ရဲဘော်တေး - ပြည်သူ့ရင်ခွင်သာ
ရဲဘော်တေး - ပြည်သူ့ရင်ခွင်သာ
(မိုးမခ) ဇူလိုင် ၂၀ ၊ ၂၀၂၄
ကမ်းလွန်လုပ်ကွက်တွေတောင် ကမ်းမမြင် လမ်းမမြင် အခြေအနေရောက်ပါပေါ့လား ကာပုရေ။
သူ့မိန်းမရွာ မပြန်ရဲလို့ သံတွဲကိုပြန်ဆွဲရမယ်လို့ဇွတ်အမိန့်ချ လေဆိပ်ရဲနဲ့ ရဲမေတွေတောင် လေဆိပ်မှာ အသေမအိပ်ဘဲ ပစ်ပြေးရမလားဆိုပြီး ထောင်နန်းမှာ အဆောင်ခန်းအပ်သတဲ့။ စစ်ဘေးရှိရှိ အချစ်ရေးရှိရှိ ပစ်ပြေးမိလို့ကတော့ လစ် တူ ထောင်၊ ညောင်း တူ ဂျေးဘဲ။
ကဲ ကဲ ဘော်ဘော်တို့ သော်သော်တို့ ဒီအချိန်မှာ ပြည်သူ့ရင်ခွင်ကလွဲပြီး စိတ်ချရတာ ဘာမှမရှိဘူးနော်။ ကိုကို့ရင်ခွင်လဲ မဝင်နဲ့။ ပျိုပျို့ရင်ခွင်လဲ မဝင်နဲ့။ အမေ့ရင်ခွင်တောင် မဝင်သေးနဲ့အုံး။
ကာချုပ်က အတွင်း အပြင် အစောင့်အကြပ် အပြည့်ခန်းသာလယ်မှာ ကျည်ကာမှန်အထပ်ထပ်နဲ့ နောက်ထပ်အခန်းထဲ ကျည်ကာအင်္ကျီ နှစ်ထပ်နဲ့ ဖုန်းပွတ်ရင်း အသက်ဘေးမို့ ပြေးသမျှတပ်မင်းတိုင်း စစ်သားတိုင်း ရဲတိုင်း ထောင်သွင်း၊ သေဒဏ်ပေး ကျန်ရစ်သူမိသားစုပါ ပြေးစရာ မြေမရှိ၊ စားစရာ ငွေမရှိအောင် လုပ်နေချိန် ကောလင်းစစ်မြေမှာ ပုဆိုးလေး မကာ မကာနဲ့ ကာဝန့်ပုံတက်လာတော့ တပ်ထဲမယ် သွက်ချာပါဒပါလိုက်ရော။ မအလလည်း အဆီဘူးခါနေမှာ မြင်ယောင်သေး။
ကြားထဲ စက်ဆီသမားတွေကလည်း ၄၈၀၀ ပေါက်နေချိန် အပြင်မှာမရှိတဲ့ တဒေါ်လာဈေး ၂၁၀၀ နဲ့ ဆီရောင်းဝယ်နေရလို့ ထောင်ကျခံလိုက်ရတာကမှ တော်သေးလို့ အော်ပေးနေတော့ ငလော်လေးတွေတောင် ဖမ်းကွာပြုကွာ မညှော်ရဲတော့ရှာ။ ရွေးကောက်ပွဲလုပ်ပါမယ် တစာစာ အော်နေကာမှ ဒီရက်ပိုင်း အုပ်ကြီးကလည်း တရက်တလောင်း မြင်မကောင်း။ ထိုးသမျှစစ်ကြောင်းတိုင်း သရောကြီးခိုင်းနေတဲ့သတင်းတွေကလည်း ခေတ်သစ်မှာ မိနစ်မပြတ်။ အညာအရပ်မှာကို သေမှတ်က ထိပ်စောင့်။ ERO အရပ်မှာဆိုရင်တော့ "အသေများမည်" ဆိုတာချည်း။ အေးလေ နေပူတော်ရဲ့အေလာတောင် သေရွာဖြစ်နေမှကိုး။ အရေးထဲ ဒုလဒမြင့်ဆွေက ကုတ်ချောင်းချောင်းကနေ စွေစောင်းစာင်းဖြစ်သွားလို့ လကုန်ရင် ၆လစာဘေဖြည့်ပေးမယ့်ကောင်ကမရှိ။ ခုမှပဲ တကယ်သိမ်းရမလိုလို ဆက်ထိမ်းရမလိုလိုနဲ့ ကြောင်အိုအောင်ငိုရကိန်း။ ကာလုံနဲ့ အုပ်ပြန်ရင်လဲ ကျန်ကောင်တွေ တန်းတူပေးဆက်ဆံရမှာလည်း မလုပ်နိုင်နဲ့ ငလှိုင်တော့ ငါးပိကိုင်မိတဲ့မျောက်၊ ချေးခြောက်စားမိတဲ့ ခွေး၊ ထွေးမရအန်မရ ဖဲ့မရ ကုတ်မရနဲ့ လှုပ်သမျှ ဒုက္ခ။
ဘာလုပ်ရမှန်းမသိ ရှုံးတဲ့မြို့တွေ ဗုံးလှည့်ကြဲ လူသတ်၊ လှည့်ပတ်ခိုးဆိုး သောင်းကျန်းရမ်းကား၊ ဘင်သံအမတ်ခေါ်တွေ့ ဘာညာနဲ့ လူရှိန်အောင်လုပ်ပေမယ့် ငုတ်တုတ်ဟာသ။ လုပ်လေ မဟုတ်လေ၊ လှုပ်လေမြုပ်လေ။ ဒေါ်လာကနေ မယွမ်နိုင် မဘတ်နိုင်တော့လို့ ရူပီးနဲ့အပူမီးငြှိမ်းနေရတဲ့ငပိန်းဘဝ တွင်းဆုံးကျ။ နယ်မြေကလည်း ဝင်မတိုက်လည်း ချိန်ထားတာနဲ့ကို ထိုးအပ်နေရ။
ရှေ့တန်းတပ်မတော်သားတွေနဲ့ မိသားစုဘဝမှန်ကတော့ ဒါလေးသာ ဖတ်ကြည့်ပြီး ဖုန်ရှူနေလိုက်တော့မင်းအောင်လှိုင်။
“မတူပီမှ ဆုတ်ခွာသည့် စစ်ကောင်စီတပ်နှင့် မိသားစုဝင် ၆၀၀ ခန့်အနက် အချို့မှာလမ်းတွင် သေ ဆုံး” တဲ့၊ People's Spring ရဲ့သတင်းလေး မြည်းကြည့်။
မတူပီမြို့ရှိ စစ်ကောင်စီဗျူဟာနှင့် တပ်ရင်းများကို ချင်းညီနောင်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ခိုက်လာ၍ စခန်းစွန့် ဆုတ်ခွာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်မိသားစု၊ ဝန်ထမ်းများ၊ ရဲများ၊ ရဲမိသားစုဝင်များ စုစုပေါင်းအင်အား ၆၀၀ ခန့်ရှိပြီး လမ်းခရီး၌ အများအပြားသေဆုံးခဲ့ရဟု ချင်းညီနောင်ထံ အလင်းဝင်ခဲ့သည့် ဗိုလ်မှူးရဲမင်းထွန်းက ပြောသည်။
“ကျည်ဆန်ခဲယမ်းကလည်း တကယ်တမ်း မလောက်တော့ဘူး။ ဒီအင်အားနဲ့ တကယ်လို့ ၁၄၀ ထဲမှာ အားလုံး ဝိုင်းနေရာယူထားရင်လည်း အပေါ်က Drop ဗုံး ခဏခဏချတာနဲ့ ကလေးတွေ မိန်းမတွေ ဒဏ်ရာရမယ်။ အခုချက်ချင်း ထွက်ရင်ထွက်၊ မထွက်ရင် နောက်နေ့ဆိုတာ မသေချာဘူးဆိုတာ အရာရှိတွေအားလုံးက တိုင်ပင်ကြပါတယ်။ အရာရှိတွေအားလုံး တိုင်ပင်ကြတဲ့အချိန် လမ်း ကြောင်းရွေးကြပါတယ်” ဟု ဗိုလ်မှူးရဲမင်းထွန်းက ပြောသည်။
လမ်းအချို့တွင် စစ်ကောင်စီက ခင်းထားသည့် မိုင်းများ ရှိနေသည့်အပြင် တက်လာသည့် အဖွဲ့များရှိနေသည့်အတွက် ကိုယ့်မိုင်းကိုယ် ပြန်ရှာသွားနေရပါက ကလေးများ ထိခိုက်မည်စိုး၍ မြစ်ကိုဖြတ်ကူးမည့် လမ်းတစ်ခုကို ရွေးခဲ့ကြောင်း ပြောပြသည်။
ဇွန်လကုန်ပိုင်း ညသန်းခေါင်တွင် မိသားစုများ ကလေးများ အပါအဝင် အင်အားခန့်မှန်း ၆၀၀ နီးပါး ထွက်ခွာခဲ့ကြောင်း၊ ထိုသို့ ထွက်ခွာစဉ် တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ကြောင်း၊ မြစ်ကိုဖြတ်ကူးချိန် ရေတွင်ပါသွားသူများလည်း ရှိကြောင်း မြစ်ကူးပြီးချိန်တွင် အင်အား ၄၅၀ ကျော် ကျန်ခဲ့ကြောင်း၊ မြစ်တဖက်ကမ်းတွင် လူနာနှင့် ဒဏ်ရာရရဲဘော်များလည်း ကျန်နေခဲ့ကြောင်း၊ မိသားစုအချို့လည်း ကျန်နေခဲ့ကြောင်း ဗိုလ်မှူးရဲမင်းထွန်းက ပြောသည်။
လမ်း၌ ၅ ရက်၊ ၆ ရက် ကြာသည့်အချိန်တွင် ရဲမေနှင့် မိသားစုဝင်များ အစာရေစာ ငတ်ပြတ်ပြီး အချို့ကလေးငယ်နှင့် မိခင်များ သေဆုံးမှုရှိခဲ့ကြောင်း၊ ဆေးဝါးပြတ်တောက်လာ၍ ဒဏ်ရာရသူများလည်း သေဆုံးမှုရှိခဲ့ကြောင်း ပြောပြသည်။
“သေဆုံးသွားတဲ့ အဖွဲ့တွေကိုလည်း လမ်းမှာပဲ သင်္ဂြိုဟ်၊ ဟိုလိုမျိုး မြေမြှုပ်သင်္ဂြိုဟ်တဲ့ပုံစံတော့မလုပ်ခဲ့ရဘဲ အဲဒီမှာ ဆက်ထွက်လာပါတယ်” ဟု ဗိုလ်မှူးရဲမင်းထွန်းက ပြောသည်။
ဇူလိုင်လ ၆ရက် နေ့လယ်တွင် ဗိုလ်မှူး ရဲမင်းထွန်းအပါဝင် အရာရှိ ၄ဦး၊ အရပ်သားတစ်ဦးနှင့် စစ် သည် အချို့ စုစုပေါင်း ၁၂ ဦးသည် စစ်ကြောင်းမှ ခွဲထွက်လာပြီး အလင်းဝင်ခဲ့ရာ ချင်းညီနောင်အဖွဲ့က လာကြိုကာ ကောင်းကောင်းမွန်မွန်ထားရှိကြောင်း ပြောပြသည်။
“ဆုတ်ခွာရာလမ်းကြောင်းတလျှောက်မှာ ကျနော့်ရဲ့ မိသားစုဝင်တွေအနေနဲ့ သေကျေပျက်စီးတာတွေ၊ မသေသင့်ဘဲ လမ်းကြောင်းရွေးချယ်တာ မှားယွင်းမှုကြောင့် ဗျူဟာမှူးရဲ့ ဆုံးဖြတ်ချက် မှား ယွင်းမှုကြောင့် သေကျေပျက်စီးသွားတာတွေကို မြင်ပြီးတော့ စိတ်မကောင်းဖြစ်မိပါတယ်” ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။
ဗျူဟာမျူး ဗိုလ်မှူးကြီး ဇော်မျိုးထွန်း၏ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် ယခုကဲ့သို့ မသေသင့်ဘဲ သေဆုံးခဲ့ရသူများ ရှိခဲ့သည်ဟု ပြောသည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar