အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၀၃ )
ဒီနေ့ မိုးကုတ်မှာ တိုက်ပွဲတွေ ငြိမ်သက်နေတယ်။
မန္တလေးကို စစ်ရှောင်တဲ့သူတွေ များတယ်။ ကျပ်ပြင်အထွက် ကျောက်ဖားမှာ ကားတွေရာနဲ့ချီ ပိတ်မိနေတယ်။ တချို့ ကျပ်ပြင်မြို့ထဲ လှည့်ပြန်ကြရတယ်။ မိုးကုတ် မေမြို့လမ်းမှာ စစ်ရှောင်ကားတွေ အလံဖြူထောင်ပြီး သွားကြတယ်။ လိုင်စင်မဲ့ကားတွေကတော့ မေမြို့အဝင်မှာ ဒဏ်ကြေး သုံးသိန်းဆောင်ကြရတယ်လို့ ခရီးသည်တွေက ပြောပါတယ်။ ကားတစ်စီးကို ငှားခ လေးသိန်းဝန်းကျင်ပေးရတယ်။ ခရီးသည်တစ်ယောက် တစ်သိန်းနှုန်းနဲ့ ကူညီ ပို့ဆောင်ပေးတဲ့ ကားတွေလည်း ပေါ်လာတယ်။
စစ်ရှောင်တွေ မန္တလေးမှာ အလုပ်ကူရှာပေးသူ၊ အိမ်ငှားရာမှာ အခမဲ့ ကူညီတဲ့ ပရဟိတသမားတွေပေါ်လာတယ်။ အခမဲ့ ငွေလွှဲပေးသူတွေ၊ ဖုန်းငွေဖြည့်ပေးတဲ့ စေတနာရှင်တွေ ပေါ်လာတယ်။ မတ္တရာမြို့ဝန်းကျင်မှာ တော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ အထူးသဖြင့် ဘိလပ်မြေစက်ရုံတဝိုက်မှာ ဖြစ်တယ်။
တူမလေးတစ်ယောက်ကတော့ ရွှေတောအဝင် ဇရပ်ကွင်းကို ရောက်နေကြောင်း ခရီး သုံးပုံနှစ်ပုံ ကျိုးခဲ့ပြီဖြစ်ကြောင်း ဖုန်းဆက်တယ်။ မတ္တရာကို ဘယ်လိုကျော်မလဲတော့ မသိဘူး။ သူတို့က ရွာချင်းဆက်လမ်းတွေကနေ ထွက်လာကြတာ။
ကျောက်မဲ သီပေါလမ်းမှာ MNDAA စစ်သားတွေ ရောက်နေပြီလို့ အချို့သတင်းတွေမှာ ဖော်ပြကြတယ်။
သံတွဲမြို့စောင့် စစ်ကောင်စီတပ်တွေ ထမင်းမစားရတာ လေးရက်ရှိနေပြီလို့ စစ်ကောင်စီလော်ဘီ ကျော်မျိုးမင်းက ပြောတယ်။ ပေါက်မြို့ဘက်မှာလည်း ပျူစောထီးတွေ ရိက္ခာပြတ်နေကြောင်း ပေါက်ကိုယ်တော် ဘုန်းကြီးက စစ်ကောင်စီဝန်ကြီးတွေကို သူ့ လူမှုကွန်ရက်ကတဆင့် ဣန္ဒြေမရ ရန်ထောင်နေပါတယ်။
ရန်သူကို ရိက္ခာဖြတ်ကာ ဝိုင်ထားပြီး ရန်သူအင်အားချည့်နဲ့လာမှတိုက်ရင် အလွယ်တကူအနိုင်ရလေ့ရှိတယ်ဆိုတာ ဗျူဟာမှူးတိုင်း သိကြပါတယ်။ ဒါကို တော်လှန်ရေးလက်နက်ကိုင်တွေက ကောင်းကောင်း အသုံးချစစ်ဆင်နိုင်ပြီး စစ်ကောင်စီ ဗျူဟာမှူးတွေကတော့ သိသာသိပေမယ့် အသုံးမပြုနိုင်ကြပါဘူး။ စီမံခန့်ခွဲမှု အမှားတွေ၊ လူထုကို ရန်သူလို သဘောထားနေတာတွေ၊ ရန်သူအကြောင်းလည်း မသိ၊ မိမိအကြောင်းလည်း မိမိ မသိတော့ အခုလို အရှက်တကွဲ အကျိုးနည်း ဖြစ်ကာ အရှုံးကြီး ရှုံးနေကြတာပေါ့။
ကြီးမားတဲ့ လူအင်အား၊ စစ်အင်အား၊ ဓနအင်အားတွေ ပိုင်ဆိုင်ထားပေမယ့် ပြည်သူကို နှိပ်စက်ရင်တော့ အရာရာမှာ ဆုံးရှုံးရတယ်ဆိုတဲ့ သမိုင်းသင်ခန်းစာကို သူတို့ ကိုယ်တွေ့ ရင်ဆိုင်နေကြရပါပြီ။
ကိုယ်စိုက်တဲ့ ပဒိုင်းပင်က ပဒိုင်းသီးကို သူတို့ မျက်စိမှိတ် မျိုချနေရပါပြီ။
အန်ကယ် တူမီး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



