Breaking News

နယ်ပယ်အသီးသီးက စီးပွားရေး လုပ်ငန်းတွေကို အရေးယူနေတဲ့ စစ်ကောင်စီ

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၊ ၂၀၂၄ 

နယ်ပယ်အသီးသီးက စီးပွားရေး လုပ်ငန်းတွေကို အရေးယူနေတဲ့ စစ်ကောင်စီ

ငွေကြေး ဖောင်းပွမှုနဲ့ ကုန်စျေးနှုန်းကြီးမြင့်လာမှုတွေကို စစ်ကောင်စီအနေနဲ့ ၄င်းမူဝါဒအလွဲ၊ ခြစားမှု နဲ့ ပြည်တွင်းစစ်ဖြစ်ပွားခြင်းရဲ့ အကျိုးဆက်အဖြစ်ရှုမြင်ခြင်းမရှိဘဲ စီးပွားရေးနယ်ပယ်က လုပ် ငန်းရှင်တွေ၊ ကုမ္ပဏီတွေကို အပြစ်ပုံချတာ တနည်းအားဖြင့် လက်သည်ရှာခြင်းအားဖြင့် အမှားတွေ တခုပြီးတခုကျူးလွန်နေရာမှာ ခုနောက်ဆုံးအရေးယူမယ့်နယ်ပယ် ၂ ခုကတော့ ဆန်ရောင်း ဝယ်သူ၊ တင်ပို့သူတွေ၊ ဆန်လက်လီရောင်းဝယ်တဲ့ ကုမ္ပဏီလုပ်ငန်းတချို့ နဲ့ ပုဂ္ဂလိကဘဏ် အချို့တို့ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်ကတည်းက စားအုန်းဆီဈေးမြင့်တက်စဥ်က စားအုန်းဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေကို ဖမ်းဆီးစစ်ဆေးကာ အရေးယူခဲ့စဥ်က ၄င်းတို့နဲ့ ဆက်စပ်ပြီး ဒေါ်လာ သန်းနဲ့ချီ လာဘ်စားနေတဲ့ စစ်ကောင်စီ ဥက္ကဌရဲ့ လက်ရုံးဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း အထိ ပေါ်ထွက်လာပြီး နိုင်ငံခြားသုံးငွေစိစစ်ရေး ကော်မတီ၊ ကုန်သွယ်မှုနဲ့ကုန်စည်စီးဆင်းမှုများ မြန်ဆန်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ပါပေါ်ထွက်လာခဲ့ပြီးဖမ်းဆီးကာ ပြစ်ဒဏ်ပေးခဲ့တဲ့အဖြစ်အပျက် ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် လအတန်ကြာ ခုနှစ်ဆန်းပိုင်းမှာတော့ ရွှေစျေး၊ ဒေါ်လာစျေးတွေ မြင့်တက်လာခဲ့ရာမှာ ရွှေလုပ်ငန်းရှင်တွေ၊ ဒေါ်လာရောင်းဝယ်သူတွေ ကို ဖမ်းဆီးထိန်းသိမ်းတာ၊ ဖမ်းဆီးနိုင်ခြင်း မရှိသူတွေကို ဝရမ်းထုတ်တာတွေ လုပ်ဆောင်ခဲ့ပြန်ပါတယ်။ 

အဲဒီနောက် ဆန်စျေးကြီးမြင့်ခြင်းရဲ့ တရားခံရှာဖို့ရာ ဆန်စပါးအသင်းက အတွင်းရေးမှူး၊ ဥက္ကဋ္ဌ တို့ကိုပါ ထိန်းသိမ်းစစ်မေးပြီး ဆန်လက်လီရောင်းတဲ့ ဆူပါမားကက်လုပ်ငန်းတွေဖြစ်တဲ့ စီးတီးမတ်၊ ဂျပန်နိုင်ငံ Aeon နဲ့ ဖက်စပ်လုပ်တဲ့ Orange ဆူပါမားကက်ကုမ္ပဏီ၊ One Stop ဆူပါမားကက်၊ စိန်ဂေဟာတို့လို လက်လီအိတ်တွေနဲ့ ရောင်းချတဲ့ကုမ္ပဏီတွေနဲ့ အခြား ဆန်လက်လီ/လက္ကားရောင်းချတဲ့ ကုမ္ပဏီ ၈ ခုကို ခုရက်ပိုင်းအတွင်း ဖမ်းဆီးခဲ့ပါတယ်။ 

လက်လီရောင်းချတဲ့ ဆူပါမားကက်တွေကိုတော့ အိတ်နဲ့ထုပ်ပိုးပြီး လက်လီရောင်းချရာမှာ သတ် မှတ်ထားတဲ့အမြတ်ရာနှုန်းထက် ပိုတင်ပြီးရောင်းတာကြောင့်လို့ အကြောင်းပြချက် ပြောဆိုထားတာ တွေ့ရပါတယ်။ ဒီလို ဆူပါမားကက်တွေက ၆ ပြည်အိတ်၊ ၁၂ ပြည်အိတ် လက်လီရောင်းချကြတာကိုဝယ်ယူစားသုံးသူတွေက အောက်ခြေလူတန်းစားတွေမဟုတ်ကြပါ။ ငွေကြေးအတိုင်း အတာတခုထိ ချောင်လည်သူတွေသာ ဆူပါမားကက်တွေမှာ ဆန်ဝယ်စားကြတာမျိုးဖြစ်ပြီး အများစုက စျေးတွေမှာဖွင့်လှစ်ထားတဲ့ ဆန်ဆိုင်လို၊ အိမ်အရောက်ပို့ကြတဲ့ ဆန်ရောင်းဝယ်ရေးတွေက ဝယ်ယူကြတာပါ။ 

ဒီနေရာမှာ ဆန်စျေးမြင့်တက်ရတဲ့ အကြောင်းရင်းက ဆန် တမျိုးတည်း မြင့်တက်တာမဟုတ်ဘဲ ဆန်၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ အခြားစားသောက်ကုန်တွေ အားလုံး စျေးမြင့်တက်လာနေတာဖြစ်ပါတယ်။ တနည်းအားဖြင့် ဆိုရရင် ငွေတန်ဖိုးကျတာကြောင့် ကုန်ပစ္စည်းစျေးတက်တာလို့ ဆိုရင် မမှားပါဘူး။ 

သို့ပေမဲ့ လူထုအနေနဲ့တော့ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ပြောဆိုကြရင် ငွေတန်ဖိုးကျတယ်ဆိုတဲ့ ဘောဂ ဗေဒဆန်တဲ့စကားလုံးထက် ကုန်ပစ္စည်းစျေးတက်တယ်လို့ပဲ ဆိုကြတာ ဖြစ်ပါတယ်။ မြန်မာကျပ်ငွေလဲနှုန်း ကျရင်ကျသလောက် စိုက်ပျိုးရေးအတွက် လိုအပ်တဲ့လောင်စာဆီ၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ သယ်ယူပို့ဆောင်စရိတ်တွေ မြင့်တက်လာမှာဖြစ်ပြီး ထုတ်လုပ်စရိတ်မြင့်တက်တာနဲ့အတူ ကုန်စျေးနှုန်းတက်လာမယ့် သဘောလည်း ဖြစ်သလို၊ အခုလို တိုက်ပွဲဖြစ်ပွားတာတွေ၊ ကားလမ်းတွေ ဖျက်ဆီးတာ၊ အကန့်အသတ်ကာလနဲ့ ပိတ်တာဖြစ်စေ၊ လုံးဝပိတ်ထားလို့ တခြား ပိုမိုဝေးတဲ့ လမ်းတွေကနေ သယ်ယူနေကြရတာတွေက ကုန်စျေးနှုန်း မြင့်တက်ဖို့ ဖြစ်စေတဲ့ အကြောင်းတွေ ဖြစ်လာတာပါ။ 

ကုန်စည်သယ်ဆောင်တဲ့ ကားလမ်းတွေတလျှောက် လက်နက်ကိုင်အဖွဲ့တွေက ကောက်ခံတဲ့ အခွန် အကောက် (ဂိတ်ကြေး) တွေကလည်း ကုန်ပစ္စည်းတွေ စျေးမြင့်တက်စေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေထက်ဆိုးတဲ့ဒေသတွေလည်းရှိနေပြီး ဖြတ် ၄ ဖြတ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ပိတ်ဆို့ခံထားရတဲ့ဒေသတွေမှာ နေထိုင်နေကြရတဲ့လူထုတွေအဖို့ မတန်တဆစျေးနှုန်းတွေနဲ့ ဆန်၊ လောင်စာဆီ၊ ဆေးဝါး၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဝယ်ယူနေကြရတာလည်း ဖြစ်ပါတယ်။ 

ကုန်စျေးနှုန်းကြီးမြင့်တာဟာ မြို့တွေမှာ ဖြစ်ပွားတဲ့ ပြဿနာ သက်သက်မဟုတ်ပဲ၊ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ နယ်တွေ၊ ကျေးရွာတွေအဖို့ ပိုမိုခက်ခဲကျပ်တည်းတဲ့ အနေအထားနဲ့ ရင်ဆိုင် ကျော်ဖြတ်နေကြရတာ ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေအောက်မှာ စစ်ကောင်စီအနေနဲ့ ကုန်စျေးနှုန်းတက်တာ၊ ဒေါ်လာစျေးတက်တာ၊ ရွှေစျေး တက်တာတွေကို ဖမ်းဆီးအရေးယူပြခြင်းအားဖြင့် လုပ်ဆောင်နေခြင်းဟာ စစ်ကောင်စီ အဖို့ ရန်သူပိုမိုများလာအောင် လုပ်ဆောင်သလိုဖြစ်စေပြီး ရှိနေတဲ့ပြည်ပရင်းနှီးမြှုပ်နှံမှုထွက်သွားအောင်၊ လည်ပတ်နေတဲ့ပုဂ္ဂလိက စီးပွားရေးကဏ္ဍမှာ စွန့်စားရတဲ့ရာနှုန်းမြင့်တက်လာပြီး ယှဥ်ပြိုင်တဲ့စျေးကွက်ပျက်စီးပြီး စွန့်စားပြီးရောင်းဝယ်လုပ်ကိုင်သူတွေက အမြတ်ရာနှုန်းမြှင့်တင်ကာ ရောင်းဝယ်လာကြမယ့် အနေအထားဖြစ်လာစေမှာပါ။ 

စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအကျပ်အတည်းအပြင် စီးပွားရေးကဏ္ဍမှာပါ လွဲမှားတဲ့မူဝါဒ၊ ကျင့် သုံးမှုအာဏာနဲ့ဖမ်းဆီးကာ စျေးနှုန်းကျအောင်လုပ်ဆောင်မှုတွေက စစ်ကောင်စီရဲ့ အာဏာကို လျင်လျင်မြန်မြန်ကျဆုံးစေမလားဆိုတဲ့ယူဆချက်တွေ အချို့သော နိုင်ငံရေးသမားတွေ၊ လက်နက်ကိုင် အင်အားစုတွေအနေနဲ့ယူဆကြပြီး ဖြစ်နေတဲ့ဂယက်ကို ပိုမိုကြီးအောင် လှုံ့ဆော်ကြတာမျိုးလည်း တွေ့ရလေ့ရှိပါတယ်။ 

လူထုအနေနဲ့တော့ တဖက်မှာ လက်နက်ကိုင်ပဋိပက္ခ၊ တိုက်ပွဲ၊ ဖမ်းဆီးခံရမှုတွေ၊ နှိပ်စက် သတ် ဖြတ်ခံရမှုတွေ၊ ပိုင်ဆိုင်မှု ပျက်စီးဆုံးရှုံးကြရတာတွေနဲ့အတူ စီးပွားရေး ဒုက္ခကိုလည်း ခံစားကြရတာ ဖြစ်ပါတယ်။ 

ဒီလိုမျက်နှာစာ နှစ်ဖက်က ဒုက္ခတွေကို ရင်ဆိုင်ကျော်ဖြတ်နေကြရတဲ့အခြေအနေအောက်မှာ အုပ် ချုပ်သူတွေဆီက အကူအညီလက်ခံရရှိဖို့ထက်ကို ဒုက္ခတွေ ထပ်ပြီး ခေါင်းပေါ် ဆင့်တင်လာတာမျိုး မခံရဖို့က ပိုအရေးကြီးသလို လူထုအချင်းချင်း ကူညီရိုင်းပင်းမှုနဲ့ ဒုက္ခပင်လယ်ဝေတဲ့ ကာလကို ကျော်ဖြတ် ရှင်သန်ဖို့ ကြိုးစားနေကြရတဲ့အနေအထားမျိုးလို့ ဆိုရင် မှားမယ် မထင်ပါဘူး။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar