပြီးနောက် MNDAA ထိန်းချုပ်ထားတဲ့ မြို့တမြို့ ဖြစ်လာတဲ့ သိန္နီမြို့ ရဲ့ မြို့မဈေး ဆိုင်တန်းတွေအပေါ်ကို စစ်ကောင်စီရဲ့ လေယာဥ်တွေက ဇူလိုင် ၁၈ ညမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက MNDAA တပ်တွေ သိမ်းယူခဲ့ပြီး အုပ်ချုပ်နေတဲ့ သိန္နီမြို့ကို သိမ်းယူပြီးခါစမှာလည်း မကြာခဏ လေကြောင်းကနေ တိုက်ခိုက်တာတွေ ရှိခဲ့ပြီး လအတန်ကြာ လေကြောင်းတိုက်ခိုက်မှုတွေ မရှိခဲ့ဘဲ အခု ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့ ပြန်လည်စတင်ပြီး လားရှိုးမြို့ကို MNDAA က သိမ်းယူဖို့ ကြိုးပမ်းနေစဥ် လေကြောင်းက တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
သိန္နီမြို့ တိုက်ခိုက်မခံရခင် ရက်ပိုင်းအတွင်း လောက်ကိုင်မြို့လည်း လေကြောင်းကနေ ဗုံးကြဲတာခံခဲ့ကြရပြီး စစ်ကောင်စီ ဘက်က လားရှိုးမြို့ကို ဝိုင်းပတ်တိုက်ခိုက်နေတဲ့ MNDAA ကို လက်တုံ့ပြန်တဲ့အနေနဲ့ အခုလို တိုက်ခိုက်တာလို့ မှန်းဆကြပါတယ်။ သို့ပေမဲ့ သိန္နီမြို့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်မှာ ပစ်မှတ်က အရပ်သားတွေ စုဝေးနေတဲ့ ဈေးလိုနေရာမျိုးကို ရည်ရွယ်ပြီး တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေက တချို့သော ဒေသတွေမှာတော့ မြေပြင်က သတင်းပေးမှုပေါ် အခြေခံပြီး စစ်ရေးနဲ့ အုပ်ချုပ်ရေးက သူတွေ စုဝေးနေတဲ့ နေရာမျိုး ၊ အစည်းအဝေးလို နေရာမျိုးကို တိုက်ခိုက်တာမျိုး ရှိသော်လည်း အချို့သော တိုက်ခိုက်မှုတွေက မြေပြင်က သတင်းပေးပို့တဲ့ အချက်အလက်မရှိပဲ လူအများ စုဝေးလေ့ရှိတဲ့ မြို့ရဲ့ အချက်အချာ နေရာကို ထိခိုက်အောင် လုပ်ဆောင်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဒီအဖြစ်အပျက် ဖြစ်ပွားပြီး နောက်တရက် ဇူလိုင် ၁၉ ရက်မှာလည်း မြန်မာနိုင်ငံ တောင်ပိုင်း KNU/KNLA နဲ့ ၄င်းလက်အောက်က စစ်ကြောင်းတွေ လှုပ်ရှားတဲ့ မွန်ပြည်နယ် ချောင်းနှစ်ခွ အနီးက ကျေးရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အရပ်သားအများစုနဲ့ ကျားဖြူစစ်ကြောင်းက တပ်ဖွဲ့ဝင်အချို့ စုစုပေါင်း ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်နှယောက် သေဆုံးပြီး ဘယ်နှယောက် ထိခိုက်ဒဏ်ရာရသလဲ ဆိုတဲ့ အချက်အလက် အသေးစိတ်တော့ ဖော်ပြထားခြင်း မရှိပါဘူး။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားတာ ထိုးစစ်ဆင်တာ စခန်းသိမ်းတာမျိုးတွေ အခုကာလမှာ ဖြစ်ပွားနေတာ မဟုတ်ပေမယ့် အဆိုပါကျေးရွာမှာ KNLA လက်နက်ကိုင် တပ်ဖွဲ့ဝင်တချို့ အစည်းအဝေး လုပ်မယ်ဆိုတဲ့ မြေပြင်သတင်းအချက်အရ လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်ကြောင်း သတင်းဖော်ပြချက်တွေမှာ တွေ့ရတာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ မြေပြင်မှာ စိုးမိုးထိန်းချုပ်နိုင်တဲ့ အနေအထား ကျဆင်းလာတာကို လေကြောင်းတိုက်ခိုက်မှုနဲ့ ကျားကန်ပြီး တိုက်ခိုက်တဲ့ ဗျူဟာကို ကျင့်သုံးနေတာ နှစ်နဲ့ချီ ရှိလာနေတာ တွေ့ရပြီး အခုလပိုင်းတွေမှာတော့ မြေပြင်တိုက်ခိုက်မှု မပါဘဲ လေကြောင်းတိုက်ခိုက်မှု သက်သက်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF စိုးမိုးတဲ့ ဧရိယာတွေကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒီနေ့အတွက် နောက်ထပ်အကြောင်းအရာ တခုက ချင်းပြည်ကောင်စီ လို့ခေါ်ဆိုတဲ့ ချင်းပြည်နယ်အစိုးရက ချင်းပြည်နယ် အရေးမှာ Arakan Army အနေနဲ့ ဝင်ရောက်စွက်ဖက်မှု မပြုဖို့ သတိပေးတဲ့ ကြေညာချက် ထုတ်ပြန်လိုက်တဲ့ သတင်းအကြောင်းအရာ ဖြစ်ပါတယ်။
အတိုကောက်အားဖြင့် CC လို့ ခေါ်ဆိုတဲ့ ချင်းပြည်ကောင်စီကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ဖွဲ့စည်းခဲ့ပြီး ချင်းအမျိုးသားတပ်ဦး CNF က ဦးဆောင်ပါဝင်တဲ့ တပ်ပေါင်းစုသဘောမျိုး ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ နောက် ချင်းလက်နက်ကိုင် ၃ ဖွဲ့ စုဖွဲ့ထားတဲ့ ချင်းညီနောင်အဖွဲ့က Arakan Army နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ သိမ်းတိုက်ပွဲတွေမှာ AA က ပါ ပါဝင်တိုက်ခိုက်နေတဲ့ အကြောင်း သတင်းတွေထဲ ဖော်ပြထားကြပါတယ်။
AA အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ ဗျူဟာကုန်းတွေ အခြေစိုက်စခန်းတွေကို တိုက်ခိုက်ဖို့ သိမ်းယူဖို့ရာ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ နယ်မြေကနေ အခြေပြုကာ ဝင်ရောက်လာခြင်း ဖြစ်ပြီး ပလက်ဝဒေသကိုလည်း စစ်ရေး လိုအပ်ချက်အရ ဆက်လက်ထိန်းချုပ်ထားတဲ့ အနေအထားဖြစ်ပြီး ချင်းပြည်နယ်တောင်ပိုင်း ချင်းအမျိုးသားကောင်စီ မင်းတပ် တပ်ဖွဲ့လို ချင်းကာကွယ်ရေးတပ်တွေအနေနဲ့ လက်နက်နဲ့ စစ်ရေး လေ့ကျင့်မှုတွေအတွက် AA ရဲ့ အကူအညီကို ရယူခဲ့တဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပြီး မတူပီ မြို့သိမ်းတိုက်ပွဲတို့မှာ AA က ထဲထဲဝင်ဝင် ပါဝင်ကူညီတိုက်ခိုက်ခဲ့တယ် ဆိုတဲ့ သတင်းဖော်ပြမှုတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။
တဖက်မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင် ဆယ်စုနှစ် အတန်ကြာကတည်းက ဖွဲ့စည်းတည်ရှိခဲ့တဲ့ Chin National Front က ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ CC အနေနဲ့ ချင်းပြည်နယ်ရဲ့ အရေးမှာ AA ရဲ့ ပါဝင်နေခြင်း၊ ပလက်ဝလို ဒေသမှာ AA က စစ်ရေး၊ အုပ်ချုပ်ရေးအရ ဆက်လက်ထိန်းချုပ်ထားတဲ့ အချက်တွေအပေါ် မကျေလည်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
ပထမအချက်အနေနဲ့ မျိုးနွယ်စု အသီးသီးက ဖွဲ့စည်းထားတဲ့ ချင်းမျိုးနွယ်စု လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်း အကြားမှာ ကြေလည်အောင် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ လိုအပ်နေတာ ထင်ရှားပြီး တဖက်မှာလည်း AA အနေနဲ့ ပလက်ဝဒေသနဲ့ပတ်သက်တဲ့ အနာဂတ် ကိုယ်ပိုင် အုပ်ချုပ်စီမံခွင့်၊ နယ်မြေပိုင်ဆိုင်မှုတွေကို လေးစားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar