အဓမ္မစစ်သားစုဆောင်းမှုနဲ့ ပိုမိုကြီးထွားလာနေတဲ့ လူဖမ်းပွဲစားအဖွဲ့တွေ

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂၀ မြင်ကွင်း
(မိုးမခ) ၊ စက်တင်ဘာ ၂၁ ၊ ၂၀၂၆
အဓမ္မစစ်သားစုဆောင်းမှုနဲ့ ပိုမိုကြီးထွားလာနေတဲ့ လူဖမ်းပွဲစားအဖွဲ့တွေ
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်မှုမထမ်းမနေရ ဥပဒေ အသက်ဝင်ပြီလို့ ကြေညာကာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို စစ်မှုထမ်းဖို့ စတင် ခေါ်ယူခဲ့တာ ၂ နှစ်ခွဲကျော်လာချိန်မှာ စတင်ခါစမှာ ယူဆကြသလို အလှည့်ကျ စနစ်၊ မဲနှိုက်တဲ့စနစ်တွေ သာမကဘဲ မြို့တွေ၊ ရွာတွေ၊ လမ်းခရီးစစ်ဆေးရေးဂိတ်တွေနဲ့ အလုပ်အသွား အပြန်တွေမှာပါ ဖမ်းဆီးခေါ်ဆောင်ခံနေရပြီး အမျိုးမျိုးသော လူဖမ်းပွဲစားအုပ်စုတွေ၊ လူငယ်တွေကို ရုတ်တရက် ဖမ်းခေါ်ဆောင်ပြီး စစ်မှုထမ်းထဲ ထည့်ကာ ငွေကြေးရရှိနေတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး စတဲ့ ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးစုဆောင်းမှုတွေ အမြစ်တွယ်ကြီးထွားလာနေတာ တွေ့ကြရမှာ ဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေကို အသက်သွင်းချိန် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းဟာ ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး လအနည်းငယ်အကြာ ရှမ်းမြောက်က စစ်ကောင်စီတပ်တွေ ရာထောင်ချီ လက်နက်ချနေကြရပြီး လူအင်အားပြုန်းတီးမှု အရှိန်အဟုန်နဲ့ ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။
အဲဒီလို အခြေအနေမှာ စစ်မှုထမ်းဥပဒေကို စတင် အသက်ဝင်စေပြီး တလကို လူငယ် ၅ ထောင် စုဆောင်းမဲ့ ပစ်မှတ်အရေအတွက်နဲ့ လစဥ် စုဆောင်းကာ စစ်သင်တန်းကျောင်းတွေဆီ ၃ လ ခန့်ပို့ဆောင်ပြီး တိုက်ပွဲရှိရာ စစ်မြေပြင်တွေ ဆီပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ စတင်စုဆောင်းချိန်ကနေ စစ်မြေပြင်ရောက်တဲ့အထိ ၃ လဝန်းကျင်သာ ကြာမြင့်ပြီး အခုဆို အပတ်စဥ် ၂၉/၃၀ ဝန်းကျင် အထိရောက်ရှိလာပြီဖြစ်လို့ စုစုပေါင်း တပ်သားသစ် ၁ သိန်းခွဲနီးပါး စုဆောင်းပြီးပြီလို့ ဆိုနိုင်ပါတယ်။
အမျိုးသမီးတွေကို အနည်းအကျဥ်းသာ စုဆောင်းတာ တွေ့ရပြီး မြန်မာနိုင်ငံ စစ်မြေပြင်ရဲ့ သဘာဝအရ အမျိုးသား စစ်မှုထမ်းက ပိုမိုဆီလျော် သင့််တော်တာကြောင့် အမျိုးသားတွေကိုပဲ အဓိက စုဆောင်းနေတယ်လို့ ယူဆရပါတယ်။ ဆရာဝန်၊ ကွန်ပျူတာ အိုင်တီကျွမ်းကျင်သူ၊ အင်ဂျင်နီယာနဲ့ အခြားသော ကျွမ်းကျင်မှုပညာရပ် တတ်မြောက်သူ ဖြစ်ခဲ့ရင် အသက် ၃၅ နှစ် အစား ၄၅ နှစ်အထိ အကျုံးဝင်တယ်လို့ စစ်မှုထမ်းဥပဒေမှာ ပြဋ္ဌာန်းထားပေမဲ့ လက်တွေ့မှာတော့ တိုက်ခိုက်ရေးအတွက်ကို ဦးစားပေးပြီး အသက် ၁၈ နဲ့ ၃၅ နှစ်အကြား လူငယ်တွေကိုသာ စုဆောင်းနေတာ တွေ့ကြရပါတယ်။
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေ အသက်သွင်းခါစမှာ နွေဦးတော်လှန်ရေး အင်အားစုတွေဘက်က အချို့က အခုလို စစ်တပ်ဘက်က အဓမ္မ စစ်သားစုဆောင်းလိုက်ခြင်းကြောင့် တဖက်မှာ စစ်ကောင်စီတပ်ရဲ့ စုဆောင်းမှုကို မခံချင်ကြတဲ့ လူငယ်တွေအဖို့ စုဆောင်းမခံရခင် PDF ဘက်ကို ဝင်ရောက်လာနိုင်တဲ့ အလားအလာရှိတယ်လို့ ယူဆချက်၊ စစ်တပ်ရဲ့ စုဆောင်းမှုကို မလွှဲမရှောင်သာ ခံလိုက်ရသည့်တိုင် ရှေ့တန်းစစ်မြေပြင်ရောက်တဲ့အခါ တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့တွေထဲ ဘက်ပြောင်းခိုလှုံဖို့ တိုက်တွန်းတာတွေ လှုံ့ဆော်တာတွေ လုပ်မယ်လို့ စိတ်ကူးခဲ့ကြတာ တွေ့ရပါတယ်။
လက်တွေ့ အဖြစ်အပျက်တွေမှာတော့ စစ်မှုမထမ်း မနေရ ဥပဒေကြောင့် မဲပေါက်ပြီး စစ်မှုထမ်းထဲ ပါသွားသူတွေနဲ့ အလှည့်ကျသူထံမှ ငွေကြေး သိန်းဆယ်ဂဏန်း ရယူပြီး အစားထိုး လိုက်သွားရသူတွေ အဖို့ ရှေ့တန်းစစ်မြေပြင်မှာ ဘက်ပြောင်းခိုလှုံလာသူ အရေအတွက် တစုံတရာရှိပေမဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရည်မှန်းချက်ကို ထိခိုက်လောက်အောင် မရှိတာ တွေ့ရမှာပါ။
အမိန့်နဲ့ အုပ်ချုပ်တဲ့ စစ်တပ်လိုမျိုးမှာ သူသေ ကိုယ်သေ ပစ်ခတ်တိုက်ခိုက်ကြရတဲ့ အနေအထားမှာ ဘက်ပြောင်းဖို့ သို့မဟုတ် သေနတ်ပြောင်းပြန်လှည့်ပြီး အမိန့်ပေးသူကို အာဏာဖီဆန် တိုက်ခိုက်ဖို့ ဆိုတဲ့ စိတ်ကူးတွေက လက်တွေ့မကျတဲ့ အဖြစ်ကို မြေပြင် ဖြစ်ရပ်တွေက သက်သေခံနေတဲ့ အနေအထားလည်းဖြစ်ပါတယ်။
ဥပဒေ အသက်သွင်းပြီး စစ်မှုထမ်းစုဆောင်းရာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရဲစခန်း၊ စစ်သားစုဆောင်းရေး၊ ပျူစောထီးနဲ့ အရန်မီးသတ်တွေအထိ ဒီစစ်မှုထမ်းစုဆောင်းမှုကနေ အကျိုးစီးပွားဖြစ်အောင် လုပ်ဆောင်လာကြတာ တွေ့ကြရမှာပါ။ နှစ်နှစ်ကျော်ကာလအတွင်း ဥပဒေ လုပ်ထုံးလုပ်နည်းထဲ မပါတဲ့ စာရင်းထဲက ဖျက်ပေးတာ၊ အစားထိုးပေးတာ၊ လိုတဲ့ လူအရေအတွက်ထက် ပိုမိုဖမ်းဆီးပြီး အချို့ကို ငွေယူ ပြန်လွှတ်ပေးကာ ငွေသိန်းဆယ်ဂဏန်းကနေ ရာဂဏန်းထိ အကျိုးအမြတ်ရနေကြတဲ့ ဖြစ်စဥ်တွေ မြန်မာနိုင်ငံ မြို့ကြီးတွေနဲ့ နယ်တွေမှာပါ ဖြစ်ပေါ်လာပါတော့တယ်။
စစ်မှုထမ်း ခေါ်တဲ့အထဲ မပါရအောင် နည်းအမျိုးမျိုးနဲ့ ပြည်ပကို ထွက်ခွာသူတွေ လွန်ခဲ့တဲ့ နှစ်တွေအတွင်း သိန်းဂဏန်းနဲ့ ချီရှိလာနေတာပါ။ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ ၄င်းကတဆင့် မလေးရှားနိုင်ငံ စတဲ့နိုင်ငံတွေဆီ အများဆုံး တိမ်းရှောင်ကြပြီး ပြည်တွင်းမှာ သွားဖို့ စရိတ်မတတ်နိုင်တာ၊ မိသားစု စောင့်ရှောက်ရမဲ့အကြောင်းရှိသူတွေကတော့ နိုင်ငံထဲက ထွက်ခွာနိုင်ခြင်းမရှိဘဲ ကျန်ခဲ့ကြတာ ဖြစ်ပါတယ်။
အတင်းအကျပ် စစ်မှုထမ်း စုဆောင်းမှုတွေကြောင့် မြို့တွေက စီးပွားရေးလုပ်ငန်းတွေနဲ့ ကျေးလက်ဒေသက စိုက်ပျိုးရေးလုပ်ငန်းတွေမှာလည်း လုပ်သားရှားပါးတဲ့ ပြဿနာနဲ့ ပိုပြီး ကြုံတွေ့လာနေကြရတာ ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ် အမျိုးသားလုပ်သား ရှားပါးတဲ့ ပြဿနာနဲ့ ကြုံတွေ့လာကြရတာ ဖြစ်ပါတယ်။
အဓမ္မစစ်မှုထမ်း စုဆောင်းနေတာကို အာဏာသိမ်း စစ်တပ်ထဲ မဝင်လိုတဲ့ လူထုတွေသာမက စစ်တပ်ထောက်ခံတဲ့ မိသားစုဝင်တွေကိုပါ သက်ရောက်ရိုက်ခတ်နေတာ တွေ့မြင်နေကြရမှာပါ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မိခင်ဖြစ်သူကို လုပ်ကျွေး စောင့်ရှောက်နေတဲ့ သားဖြစ်သူကို အတင်းအဓမ္မ စစ်မှုထမ်းထည့်သွင်းဖို့ ဖမ်းဆီးခံရတာကို လူမှုကွန်ရက်မှာ ရုပ်ပုံနှင့်တကွ ပြောဆိုခဲ့လို့ နောက်ရက်မှာ လာရောက်ဖမ်းဆီးတဲ့ အဖြစ်အပျက် နေပြည်တော်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ မိခင်ဖြစ်သူမှာ စစ်တပ်ထဲ ဝင်ရောက်အမှုထမ်းနေတဲ့ သားတဦးမက ရှိနှင့်ပြီး သူ့ကို စောင့်ရှောက်နေတဲ့ ကျန်တဲ့ သားကို ဖမ်းဆီးစုဆောင်းခံရတာကြောင့် မခံစားနိုင်တော့ဘဲ လူမှုကွန်ရက်က ထုတ်ဖော်ပြောဆိုတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ် အနည်းငယ်က သတင်းတွေမှာ ပေါ်ထွက်လာတဲ့ အဖြစ်အပျက်တခုက အရန် မီးသတ်ရဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူက ဧရာဝတီတိုင်းက လူငယ်တွေကို နေအိမ်မှာ ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်မှုထမ်းစုဆောင်းတဲ့အထဲ ငွေကြေးရယူ ရောင်းစားနေတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လူပျောက် တိုင်ကြားထားမှုကို စုံစမ်းစစ်ဆေးရာက အခုလို ကိစ္စထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အခုလို စစ်မှုထမ်းစုဆောင်းရေးနဲ့ ဆက်စပ်တဲ့ ကမောက်ကမ အဖြစ်အပျက်တွေ၊ လူကုန်ကူးမှု၊ အဓမ္မဖမ်းဆီးချုပ်နှောင်မှု စတဲ့ ပြစ်မှုကြီးတွေကို စစ်သားစုဆောင်းတဲ့ အလုပ်ကို စီးပွားရေးလုပ်ငန်းသဖွယ် လုပ်ဆောင်သူတွေ ကျူးလွန်နေကြတာကို အာဏာသိမ်းစစ်တပ်က မသိမဟုတ်ဘဲ သိပြီးဖြစ်ပေမဲ့ ဟန့်တားတာ မတွေ့ရပါဘူး။
လိုအပ်နေတဲ့ စစ်သားအရေအတွက်ရဖို့ အသည်းအသန် စုဆောင်းနေရတာ ၊ အထက်ကလို လူကို ငွေကြေးနဲ့ ရောင်းစားဖို့ရာ အဓမ္မစုဆောင်းနေသူတွေရဲ့ လုပ်ပုံကိုင်ပုံ၊ လက်တွေ့ လုပ်ဆောင်နေကြတာကို သိလျက်နဲ့ မမြင်ချင်ယောင်ဆောင်ထားတဲ့ သဘောလို့ ဆိုရမှာပါ။
အဓမ္မစစ်မှုထမ်း စုဆောင်းတာနဲ့ ပတ်သက်လို့ စစ်တပ်ဆန့်ကျင်သူတွေသာမက ထောက်ခံသူအချို့ကြားမှာပါ နာမည်ပျက်လာနေတာကို အာဏာသိမ်းစစ်ခေါင်းဆောင်တွေ ကြားသိပေမဲ့လည်း လိုအပ်တဲ့ စစ်သားအရေအတွက် စုဆောင်းရရှိဖို့က အရေးကြီးနေတာကြောင့် အလွန်အကျွံ ဖြစ်ရပ် တခုတလေမျိုးက လွဲလို့ အရေးယူတာ၊ တားဆီးတာတွေ မလုပ်ပါဘူး။
ရင်ဆိုင်နေရတဲ့ စစ်မျက်နှာတွေမှာ လိုအပ်တဲ့ လူအင်အားဖြည့်ဖို့အတွက် ကျန်တဲ့ အရာအားလုံးကို စတေးရမယ်လို့ ယူဆထားကြတဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။
ပြည်တွင်းစစ်ကြောင့် တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေက လူထုတွေအနေနဲ့ စစ်ဘေးတိမ်းရှောင်ကြရသလို တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ မြို့တွေမှာလည်း စစ်မှုထမ်းအတွက် အဓမ္မဖမ်းဆီးမှုတွေကြောင့် ဘယ်နေရာမှ လုံခြုံမှု မရှိတဲ့ အနေအထားမျိုး ဖြစ်လာနေတာပါ။ မြန်မာနိုင်ငံ အတွင်း ဘယ်လို ဒေသမှာ နေထိုင်သူဖြစ်ပါစေ လူငယ် နဲ့ လူလတ်ပိုင်းတွေ အဖို့ စစ်မှုထမ်းအဖြစ် စုဆောင်းခံရမယ့် အန္တရာယ်ရှိနေတာပါ။ အာဏာသိမ်းစစ်တပ် ထိန်းချုပ်နယ်မြေလိုပဲ တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာလည်း အမျိုးမျိုးသော အမိန့်တွေနဲ့ စစ်မှုထမ်းစုဆောင်းတာတွေ ရှိနေတာပါ။ ရှမ်းပြည်နယ်၊ ကချင်၊ ရခိုင်တို့လို အစဥ်လှုပ်ရှားနေတဲ့ စစ်မြေပြင်နဲ့ ဆက်စပ်နေတဲ့ ဒေသတွေမှာ စစ်မှုထမ်း စုဆောင်းခံရ လူမှုအသိုင်းအဝိုင်းအတွင်း မလုံခြုံတဲ့ အနေအထားဖြစ်နေတာပါ။
အချို့သော တိုင်းရင်းသားလက်နက်ကိုင်တွေမှာလည်း အမိန့်နဲ့ အဓမ္မ စစ်သားစုဆောင်းမှုတွေ ရှောင်လွှဲမရဘဲ လုပ်ဆောင်နေကြတာ သတင်းတွေထဲ မြင်တွေ့နေကြရပါတယ်။ ခုရက်ပိုင်း ဘီဘီစီမြန်မာပိုင်းက သတင်းဆောင်းပါးတပုဒ်မှာ ရခိုင်ပြည်နယ်ကနေ ပြည်မဘက် ထွက်ခွာကြတဲ့ လူငယ်တွေကို AA ဘက်က ဖမ်းဆီးနေတဲ့အကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။
အလားတူပဲ ဖားကန့်ဒေသတဝိုက်မှာလည်း KIA ဘက်က အဓမ္မ စစ်မှုထမ်းစုဆောင်းတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေ မကြာခဏ တွေ့ရလေ့ရှိတာပါ။
ပြည်တွင်းစစ် ဖြစ်ပွားနေသရွေ့ ထိခိုက်သေဆုံးမှုတွေ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းတဲ့ ထိခိုက်မှုတွေ ဆက်လက်ရှိနေမှာဖြစ်ပြီး နှစ်ဖက် လက်နက်ကိုင် အဖွဲ့တွေမှာ အဓမ္မစစ်သားစုဆောင်းမှုတွေ ရှိနေမှာ ရှောင်လွှဲမရတဲ့ အခြေအနေတရပ် ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar