Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၁၁ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၁၁ )

(မိုးမခ) ဇူလိုင် ၂၀ ၊ ၂၀၂၄

19/7/24

Diary in the darkness 


၇၇ ကြိမ်မြောက်အာဇာနည်နေ့။

အိမ်ခြံစည်းရိုးက ဖရုံငေါက်နဲ့ ကြက်ဥကြော်ပြီး ဘုန်းကြီးတွေကို ဆွမ်းလောင်းတယ်။ ဆွမ်းခံလာနေကျ ကိုယ်တော်တွေလည်း ဆွမ်းသိပ်မရကြဘူး။ လမ်းထဲမှာ ဆွမ်းလောင်းသူ သိသိသာသာ နည်းသွားတယ်။ ဝါဆိုသင်္ကန်း ကပ်လှူတာတွေ မရှိသလောက် နည်းသွားတယ်။

ရန်ကုန်မှာ ဝမ်းရောဂါဖြစ်နေကြသလို လည်ချောင်းနာ ချောင်းဆိုးရောဂါတွေ ဖြစ်နေကြတယ်။ 

မနေ့က တကမ္ဘာလုံး အင်တာနက်ပျက်သွားလို့ ဘဏ်တွေ၊ လေဆိပ်တွေမှာ အခက်အခဲဖြစ်ကုန်ကြတယ်လို့ သတင်းတွေမှာ တွေ့ရတယ်။ ကျနော်တို့ကတော့ အင်တာနက် ပျက်နေကြမို့ သတိမထားလိုက်မိဘူး။

မြောက်ပိုင်းညီနောင်သုံးဖော်နဲ့ စကစ အပစ်ရပ် ၄ ရက် သဘောတူညီမှု ဒီနေ့‌ပြည့်သွားပြီ။

၄ ရက်အပစ်ရပ် သဘောတူညီကြတယ်ဆိုပေမယ့် တိုက်ပွဲတွေ ဖြစ်နေတာပါပဲ။ ဒီနေ့တော့ပိုဆိုးလာတာပေါ့။ မိုးကုတ်မှာတ‌နေကုန်ဗုံးကြဲ‌ နေတယ်။ စစ်တန်းကုန်းနားက ဗျူဟာကုန်း ကျသွားပြီလို့ သိရတယ်။ ညနေဘက် ဖုန်းလိုင်းတွေအားလုံးပြတ်သွားတယ်။ မိတ်ဆွေတွေ အတော်များများ မြို့ကို စွန့်ခွာပြီး ရန်ကုန်၊ မန္တလေးကို လာကြတယ်။ အများအားဖြင့် တောလမ်းတွေကို ဖြတ်လာကြတယ်။ လမ်းမှာ ၁၅ ရက် မှ ရက် ၂၀ လောက် ကြာကြတယ်။ မိုးကုတ်၊ ဗားနတ်၊ တွင်းငယ်၊ လမ်းကတဆင့် ရွှေဘိုကို ဖြတ်လာကြတယ်လို့သိရတယ်။ ဗားနတ် တွင်ငယ်လမ်းက တော်တော်ဆိုးတယ်လို့သိရတယ်။ လမ်းမှာ ဘုန်းကြီကျောင်းတွေ၊ ရွာတွေက ဧည့်ဝတ်ပြုကြတယ်။ ကူညီကြတယ်လို့ပြောပါတယ်။ ကျနော့် ရပ်ဆွေရပ်မျိုးတွေကတော့ ရန်ကုန်ကို မနေ့က ရောက်တယ်လို့ fb ပေါ်မှာတင်ထားတယ်။ 

လားရှိုးမှာလည်း တိုက်ပွဲတွေ ပြင်းထန်တယ်။ MNDAA က မြို့ကို ဝိုင်းထားတယ်လို့ တော်လှန်ရေးလော်ဘီတွေက ပြောပါတယ်။ မြို့‌ပေါ်ဗုံးကျနေတဲ့ ရုပ်သံတွေ တက်နေပါတယ်။ စစ်ကောင်စီလော်ဘီတွေကလည်း လေကြောင်းပစ်ကူပေးဖို့ တိုင်းမှူး၊  ‌ဗျူဟာမှူးတွေဆီကို ငိုသံပါကြီးနဲ့ တောင်းခံနေကြတယ်။

ဦသိန်းစိန် ယာယီသမ္မတ ရာထူးလက်ခံမယ်လို့ သတင်းတွေ ထွက်နေတယ်။ ကာလုံရာထူးကတော့ မင်းအောင်လှိုင်က ဆက်ကိုင်ထားဦးမှာပါ။

လက်နက်ကိုင် သူရူးတွေရဲ့ စစ်ယဉ်ကျေးမှု လွှမ်းမိုးချိန်မှာ တိုင်းသူပြည်သားတွေ ဒုက္ခရောက်ရတာ သဘာဝပါပဲ။ 

အိပ်မက်ထဲမှာတော့ တင့်ကားအပျက်ကြီးတွေ ကျွမ်းထိုးမှောက်ခုံနဲ့ အိမ်ခြံစည်းရိုးပင်တွေကို နင်းခြေသွားကြတယ်။

အန်ကယ် တူမီး

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar