ဆားပုလင်းသာပိန် - ‘မအလ’ အာဏာစွန့်တော့မည်လော
‘မအလ’ အာဏာစွန့်တော့မည်လော
ဆားပုလင်းသာပိန်
(မိုးမခ) ဇူလိုင် ၂ ၊ ၂၀၂၄
မဟုတ်တမ်းတရားတွေ မပြောစမ်းပါနဲ့၊ ဘယ်လောက်ပဲ အကျပ်ရိုက်နေပါစေ ဘေးကနေကူကြ၊မြှောက်ထိုးပင့်ကော် လုပ်ပေးကြမယ့်သူတွေက ဒီလောက် မရှားသေးပါဘူး။ အခုပဲကြည့်လေ ဘစိန်ကြီးတယောက် အရှေ့ မြောက်ကလာတဲ့ ဖိတ်စာကိုကိုင်၊ အထူးလေယာဉ်ကြီးစီးပြီး ဝေဟင်ခရီးသွားနေပြီ ဆိုပြီး သို့လောသို့လောနဲ့ ပဟေဠိ ဖြစ်နေသူများက ပြန်ပြောရင် ပြောကြမှာပေါ့။
ဟုတ်တော့လည်း ဟုတ်ပါတယ်။ မရိုးမဖြောင့် ရွေးကောက်ပွဲက တက်လာတဲ့သူလို့ပဲဆိုဆို သမ္မတဟောင်းဆိုတဲ့နံမည်လေးကတော့ ကျန်နေသေးတာပေါ့။ ဒါပေမဲ့ အဲဒီလို သမ္မတဟောင်းတယောက်က မဟာဗျူဟာမြောက် အင်အားကြီး အိမ်နီးချင်းနိုင်ငံရဲ့ သမ္မတက ဖိတ်ကြားတယ်ဆိုတာ တခုခုတော့ တခုခုပဲ၊ ရှမ်းမြောက် စစ်ဆင်ရေးကနေ ရှမ်း-မန်း စစ်ဆင်ရေးအဖြစ် အရှိန်မြှင့်လာနေပြီဆိုတော့ ကူပါကယ်ပါ ပြောဖို့ဆိုဖို့၊ အခွင့်အရေး ရသွားတာပေါ့လို့လည်း တွက်သူတွေက တွက်ကြည့်ချင်စရာပါ။
အရူးမီးဝိုင်းဆိုတာ စကားသက်သက် မဟုတ်တော့ဘူး။ နိုင်ငံအနှံ့အပြား ဘယ်ဘက်လှည့်ကြည့်ကြည့် မျက်ကလူးဆန်ပြာ ဖြစ်နေရတဲ့ဘဝ၊ အယ်လ်ပရာဇိုလမ်ဆေးလည်း တိုးတော့မှာမဟုတ်လို့ အိပ်မရတဲ့ ညတွေက ပို စိတ်လာပြီ။
ပြီးတော့ EROတွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကြား ချိတ်ဆက်မှုကလည်း ပိုပိုပြီးအားရစရာဖြစ်လာတဲ့အချိန်လေ။ ဒါကလည်း စကားအဖြစ်မဟုတ်ပါဘူး၊ မန္တလေး ပီဒီအက်ဖ် သင်တန်း ဆင်းပွဲမှာ လူစေ့ကိုင်ဆောင်ထားတဲ့လက်နက်တွေက စစ်ကောင်စီထုတ် MA စီးရီးတွေ ဖြစ်တယ်ဆိုပဲ။ ဓာတ်ပုံတွေကိုစေ့ငုစွာကြည့်ပြီးပြောလိုက်တဲ့ CDM ဗိုလ်ကြီးထက်မြတ်ရဲ့ အဲဒီသုံးသပ်ချက်ကိုကြည့်လိုက်ရင်၊ အရှိန်မြင့်တက်လာတဲ့ ပူးပေါင်းဆောင်ရွက်မှုကိုပြသနေတာ လက်တွေ့မြင်ကြရပြီပေါ့။
စဉ်းစားကြည့်လေ၊ NUG ရဲ့ MODက ‘မအလ’တို့ရဲ့ လက်နက်စက်ရုံတွေကနေ ကျနော်တို့ပီဒီအက်ဖ်တွေကို ခင်ဗျားတို့ထုတ်တဲ့ သေနတ်တွေ တပ်ဆင်ပေးချင်လို့ မန္တလေး ပီဒီအက်ဖ် သင်တန်း ဆင်းပွဲအမီပို့ပေးပါဦးလို့ ညှိထားတာလည်း ဘယ်လိုဖြစ်နိုင်မှာမို့လဲ။ ဒီတော့ ERO တွေရဲ့ ပံ့ပိုးကူ ညီမှုနဲ့မှမဟုတ်ရင် ဘယ်ကရလာမှာ မှတ်လို့။ ပြီးခဲ့တဲ့ ရှမ်းမြောက်တိုက်ပွဲ ပထမဆင့်မှာ သိမ်း ဆည်းရရှိခဲ့တဲ့ စကစလက်နက်တွေ ပီဒီအက်ဖ်တွေရဲ့ လက်ထဲ မြင်လာရတာ ဝမ်းသာစရာဖြစ်သလို၊ အပြင်ကနေ ခန့်မှန်းကြည့်လို့မရတဲ့ အတွင်းကျကျ ဆက်ဆံရေးတွေ တဖြည်းဖြည်း တိုးတက်လာတာကို တွေ့ရတာကလည်း စိတ်အားတက်စရာပါ။
ဒီလိုအချိန်မှာ ‘မအလ’တို့ရော ၊ ဘစိန်ကြီးတို့ လူဟောင်းတွေရော ပျာယာခတ်ကြ၊ ရင်ထဲဗလောင်ဆူနေကြမှာက သေချာတာပေါ့။ ဒါပေမဲ့ အကျိုးစီးပွား အခြေပြုတဲ့ ဆက်ဆံရေးကိုပဲ အာရုံစိုက်တဲ့ပေါက်ဖေါ်ကြီးတို့ဆီက၊ သူတို့ လိုချင်သလို ကျောထောက်နောက်ခံ ပြည့်ပြည့်ဝဝ ရဖို့ဆိုတာက လွယ်တာမှတ်လို့။ ‘တရုတ်ကျော် ရုရှားလွမ်း’ ထားတဲ့ ဇာတ်လမ်းတွေကလည်း ရှိထားတော့ လူညံ့လူညစ်အုပ်စုကို သတိနဲ့ပဲ ဆက်ဆံနေကြတဲ့ပုံပါ။
သေသေချာချာကြည့်တော့မှ ဘစိန်ကြီးရတဲ့ ဖိတ်စာမျိုးက သူတယောက်တည်း ရှားရှားပါးပါး ချွန်ပြီးရတာမှ မဟုတ်တာ။ သူ့လို ရာထူးက အနားယူသွားတဲ့ တခြားနိုင်ငံများက ခေါင်းဆောင်ဟောင်းတွေလည်း သူ့လို အဖိတ်ခံရတာပါပဲ။
ဗီယက်နမ်၊ သီရိလင်္ကာ၊ ထိုင်း၊ လာအို၊ အင်ဒိုနီးရှား၊ မော်လ်ဒိဗ်၊ အီဂျစ်၊ အီသီယိုပီးယား၊ တောင်အာဖရိက၊ ကာဂျစ်စတန်၊ မော်လ်ဒိုဗာ၊ ဘရာဇီးလ်၊ ဂိုင်ယားနား၊ ဂျပန်၊ တောင်ကိုရီးယား၊ အီတလီ၊ ပြင်သစ်၊ ခရိုအေးရှား၊ ဆလိုဗီးနီးယား အစရှိသဖြင့် အပုံအပင်ပါ။ နိုင်ငံနာမည်တွေရေးရတာ လက်တောင်ညောင်းတယ်။ ပြီးတော့ ဘန်ဒေါင်း နှစ် (၆၀) ပြည့်တုန်းကလည်း ဘစိန်ပဲ သွားတက်ခဲ့တာ။
တိုးတိုးတိတ်တိတ် အကူအညီတောင်းစရာရှိလို့ ‘ရှီ’နဲ့’စိန်’ နှစ်ကိုယ်ကြား တွေ့ရလေမလားဆိုရင်တော့ မျှော်တော် ဇောနဲ့ မောရပြီသာမှတ်။ နိုင်ငံခြားရေးဝန်ကြီးလောက်နဲ့ပဲ ပြီးခဲ့ရရှာတာ။ ဟိုကလည်း ဝါရင့်သံတမန်ဆိုတော့ မမဆောင်းဘိုးအေအဆင့်လောက်ရှိတာပေါ့၊ ဟိုလိုလို ဒီလိုလို ဝေ့ လည်ကြောင်ပတ် ဟိုလှည့် ဒီရှောင် မတင်မကျ ပြောနေတာကို စကားပြန်ကတဆင့်ပြန်နားထောင်ရတဲ့အခါ၊ ဘစိန်တယောက် ရှူဆေးဘူးလေး ခဏခဏ ထုတ် ရှူနေရမှာ သေချာတယ်။ ’အဘထ’လား၊ဘာလား တော့မသိပါဘူး။
တရုတ်နိုင်ငံမှာ မုန့်ဟင်းခါး ဆိုင်ခွဲတွေဖွင့်၊ နွားခြံတွေထောင်ပြီး လာခိုလှုံခွင့်ရမလားလို့တောင် မေးခွင့်ရမှ ရခဲ့ပါ့မ လားမသိ။ဟိုက ‘မအလ’ စွသုံးမကျလို့ ခင်ဗျားတို့တတွေလည်း အိုကြီးအိုမနဲ့ ဒုက္ခ ရောက်နေပြီလို့ လက်ချာ ပေးရင်တောင် ပေးလိုက်ဦးမှာ။ ပေါက်ဖေါ်ကြီးတို့က နိုင်မယ့်မြင်းတင် မကဘူး၊ပြိုင်တဲ့မြင်းမှန်သမျှ လောင်း ကြေး အနည်းနဲ့အများထပ်ပြီး ဘယ်ဘက်မှ မိတ်မပျက်အောင် လုပ်စားတတ်တဲ့ လူလည်လူနပ်တွေ။
သူ့ကိုယ်ကျိုး အထိအခိုက်မခံပဲ ချိန်ခွင်ညှာအရွေ့ကို တချိန်လုံး စောင့်ကြည့်နေကြတာ။ ကိုယ့်ဘက်က ဂိုးပြတ်သွင်းနိုင်ရင် ကိုယ့်ဘက်ပုံအောပြီး၊ ကိုယ်က ဂိုးပြတ်အသွင်းခံရပြီ ဆိုရင်တော့ လှည့်ကြည့်ကြမယ့်သူတွေမဟုတ်ဘူး။ အင်းလေ၊ ကိုယ်တွေရဲ့ ဒီမိုကရေစီမြင်းရိုင်း ဒီလောက်ဒုန်းစိုင်းနေကြပုံကိုတော့၊ အာဏာရှင်တွေရဲ့ စိတ် ထဲက ဘယ်သိပ်နှစ်ခြိုက်နိုင်ပါ့မလဲ။ ဒီတော့ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး၊ရွေးကောက်ပွဲစတဲ့ စကားလုံးတွေ နဲ့ နှပ်ကြောင်းပေးနေဦးမှာပေါ့။
ဒီလိုအခြေအနေမျိုးမှာ ခေါင်းစဉ်ပေးထားတဲ့ ‘မအလ’ အာဏာစွန့်တော့မည်လော ဆိုတာနဲ့ ဘာဆိုင်လို့လဲ ဆို ရင်တော့ ဆိုင်သပ သိပ်ဆိုင်လို့ပဲ ပြောချင်တယ်။ သေချာဖတ်ကြည့်ကြပါလား၊ အပူရုပ်ကို ဟန်လုပ်ပြီး သူကပဲ တိုက်တိုင်းအောင် စစ်သူကြီးလိုလို ပုံပန်းနဲ့ ပညာရေးညီလာခံ ညစာစားပွဲမှာ ပြောခဲ့တဲ့စကားကို။
‘နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာ ပြည့်စုံသည့် ပညာတတ်များဖြင့် သာယာဝပြောသည့် အနာဂတ် နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ဆောင်ရွက်လျက်ရှိနေကြောင်း’ တဲ့။ စဉ်းစားကြည့်လေ အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်တွေနဲ့ နိုင်ငံကို တည်ဆောက်မယ်ဆိုတော့မှ သင်းတို့လို လဗာချာတွေ၊ လဖွတ်တွေက ဘယ်နေရာမှာ သွားပါနိုင်မှာမို့လဲ။ ‘နေ့နေ့ညည ပြည်သူ့ကျိန်စာဆူးနေတဲ့ ကျနော်မအလ တို့တသိုက် မကြာခင် အာဏာလက်လွှတ်ကြတော့မယ်’လို့ ဝင်္ကဝုတ္တိအလင်္ကာမြောက်မြောက်ရေးထားတာရော မဖြစ်နိုင်ဘူးလား။ စွပုရဲ့ မိဖုရားခေါကြီးက မြန်မာစာဆရာမ ဆိုတာကိုလည်း မမေ့ကြနဲ့လေ။
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar