MNDAA ရဲ့ အပစ်ရပ်မယ်ဆိုတဲ့ နောက်ထပ် ကြေညာချက်ထုတ်ပြန်
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင်လ ၂၀ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၂၄
MNDAA ရဲ့ အပစ်ရပ်မယ်ဆိုတဲ့ နောက်ထပ် ကြေညာချက်ထုတ်ပြန်
လားရှိုးမြို့ကို သိမ်းယူဖို့ တိုက်ခိုက်နေတဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့ MNDAA က ဇူလိုင်လ ၁၄ ရက်နေ့ ညသန်းခေါင်ကနေ ၁၈ ရက်နေ့အထိ ၄ ရက်တာ တဖက်သတ်အပစ်ရပ်မယ် ဆိုတဲ့ ကြေ ညာချက်ထုတ်ပြန်ခဲ့ပြီး နောက်တပတ်အကြာ ဇူလိုင်လ ၁၉ ရက်နေ့ နေ့စွဲနဲ့ ဒုတိယမြောက် တဖက်သတ်အပစ်ရပ်မယ် ဆိုတဲ့ ထုတ်ပြန်ချက်တရပ် ထပ်မံထွက်ပေါ်လာပြန်ပါတယ်။
ပထမထုတ်ပြန်ချက်မှာ တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုကို အသိအမှတ်ပြုခြင်းနဲ့ တရုတ်နိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစုံညီအစည်းအဝေးကို တုံ့ပြန်သောအားဖြင့်လို့ အကြောင်းပြချက်ပြုထားသလို အခု ဒုတိယ အပစ်ရပ်ထုတ်ပြန်ချက်မှာလည်း တရုတ်နိုင်ငံရဲ့ ချက်ခြင်း အပစ်အခတ်ရပ်စဲရေး နဲ့ စစ်ပွဲများ ရပ်တန့်ရေး တောင်းဆိုချက်ကို တက်ကြွစွာ တုံ့ပြန်သောအားဖြင့် ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ရဲ့ စစ်ရေးကော်မရှင်က ဆုံးဖြတ်ခဲ့တာလို့ ဖော်ပြထားတာ တွေ့ရပါတယ်။
လတ်တလော နောင်ချို၊ မိုးကုတ်၊ လားရှိုး ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ နဲ့ပတ်သက်လို့ တရုတ်နိုင်ငံက ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA လက်နက်ကိုင် ၂ ဖွဲ့ကိုရပ်ဆိုင်းဖို့ ဖိအားပေးနေတာ အများသိရှိထားကြပြီး ဖိအားပေးတဲ့ သာဓကတွေ ဖြစ်ရပ်တွေ အနေနဲ့ အဆိုပါလက်နက်ကိုင် ၂ ဖွဲ့ ထိန်းချုပ်ရာဒေသတွေနဲ့ တရုတ်နိုင်ငံနယ်နိမိတ် ထိစပ်ရာ နယ်စပ်ဂိတ်တွေကို ခုရက်ပိုင်းမှာ တရုတ်နိုင်ငံဘက်က ပိတ်လိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီး လောက်ကိုင်၊ ချင်းရွှေဟော်လိုမြို့တွေမှာ တရုတ်ဘက်က လာတဲ့ ဖုန်းလိုင်း အင်တာနက်လိုင်းလို ဝန်ဆောင်မှုတွေကိုလည်း တရုတ်နိုင်ငံက ဖြတ်တောက်လိုက်တယ် ဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်လာခဲ့တာ တွေ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမ အကျော့မှာလည်း တရုတ်နိုင်ငံရဲ့ ကြားဝင် ညှိနှိုင်းတိုက်တွန်းမှုနဲ့ ယာယီ အပစ်အခတ်ရပ်စဲခဲ့ကြပြီး ၆ လခန့် အကြာမှာ ဒုတိယအကျော့ ပြန်လည်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ အခု တိုက် ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ ဖိအားပေးတာတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ပထမအကျော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အပြီး အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် ဆက်လက်ထိန်းသိမ်းထားနိုင်အောင် နောက်ဆက်တွဲ ဆွေးနွေးမှုတွေ ပေါ်ထွက်စေတဲ့အထိ ဖိအားပေးနိုင်တာမျိုးတော့ မတွေ့ခဲ့ရပါဘူး။ တရုတ်နိုင်ငံအနေနဲ့ အဲဒီလိုနောက်ဆက်တွဲ နိုင်ငံရေးအရ အဖြေရှာတဲ့ ဆွေးနွေးမှုမျိုး ပေါ်ထွက်လာဖို့ ကြိုးစားခဲ့ခြင်း ရှိ/ မရှိ ဆိုတဲ့ သတင်းအချက်အလက်တွေတော့ မီဒီယာတွေမှာ ဖော်ပြတာမျိုး မတွေ့ခဲ့ရပါဘူး။
တဖက်မှာလည်း တရုတ်နိုင်ငံနယ်စပ်ကို အခြေပြုထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ အရေးကြီးတယ် ဆိုတဲ့အချက်ကို ယေဘုယျအားဖြင့် အားလုံးသိရှိထားကြပြီး ဖြစ်ပါတယ်။ အချို့ကတော့ တရုတ်နိုင်ငံက လက်နက်တွေဝယ် ယူရရှိတယ်ဆိုတဲ့ မှန်းဆမှုမျိုးအထိ ရှိကြပြီး ဒီလိုမှန်းဆချက်တွေနဲ့ပတ်သက်လို့ ခိုင်မာတဲ့ သက် သေအထောက်အထားတွေတော့ ပေါ်ထွက်လာတာ မတွေ့ရပါဘူး။ ဒီနေရာမှာ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့တွေအနက် အင်အားအကြီးဆုံးအဖွဲ့လို့ သတ်မှတ်ထားကြတဲ့ UWSA အဖွဲ့ထံမှ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေက လက်နက်ဝယ်ယူရရှိတာ၊ အပြန်အလှန်သဘောတူညီချက်တွေနဲ့ ရရှိတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ အခုလို တရုတ်နိုင်ငံ၊ လက်နက်ကိုင်အဖွဲ့အချင်းချင်း အကြားက ဆက်ဆံရေး၊ နယ်မြေထိန်းချုပ်ပိုင်ခွင့်နဲ့ပတ်သက်ရင် စစ်ရေးအရ တိုက်ခိုက်သိမ်းယူနိုင်ခြင်းနဲ့ ထိန်းချုပ်နိုင်ခြင်းအပေါ် အခြေခံမလား၊ သို့မဟုတ် သမိုင်းဆိုင်ရာ၊ လူမျိုးစုပျံ့နှံ့နေထိုင်မှုဆိုင်ရာ အချက်အလက်တွေကိုပါ ထည့်သွင်းစဥ်းစားကြမလား၊ လူထုရဲ့ သဘောထားဆန္ဒကိုရော ထည့် သွင်းစဥ်းစားကြ မှာလားဆိုတဲ့ အရေးပါတဲ့ထည့်သွင်းစဥ်းစားစရာကိစ္စရပ်တွေ ရှိနေတာ ဖြစ်ပါတယ်။ လတ်တလောအနေအထားတွေမှာတော့ သမိုင်းဆိုင်ရာ၊ လူမျိုးစု ပျံ့နှံ့နေထိုင်မှုဆိုင်ရာနဲ့ လူထုရဲ့ သဘောထား ဆန္ဒတွေကို အရေးတယူပြု ပြောဆိုတာ၊ စဥ်းစားတာတွေ မကြားသိကြရသလောက်အနေအထား ဖြစ်ပါတယ်။ တနည်းအားဖြင့် ဆိုရရင် နိုင်ငံရေး ရှုထောင့်ကနေ စဥ်းစားဆွေးနွေးပြောဆိုတာထက် စစ်ရေးရှုထောင့်ကသာ ဆွေးနွေးပြောဆိုကြတာ တွေ့မြင်ကြားသိနေကြရတာ ဖြစ်ပါတယ်။
အခုအချိန်ကာလဟာ အနာဂတ်မြန်မာနိုင်ငံက ပြည်ထောင်စုဖြစ်မှာလား သို့မဟုတ် ကွန်ဖက်ဒရိတ်နိုင်ငံဖြစ်မှာလား ဆိုတာ ရှင်းရှင်းလင်းလင်း မခန့်မှန်းနိုင်သေးတဲ့ ကာလဖြစ်ပြီး နိုင်ငံရေးထက် စစ်ရေးက ရှေ့ရောက်နေတဲ့ ကာလလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ တဖက်မှာလည်း ဆယ်စုနှစ်များစွာ ဗမာစစ်တပ်လို့ တိုင်းရင်းသားတွေ ခေါ်ဆိုတဲ့ ပြည်မက စစ်အာဏာရှင်တပ်က အာဏာ ၃ ရပ်စလုံးကို ကိုင်တွယ်ကာ စစ်အင်အားကို အားကိုးပြီး ဖိနှိပ်အုပ်ချုပ်လာတဲ့ အစိုးရကို အနိုင်ရရေးသာ အဓိကလို့ မှတ်ယူကြတဲ့ စဥ်းစားမှု၊ ခံယူမှုလည်း ရှိနေပြီး ဒီလိုစဥ်းစားမှု အယူအဆကို မှားတယ်လို့ မဆိုနိုင်သော်လည်း အနာဂတ် ပုံဖေါ်မယ့် နိုင်ငံ၊ ပြည်ထောင်စုက စစ်အင်အား အပေါ် အခြေတည်မလား ၊ နိုင်ငံရေး ဘုံသဘောတူညီမှုတခုအပေါ် အခြေတည်မလားဆိုတာ ကြိုတင်ပြင်ဆင် ပြင်ဆင် ထားကြဖို့ လိုအပ်မှာ အသေအချာဖြစ်ပါတယ်။
သို့မဟုတ်ရင်တော့ စစ်အင်အားအပေါ် အခြေတည်ကြတဲ့ ဒေသအလိုက်အုပ်ချုပ်ကြတဲ့ နိုင်ငံအဆင့်မဟုတ်တဲ့ အုပ်ချုပ်မှုပုံစံနဲ့ ရပ်တည်ကြတဲ့ အုပ်ချုပ်ရေးစနစ်တွေ ပုံစံအသစ်တွေလည်း ပေါ်ထွက်ကောင်း ပေါ်ထွက်လာမယ့် အလားအလာတွေ ရှိနေတဲ့ သဘောလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar