Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဒီမသာ လနာပုတ်ကို တူးမြုပ်ကြအုံး

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဒီမသာ လနာပုတ်ကို တူးမြုပ်ကြအုံး

(မိုးမခ) ဇူလိုင် ၂၀ ၊ ၂၀၂၄

အနတ္တ = မြင့်ဆွေကား အစိုးမရ၊ အချိန်မရွေး ကုတ်ရာမှ ကွေး၊ ကွေးရာမှ စောင်း၊ စောင်းရာမှ ဆန့် ဂန့်သွားနိုင်ပါတကား။

အနိစ္စ = မြင့်ဆွေကား တပ်တခဲနက် ကြည့်ရင်းပျက်သို့ မျက်စိအောက်တွင် ပျောက်လွင့်စင်နိုင်ပါတကား။

ဒုက္ခ = မြင့်ဆွေရဲ့ အနတ္တနဲ့ အနိစ္စကို မဆင်ခြင်မိဘဲ ဗိုလ်မှူးဟောင်းဗန်ထီးယူကို အနားပေးမိ မှားသဖြင့် နောက်ခြောက်လသက်တမ်း ဘေဖြည့်ပေးသူမရှိ‌သည့် အရှုပ်ကြောင့်  မဟုတ်မဟတ်တွေကြံဖန်ရ မမှန်မကန်တွေ ထပ်လုပ်ရနဲ့ ဒုက္ခပြီးရင်း ဒုက္ခတွေချည်းပါတကား။ 

မအလသည် ဤသို့လျှင် လက္ခဏာရေးသုံးပါး ဆင်ခြင်၍ ဘယ်ဗိုလ်ချုပ်ကို ဘယ်လို ဖမ်းရ သတ်ရမည်၊ ဘယ်ကောင့်ကို ဘယ်လို ဖြုတ်ရ ထုတ်ရမည်၊ ဘယ်ဖွတ်ကို ဘယ်မှာ တပ်ရ ကပ်ရမည်၊ ဘယ်မြို့ကို မတိုက်ဘဲ ပေးရ ဆက်ရမည်၊ ဘယ်ဒေသကို ခြေမချ မြေမခတော့ပြီ၊ ဘယ်အရပ်မှာ ဘယ်တပ်ကို အသေခံခိုင်းမည်၊ ဘယ်တိုင်းမှာ နယ်ပိုင်းပြီး ဘယ်ပြည်ကို ဘယ်ဝေမည် စသဖြင့် ကြံနေပေပြီ။ 

ဘုရားဒကာပီပီ မနက်မိုးလင်းပြီ ဆိုသည်နှင့် မာရဝိဇယကိုယ်တော်ကြီးရှိရာမှန်း ဦး ၁၃ ကြိမ် ချပြီး ဗုံးကြဲရမည့် စာရင်းလုပ်၊ ပစ်ခတ်ရမည့် စာရင်းလုပ်၊ ဖြိုဖျက်ရမည့် စာရင်းလုပ်ကာ အမျှဝေတော့သည်။ ဤအမျှကို ကြည်းတပ်၊ ရေတပ်၊ လေတပ်က သာဓု အထပ်ထပ် ခေါ်ဆိုပြီးလျှင် အသီးသီး ဆုကြီးပန်ဆင်ကြကာ ဗုံးပတ်ကြဲ ဒုံး လျှောက်ပစ်တော့သည်။ 

ဤသို့လျှင် ကြည်း၊ ရေ လေ တပ်မတော်ကြီး၏ ကုသိုလ်ကောင်းမှုကို တတိုင်းပြည်လုံး ကလေးလူကြီး ဘုန်းကြီး မယ်သီလ အရကြီးရကာ မရဏာနုဿတိကမ္မဌာန်း မစီးဖြန်းရဘဲ ကျောင်းနှင့်အိမ်ကိုဘဲ သုသာန်တစ သင်္ချိုင်းဝလုပ်ကာ ခေါင်းချလိုက်ရပေတော့သည်။ မရဏဘေးမှ လွတ်သေးပြန်လျှင်လည်း ဒုက္ခသည်စခန်းသို့ ကြွမြန်းကာ ဒုက္ခအပေါင်းကို ခေါင်းအုံးအိပ်ရပေတော့သည်။ ခေါင်းပြတ် လက်ပြုတ် ဘုရားရုပ်တုများလည်း အိန္ဒိယမှာ နုစဉ်က ပြုခဲ့သမျှဝဋ် ဗမာပြည်လာပြီး ကျွတ်အောင် ဆပ်နေကြရသည်။ ဘုရားပုထိုး စေတီ ကျောင်းကန်တို့ ဗြောင်းဆန်ပြုတ်ပြို ငလျင်ကြီး လှုပ်ဖြိုသည်ထက်သာ မွမွကျေရှာတော့သည်။ နယ်တိုင်း မြို့တိုင်း ရွာတိုင်း အိမ်တိုင်း ဘုရားစင်ပျောက် ဘုရားပျောက်၊ ဘုရားစင်ပြာကျ ဘုရားပြာကျ၊ ဘုရားစင်ကျိုး ဘုရားကျိုးနှင့် သာသနာကြီးတခုလုံး ဝုန်းဝုန်းကျဲ ဗုံးဗုံးလဲမတတ် ဝပြောစည်ပင်နေတော့သည်။ 

ဤအခြင်းအရာနှင့် မင်းမသာလနာပုတ်ကို မြင်သော ဆရာတော် သံဃာတော်များလည်း "ဆိုရေးရှိက ဆိုအပ်စွတည့်၊ ဆိုစများလျား ထားပချေမိ ငါ့ဝန်ရှိခဲ့" ဟူသည့်တာဝန်သိစိတ်နှင့်အတူ "ဒီမသာ လနာပုတ်ကို တူးမြုပ်ကြအုံး" ဟု ဟောသူလည်း ဟောချေ၏။ "စကားခြောက်ခွန်း လူ၌ထွန်း လေးခွန်းကိုပယ်၊ နှစ်ခွန်းတယ်" ဆိုသည့် ဘုရားစကားကို လိုက်နာပွားရမည် မှန်သော်လည်း လနာသရေကြိုးမခံချင်လျှင် ငါမြေလျှိုးရမည် အမှန်မြင်သမို့ တပည့်တပန်း ရာထောင်နှင့် ပြည်ပလမ်းလည်း မရှောင်သာလို့ ချောင်မှာ ရှောင်ခွာ တိုးတိုးတိတ်တိတ် ထောက်ပံ့ကာ ပရိယတ်ကို အကြည့်မပြတ်နေသူလည်း နေချေ၏။ မင်းတို့ထိုက်နဲ့မင်းတို့ကံ မင်းတို့ပြုခဲ့တဲ့ အကုသိုလ် မင်းတို့ ပြန်ခံရတာ၊ သူ့ကုသိုလ်နဲ့သူ ဘုရင်ဖြစ်လာတာ မင်းမဟာရာဇာ သာသနာပြုနည်းသစ် ကျင့်သုံးတာမို့ ငါ ဆရာ မှောက်လှန်ကာ ထောက်ခံသည်ဟု မိန့်သူလည်း မိန့်ချေ၏။ ဝိနည်းဆရာ ထေရ်သံဃာတွေလည်း ဒေသနာလာရှိသည့်အတိုင်း ကျောခိုင်းနေရဟန် အားမတန်သည်လည်း မဟုတ်၊ တရားမမှန်သည်လည်းမဟုတ် စကားချန်သည်လည်း မဟုတ်မူဘဲ နှုတ်ဆူရာဆူ နှုတ်ဆိတ်ရာ ဆိတ်ဝိနည်းတံဆိပ် နှိပ်သူလည်း နှိပ်ချေ၏။ မဘသကြီးများကတော့ လဒမေ့ဆေး ကျွေးထားသလို ဘာစကားမှ မကြွယ် ဘာတရားမှ မဖလှယ်တော့လင့်ကစား တချို့ မဘသလေးများကတော့ ဒုက္ခရောက်လို့မသေ ကျန်လေသည့် ပြည်သူများကို ဓားတရွယ်ရွယ် ရှိချေသေးသည်တကား။ 

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar