ပြည်တွင်းစစ်ပွဲကာလ တလွဲ စီးပွားရေးမူဝါဒနဲ့ ပြည်သူလူထု ပခုံးပေါ် ရောက်ရှိလာတဲ့ ဝန်ထုပ်ဝန်ပိုးများ
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂၁ မြင်ကွင်း
(မိုးမခ) ၊ စက်တင်ဘာ ၂၂ ၊ ၂၀၂၆
ပြည်တွင်းစစ်ပွဲကာလ တလွဲ စီးပွားရေးမူဝါဒနဲ့ ပြည်သူလူထု ပခုံးပေါ် ရောက်ရှိလာတဲ့ ဝန်ထုပ်ဝန်ပိုးများ
နှစ် ၇၀ ကျော် ပြည်တွင်းစစ်မီး မငြိမ်းခဲ့တဲ့ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာတော့ တငွေ့ငွေ့ ပြည်တွင်းစစ်ကနေ အရှိန်အဟုန်ပြည့်နဲ့ တောက်လောင်တဲ့ ပြည်တွင်းစစ် မီးတောက်ထဲ တနိုင်ငံလုံးနီးပါး ကျဆင်းခဲ့ရပြီး ပြည်တွင်းစစ် ဖြစ်ပွားနေစဥ် အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ တလွဲ စီးပွားရေးမူဝါဒတွေက နိုင်ငံရဲ့ စီးပွားရေးကို ထပ်မံထိုးဆင်းစေခဲ့တာ တွေ့ မြင်နေကြရပါတယ်။
ခုလပိုင်းတွေမှာ သတင်းတွေထဲ ကြားသိမြင်တွေ့နေကြရတဲ့ အချက်အလက်တွေ လက္ခဏာတွေဟာ လွန်ခဲ့တဲ့ နှစ် ၂၀/ ၃၀ ကာလအတွင်း တကြိမ် တခါမျှ မကြုံတွေ့ကြရဖူးတဲ့ အဖြစ်အပျက်တွေ၊ သာမန်အရပ်သားတောင်မှ သိနိုင်တဲ့ စီးပွားရေးမူဝါဒ အလွဲတွေဆိုတာ တွေ့မြင်နေကြရပါတယ်။
ပြည်တွင်းစစ် ဖြစ်နေတာကြောင့် စစ်စရိတ်က အခြားသော ခေါင်းစဥ်အားလုံးထက် ဦးစားပေး အသုံးပြုတာက အကျိုးအကြောင်း ဆီလျော်သည့်တိုင် လက်ရှိအခြေအနေနဲ့ ကျိုးကြောင်း ညီညွတ်မှုမရှိတဲ့ ပြည်တွင်းဖူလုံရေး၊ ခြိုးခြံချွေတာရေး စီးပွားရေးမူဝါဒတွေကို စစ်ခေါင်းဆောင် တဦးတည်းသော စိတ်ကူး၊ ဆုံးဖြတ်ချက်တွေနဲ့ အမိန့်ပေး ဆောင်ရွက်စေပြီး တရက်ထက်တရက်၊ တလထက်တလ အဆီအငေါ်မတည့်တဲ့ ကုန်ဈေးနှုန်းတွေနဲ့ ပြည်သူလူထုတွေမှာ စားရမဲ့ သောက်ရမဲ့ အနေအထားရောက်သူ ပိုမိုများပြားလာနေတာ တွေ့ကြရပါတယ်။
မြန်မာနိုင်ငံ အနှံ့အပြားမှာ ကျပ်တည်းခက်ခဲလွန်းတဲ့ ဘဝတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ကာလတွေမှာ အဆိုးဆုံးအခြေအနေလို့တောင် ဆိုနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ဒီမူဝါဒ အမှားတွေရဲ့ အကျိုးဆက်တွေကို အာဏာသိမ်း စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ဒေသတွေသာမက တော်လှန်ရေးလက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေမှာလည်း သက်ရောက်နေပြီး ခက်ခဲကျပ်တည်းလွန်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် ပြရရင် ULA/AA ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ရခိုင်ပြည်နယ်ရဲ့ ၉၀ ရာနှုန်းသော နယ်မြေတွေဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ရဲ့ အုပ်ချုပ်ရေး အောက်မှာရှိနေပေမဲ့ စီးပွားရေး အကျိုးဆက်တွေကိုတော့ ထိန်းချုပ်နယ်မြေ နယ်နိမိတ်ကို ဖြတ်ကျော်လာပြီး သက်ရောက်မှုရှိနေတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ULA/AA နဲ့ အာဏာသိမ်းစစ်ကောင်စီတို့အကြား နှစ်ဖက်တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားချိန်က စပြီး ရခိုင်ပြည်နယ်ထဲကို ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီ၊ လူသုံးကုန်ပစ္စည်းတွေကို စစ်တပ်ထိန်းချုပ်မြို့နယ် ၃ ခုအတွက်သာ ခွင့်ပြုချက်နဲ့ ပမာဏ အကန့်အသတ်နဲ့ တင်သွင်းပြီး ကျန်မြို့နယ် ၁၄ မြို့နယ်မှာ နေထိုင်သူတွေအဖို့ ပိတ်ဆို့မှုကြောင့် မတန်တဆမြင့်တက်တဲ့ ဈေးနှုန်းတွေကို ကျခံပြီးစားသုံးနေကြရတာ ဖြစ်ပါတယ်။ တဖက်မှာလည်း ရခိုင်ပြည်နယ်က ထုတ်လုပ်တဲ့ စိုက်ပျိုးရေးထွက်ကုန်နဲ့ အခြားသော ထွက်ကုန်တွေကို ပြည်မဘက် တင်ပို့ခွင့်မရှိဘဲ ရခိုင်ပြည်နယ်တွင်းမှာသာ ကူးသန်းရောင်းဝယ်ကြရတဲ့ အချက်ကလည်း ဝင်ငွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း သိသိသာသာ ကျဆင်းပြီး အလွန်ဆိုးရွားတဲ့ ဆင်းရဲကျပ်တည်းမှုနဲ့ ကြုံနေကြရတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ မြို့နယ်အများအပြားမှာ တောင်းရမ်းစားသောက်သူတွေ မကြုံဖူးအောင် မြင့်တက်လာတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့နေကြရတာပါ။ ရခိုင်ပြည်နယ် ၁၄ မြို့နယ်ကို စစ်ရေးအရရော အုပ်ချုပ်ရေးအရပါ ထိန်းချုပ်ထားတဲ့ ULA/AA အဖို့ ပြည်ပ ကုန်သွယ်ဖို့အတွက် တခုတည်းသော လမ်းကြောင်းက အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်နဲ့ ကုန်သွယ်တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ ကုန်ပစ္စည်း တင်ပို့တာမျိုးထက် ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ မရှိမဖြစ် ကုန်ပစ္စည်းတွေ ဝယ်ယူရတဲ့ အနေအထား ဖြစ်ပါတယ်။ ULA/AA အနေနဲ့ တဖက်မှာ စစ်ယှဥ်ပြိုင်တိုက်ခိုက်နေရချိန် ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးကို ဖူလုံအောင်၊ တိုးတက်အောင် ဘယ်လိုမှ လုပ်ဆောင်နိုင်တဲ့ အနေအထားမရှိသလို အာဏာသိမ်းစစ်တပ်ရဲ့ စီးပွားရေးမူဝါဒ ဂယက်၊ ငွေကြေးဖောင်းပွမှု ဂယက်နဲ့ ပိတ်ဆို့မှုဒဏ်တွေကို သက်ရောက်ခံစားနေကြရတဲ့ အနေအထားက လွတ်မြောက်မှုရဲ့ အကျိုးကျေးဇူးကို ဘယ်လိုမှ မခံစား မရရှိနိုင်တဲ့ အဖြစ်မျိုး ကြုံနေကြရတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် အဖြစ်အပျက်လောက် မဆိုးရွားပေမဲ့ အခြားသော တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်၊ ငွေဖောင်းပွမှုဒဏ်နဲ့ ကုန်ပစ္စည်းရှားပါးမှု ဒဏ်တွေကို ခံစားနေကြရတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းတို့လို အိမ်နီးချင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး လွယ်လွယ်ကူကူ မလုပ်နိုင်တဲ့ ဒေသတွေက ကုန်ဈေးနှုန်းကြီးမြင့်မှု ရှားပါးမှုတွေကို စစ်ပွဲဒဏ်နဲ့ အတူ ယှဥ်တွဲပြီး ခံစားနေကြရတာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဒီဒေသတွေကို ရခိုင်ပြည်နယ်လို ဘာကုန်စည်မှ မသယ်ရ ဆိုတာမျိုး မပိတ်သည့်တိုင် ဆေးဝါး၊ လောင်စာဆီ တို့လို အရေးပါတဲ့ ကုန်စည်တွေကို ပိတ်ဆို့တာတွေ လုပ်နေတာ တွေ့ရပါတယ်။
ပြည်မလို့ အများခေါ်ဆိုကြတဲ့ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ ပဲခူးတို့လို ဒေသတွေမှာလည်း နယ်စပ်က သယ်ယူတင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ဆင်ခြင်တုံတရား ကင်းမဲ့စွာနဲ့ သိမ်းဆည်း၊ ဖမ်းဆီး၊ မတန်တဆ လာဘ်ငွေတောင်းခံပြီးမှ ခွင့်ပြုတာတွေကြောင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့လို မြို့ကြီးတွေမှာ ပြည်ပတင်သွင်းတဲ့ ပစ္စည်းတွေ မကြုံဖူးတဲ့ စျေးနှုန်းတွေ ရောက်ရှိကုန်တာ ဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကျပ် ၅/၆ သိန်းလောက်နဲ့ ဝယ်ယူရရှိနိုင်တဲ့ အဝတ်လျှော်စက်ကို ပြည်တွင်းမှာ သိန်း ၂၀/၃၀ နဲ့ ရောင်းချနေတယ်လို့ ဆိုပါတယ်။ အလားတူ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ သိန်း ၂၀/၃၀ လောက်နဲ့ ဝယ်ယူနိုင်တဲ့ ရေခဲသေတ္တာကို သိန်း ၁၀၀ ကျော် ပေးဝယ်ရတယ် ဆိုတဲ့ အဖြစ်အပျက်တွေ ကြားသိနေကြရတာ ဖြစ်ပါတယ်။
အခု ပစ္စည်းတွေဟာ ဇိမ်ခံပစ္စည်းတွေ မဟုတ်ဘဲ နေ့စဥ်လူမှုဘဝအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဖြစ်လို့ ဒီလို မရှိမဖြစ် လူသုံးကုန်ပစ္စည်း၊ အသက်ရှင်သန်ဖို့ အရေးပါတဲ့ ဆေးဝါးတွေလို ကုန်ပစ္စည်းတွေကို မတန်တဆ တန်ဖိုးပေးဝယ်နေကြရတဲ့ အဖြစ်က အလုပ်အကိုင် ရှားပါး၊ ဝင်ငွေကျဆင်းလာတဲ့ ပြည်သူလူထုအဖို့ နှစ်ဖက်သွားလွှနဲ့ ဖြတ်ခံနေရသလို ဖြစ်နေတာပါ။
ပြီးခဲ့တဲ့ နှစ်နှစ်လောက်က စလို့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဖွဲ့ပြီး စစ်တပ်ရဲ့ ဒုချုပ်ကိုယ်တိုင် ဦးစီးကာ နယ်စပ်ဒေသတွေက ဝင်ရောက်လာတဲ့ လူသုံးကုန်နဲ့ ကုန်ပစ္စည်းအမျိုးမျိုးကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေခဲ့တာပါ။
ပြီးခဲ့တဲ့ နှစ်ဆန်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ရာထူး နေရာတွေ အပြောင်းအလဲလုပ်လို့ ဒုချုပ် စိုးဝင်းက ပြည်ထောင်စုအစိုးရ အကြံပေးကော်မတီဥက္ကဋ္ဌ ဖြစ်သွားပေမဲ့ နယ်စပ်ဒေသက တင်သွင်းလာတဲ့ ကုန်စည်တွေကို ဖမ်းဆီးမှုက ပိုပြီးဆိုးရွားလာတာ တွေ့မြင်နေကြရတာပါ။
ယမန်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ လယ်ယာကဏ္ဍနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတခုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ပြီး တနာရီလောက်ကြာတဲ့ မိန့်ခွန်းပြောရာမှာ တန်ဖိုးကွင်းဆက် ချိတ်ဆက်ဖို့၊ သဘာဝအရင်းအမြစ် ပေါကြွယ်ဝတာတွေ စသဖြင့် ဘောဂဗေဒ ကကြီး ခကွေးနဲ့တောင် မကိုက်ညီတဲ့ သြဝါဒတွေ ချွေပြီး မြန်မာပြည်အနေနဲ့ မိမိဘာသာ ဖူလုံရေးကို သွားကြဖို့ ပြောဆိုခဲ့ပါတယ်။
ပြောနေကျ စကားတွေ ဖြစ်တဲ့ မြန်မာလူထုတွေဟာ စားသုံးဆီ အစားများတယ်ဆိုတဲ့ ပြောဆိုချက်၊ လောင်စာဆီ တနှစ်ဝယ်ယူမှု ကန်ဒေါ်လာ ၆ ဘီလျံလောက်ကနေ အခုအနေအထားမှာ ၃ ဘီလျံသာ ဝယ်ယူရတော့တာကြောင့် လောင်စာဆီချွေတာရေးက အလုပ်ဖြစ်တယ်ဆိုတဲ့ သဘောမျိုး ပြောဆိုသွားတာ သတင်းတွေထဲ တွေ့ရပါတယ်။
အမှန်တကယ်မှာတော့ လောင်စာဆီ ချွေတာမှုက စီးပွားရေး လည်ပတ်မှုကို လည်မျိုကနေ ညှစ်ထားသလို ဖြစ်စေသလို နယ်စပ်ကုန်သွယ်ရေးကနေ ပြည်တွင်းစက်မှုလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း တင်သွင်းမှုတွေကို ပိတ်ပင်လိုက်ခြင်းက မကြာတဲ့ တနေ့မှာ စီးပွားရေးကပ်ဘေး၊ အငတ်ဘေးကပ်ဘေးတွေနဲ့ ရင်ဆိုင်ရမဲ့ အလားအလာတွေ တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
