ရဲဘော်တေး - တပ်ရင်းမှူး အသုံးမကျရင် ဆုံးရမှာက ကိုယ့်အသက်
တပ်ရင်းမှူး အသုံးမကျရင် ဆုံးရမှာက ကိုယ့်အသက်
ရဲဘော်တေး
(မိုးမခ) ဇူလိုင် ၁ ၊ ၂၀၂၄
တရုတ်က ဝူးတိန်းရှိန် ဖိတ်ပြီး ရှေ့တန်းခေါ် သူကောင်းပြုတာ ကြည့်ပြုနော်။ နပုက အပြန်တခါတည်း ရှေ့တော်သွင်းစေ ဆိုပြီး တြင်းရော နဝင်းရော ချေပစ်လိုက်မှ ဒုက္ခသယ်ကများ ဗုဒ္ဓကယ်ပါ့ဘုရားဖစ်တွားမယ်၊ ကြည့်လုပ်။ ဟိုအကောင်က သူ့ထက် ဘယ်သူရှည်တာမှ မကြိုက်ပူးရယ်။ အရပ်ရှည်တာလဲ ဂျေဝင်၊ ဖိနပ်ရှည်တာလဲ လေဝင်၊ လူရာဝင်တာလဲ မကြိုက်၊ လူတကာ မြင်တာလဲ မကြိုက်၊ လူပေမမီ စိတ်ပေမမီ အပြုမကြိုက်ဒုစရိုက်ကောင်ဆိုတော့လေ။
ဝူးတိန်းရှိန်ကလဲ သူ မုန့်ဟင်းခါးရောင်းမယ်ဆိုကာမှ နပုက တပ်တွင်းမုန့်ဟင်းခါးချက် မနက်တိုင်းပြိုင်ခိုင်းထားလို့ တင်းနေတာက တကြောင်း၊ တိုင်းပြည်စီးပွားရေးဟာ သူ့လက်ထက်ကတည်းက လစ်နေတာဆိုပြီး ငပုက ဟစ်သွားလို့ ဂစ်နေတာက တမျိုး၊ သူရေးထားတဲ့အရပ်သားအစိုးရသမိုင်းလေး ရိုင်းသွားလို့ မကျေနပ်နေတာက တခု၊ သူ ဥထားတဲ့ စည်းစိမ်လေးတွေပါ ကွေးသွားနိုင်တာကလဲ ရှိတဲ့အပြင် တပည့်ကျော်ရဲထွဋ်ကိုပါ ထောင်ထဲသွပ်ထားတာဆိုတော့ ခွေးပုကို တေးခုထားတာတွေကလဲ များပြီမဟုတ်လား။ အဲတော့ တရုတ်ကြီးနဲ့ပေါင်းပြီး ထောင်းခွင့်ရရင် ထောင်းချင်တာပေါ့။
အိန်း ကာလကလဲ ဘောင်းဘီကျွတ် ဘောင်းဘီဝတ်တွေ ငပေါကြီးဘလိုင်းမင်းဖြစ်လို့ သရောကြီးခိုင်းပြီး ငှက်ပျောစီးတိုင်းချည်း ငိုကြီးချက်မနဲ့ ကစားနေကြရတဲ့ကာလ။ အာဏာသိမ်းလိုက်လို့ဆိုတဲ့စကား ပြောမိသူတောင် ငပုက ကိုယ့်လင်ကို စစ်ထဲ ပြန်ဝင်ခိုင်းနေရုံမက ကိုယ့်သားပါ စစ်သားတောင်းနေလို့ ကိုယ့်ပါးကိုယ်ပြန်ရိုက်နေရတဲ့ဘွ။ ဒို့တပ်ထဲက လူနှစ်ထောင် မသတ်ရပါဘူးဆိုတဲ့ အဘလေးကတော်တယောက်တောင် မုဆိုးမဘဝနဲ့ ပုပ်သိုးရလုလုခြေနေကြီးနော်။ သေသွားတာကလဲ လေဒီစီလေးနဲ့ KTV ဝန်ထမ်းရင်းဆိုတော့ လွမ်းပါတယ် မောင်တောင် တရားဝင်ထုတ်မပြောရဲ တပ်ထဲလဲ နှစ်လည်ပြန်မလုပ်ဝံ့တဲ့ဘွ၊ ဆိုးချက်က ဆိုးဆက်။
အဲသလိုဆိုးဆက်တွေနဲ့ ကျိုးပျက်နေတဲ့ဘဝတွေမှ တပ်ထဲမှာ မုန့်ဟင်းခါးဖတ်တွေလို တထွေးကြီး။ သူတို့က အာဏာသိမ်းလိုက်ရင် နေရာတိုင်း ဒို့အဘတွေ ပြန်မြင်ရ၊ ဒို့လင်တွေ ရာထူးရ၊ ဒို့တွေ လုပ်ပိုင်ခွင့်တွေရ ပွဘီချည်း ထင်ခဲ့၊ ကိုယ်နဲ့နှိုင်း မရိုင်းဆိုသလို လူတိုင်းက သူတို့လိုဘဲ ဗိုလ်မြင်ရင် လင်တော်ချင် အဘ ခေါ်ချင်တယ်ချည်း အောက်မေ့ တော်သလင်းခွေးတွေ ဖော်တသင်းတွေ့ပြီချည်း မှတ်ခဲ့ကြတာ။
တချို့လဲ ရွာထဲ ရပ်ထဲဝင် ခိုးနေလုနေတုန်း အသက်ပျောက်သွားတာမျိုးဆိုတော့ သခင်မျိုးဟေ့ အဲလေ သူခိုးမျိုးဟေ့ ဒို့တပ်မတော်ကလဲ ကျွေးကြော်လို့မရ။ ရွာတွေ မြို့တွေ မီးရှို့ရင်း အပြီးဆို့ခံရတဲ့ကောင်တွေကြလဲ သမီးတို့ သားတို့ ဂုဏ်ယူကြပါလို့လဲ ဖောလို့ လျှောလို့က မတင့်။ လူထုသတ်ရင်း ကိုယ်သေရတာ ဆိုတော့ နောင်မှာ ပင်စင်ကလဲရဖို့ မစဉ်းစားနဲ့တော့။ ကိုယ့် အမျိုးမျိုးနှိပ်စက်သတ်ထားတဲ့သူတွေကို ဘယ်သူကမှ အလှထိုင်ကြည့် သေတပန်သက်တဆုံး ပြုံးပြုံးလေး ပြုစုနေမှာမဟုတ်တော့ ရှင်ကျန်ရင်လဲ ပင်စင်ခံစားရမှာမဟုတ် ခုံရုံးတင် အဖုတ်မခံရရင်ကံကောင်း။
တချိန်က ခိုးထား သိမ်းထား ဝိုက်ထား နှိုက်ထား ရိုက်စားထား အခွင့်ထူးခံစားထားတာတွေလဲ ပြန်အန်ထုတ်ရအုံးမှာ။ နှပ်နေရမယ်များ မှတ်မနေနဲ့။ နောင်မှာ ဒီဖက်ဆစ်တပ်ကို ဆက်ချစ်မြတ်နေမှာလဲမဟုတ်တော့လို့ တပ်လက်ကိုင်မရှိတဲ့ဘဝမှာနေရမယ်၊ အရပ်ကလဲ လူမှုဘဝဖယ်ကျဉ်ထားမှုက ရှိနေမယ်။ နှစ် ၇၀ လောက် ပြည်သူကို ဒုက္ခပေးလာတဲ့ဒဏ်တော့ အယုတ်ကန်းဆုံးကောင်လက် ထက်မှာ စုခံရတော့မှာပေါ့ကွယ်။
အဲတော့ တပ်မိသားစုတွေရဲ့ ဒုက္ခသုက္ခက ခုမှစမှာ။ တချို့က အဲဒီဒုက္ခမမြင် စိတ်ရှိတိုင်းလုပ်ရအုံးမယ်အထင်နဲ့ နေရာလုတာ အားမရတာတွေဖြစ်ကြ၊ မင်းဖယ် ငါ လုပ်ပြမယ်ဆိုတဲ့ ထင်တလုံးသုံးမရတွေက ထကြွ၊ မင်း သတ်တာ နည်းသေးတယ် ငါ ကိုင်ပြမယ်ဆိုတဲ့ ဘီလူးထက် သဘက် သွားဇောင်းထက်ပြချင်ကြနဲ့ ဟိုကောင် အသုံးမကျ ဒီကောင် အသုံးမကျ တကယ်တမ်းကျ ငါလဲ ဘာမှမလုပ်တတ်ဆိုသူတွေနဲ့သာ ပွထ၊ တကယ့်တိုက်နေရတဲ့ အောက်ခြေတွေကတော့ အိမ်ပြန်ချင်ကြ၊ အာချောင် အမိန့်ပေးတဲ့ကောင်တွေ ကိုယ့်ဘာသာတိုက်လို့ ဆိုကြ၊ အောက်ခြေမိသားစုဝင်တွေကလဲ မတိုက်စေချင်ကြတော့။
ဒုက္ခိတတွေကလဲ ပြည့်နှက် ဘယ်သူကမှ ဆက်တာဝန်မယူ တပ်ပြင်လဲ ခြေချစရာ မြေကမရှိ၊ ဗိုလ်ချုပ်တွေကလဲ ကိုယ်လွတ်ရုန်းမယ့်သူချည်း၊ နောက်ဆုံးကျ နပုကလဲ ဘယ်သူဘာဖြစ်ဖြစ် ထားရစ်ပြီး လစ်မှာ၊ ခုလို ဘက်ပေါင်းစုံက လာတီးတဲ့ အခြေအနေဆိုက်မှ တပ်ပြင်မထွက်နဲ့လို့ စာထုတ်ရုံကလွဲ သူ လုပ်တတ်တာလဲ ဘာမှမရှိ၊ သူလဲ နေရသေးလို့ နေနေတာဘဲရှိ၊ နယ်မြေတွေကလဲ ထပ်ထပ်ဆုံး ပြန်ယူနိုင်တာကလဲ ကြက်မတဝပ်စာတောင်မရှိ၊ စစ်ဌာနချုပ်တွေပါ ဂိတော့မယ်ဆိုတော့ စစ်သားကုန် ကျည်ကုန်အောင် ပစ်ခိုင်းပြီး လစ်မှာလေ။ ခုက စစ်သားမကုန် ကျည်မကုန်ခင် ပတ်ရမ်းနေတာ။ တဘောင်ထဲကအတိုင်း တပ်တွင်းသူပုန်ထဖို့ဘဲ ကျန်တော့တာ။ ဒါလဲ မဝေးတော့။ တရုတ်က သူ့အတွက် အလုပ်မဖြစ်ရင် အလုပ်ဖြစ်သူ ရှာမှာဘဲလေ။ သူ့အတွက် သူလုပ်မှာနော်။
အဲတော့ တပ်ကလဲ တပ်မိသားစုတွေ ဆက်လက်ရပ်တည်ဖို့အလုပ်ဖြစ်တဲ့နည်း ရှာပေးမယ့်သူစောင့်မနေနဲ့။ ဒီအချိန်မှာ သန်းရွှေကြီးနဲ့ ဗိုလ်ချုပ်ဟောင်းတွေတောင် ကိုယ့်လွတ်လမ်း ကိုယ်ရှာနေကြပြီလေ။ နပုမိသားစုရောဘဲ။ ကိုယ့်လဲ ခေါ်သွားမှာမဟုတ်။
အောက်ခြေတွေအတွက် အဓိကကတော့ ကိုယ့်တပ်ရင်းမှူးဘဲ။ ကိုယ့်သေခိုင်းမှာလဲ သူဘဲ။ ကိုယ်ရှင်နိုင်တာလဲ သူဘဲ။ ကိုယ့်တပ်ရင်းမှူး သောက်သုံးမကျရင် ကိုယ်တင်မက ကိုယ့်မိသားစုပါ အချောင်သေရမှာ တွက်ထား။
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar