Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ရှောင်လင်လက်ဝါး

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ရှောင်လင်လက်ဝါး

(မိုးမခ) ဇူလိုင် ၂၃ ၊ ၂၀၂၄


ဒို့ငယ်ငယ်တုန်းက ကစားသလိုပဲ။

ရေဆာရင်လဲ "ဘွာဆိုက်"

သေးပေါက်ရင်လဲ "ဘွာဆိုက်"

ကိုယ့်လူကြီးက မအိပ်သေးဘူးလား လှမ်းဟန့်ရင်လဲ "ဘွာဆိုက်"

အမယ် ဘွာဆိုက်သာ ပြောတာ၊ "ငါ ပြန်လာမှာနော်၊ ငါ့နေရာ ဘယ်သူမှ မဦးနဲ့" ဆိုတာက ပါသေး။ 

မြင်းလှည်းစီးရင် မြင်းက တလမ်းလုံး တဘွတ်ဘွတ်နဲ့ ချေးပါ အီးပေါက် လုပ်တာ မြင်ရတော့မှ လူကြီးတွေပြောတဲ့ "မြင်းအီးပေါက်သလို" ဆိုတာ သဘောပေါက်တော့တာ။  စစ်တိုက်ရင်း အပစ်ခတ်ရပ်လို့ရလား မသိ။ မြင်းကတော့ ပြေးရင်း အီးအီးပါလို့ရတာ ဆိုတော့ အချိန်တန်ရင် လိုရာခရီးရောက်သွားတာပဲ။ 

တရုတ်က ကုန်သွယ်ရေးဂိတ်တံခါးကို အိမ်သာတံခါးလို လုပ်နေတယ်။ ကိုယ်တွေမှာ အနီစာဘဲဖတ်ခဲ့ရတော့  ကွန်မြူနစ်ဆို ရဲရဲတောက်တော်လှန်ရေးသမားချည်း ထင်ခဲ့တာ၊ ဘယ် ကြောင်ပါးလို့ တွေးမတုံး။ မတွေးဆို ကိုယ့်ပြည်ထဲက မဟာသော်လှန်ရေးစာရေးဆရာတွေရဲ့ ဂျင်းပြုတ်ရေလက်ရာက ကောင်းတာကိုး။ ခုဟာက သူတို့ ကိုးကွယ်တဲ့ တော်လှန်ရေးကို မကူတဲ့အပြင် ဝါးလေးနဲ့ပါ ထိုးနှစ်လိုက်သေးတာ။ လူ့အခွင့်အရေး ဘာညာ ကြွေးကြော်တဲ့နိုင်ငံတွေလည်း သူ့အခွင့်အရေးပဲ ကြည့်ကြတာပါပဲလေ။ သင်တန်းဂျင်းတွေနဲ့ အပင်းတိုက်ခံခဲ့ရလို့ ရေလိုက်လွဲရတာပ။ 

ငယ်တုန်းက စစ်တိုက်တမ်း ကစားတော့ "တောင်" ဆို ကျောင်းတက် သံချောင်းခေါက်တာနဲ့ စစ်ပွဲရပ်ရတယ်။ မရပ်ဘဲ ဆက်တိုက်လို့ နောက်ကျတဲ့ကောင်တွေဆို ဘုန်းကြီးက ဆော်တယ်လေ။ ခုလည်း ရှောင်လင်ဘုန်းဘုန်း ဝုန်းမှာကိုကြောက်လို့ "တောင်" ဆိုတာနဲ့ တန်းရပ်ရပုံရ။ ကျောင်းဆင်းရင် အစက ပြန်မစဘူးနော်၊ မင်းတို့ဘက်က နှစ်ကောင်ပဲ ကျန်တော့တာ၊ ငါတို့ဘက်က ငါးယောက်ဘာညာဆိုပြီး ဈေးကစားတာတော့ ရှိတာပေါ့။ တဖက်နဲ့တဖက် သူမသာ ကိုယ်အသုဘဆိုရင်လည်း ပြန်စလိုက်တာဘဲ။ 

လက်ဝှေ့မှာတော့ အချိန်မစေ့ဘဲ ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်ရင် ကြယ်တွေ လတွေ မြင်သွားမှာသေချာတယ်။ ခုဖြစ်နေတဲ့စစ်က စည်းကမ်းတကျထိုးတဲ့ လက်ဝှေ့ပွဲမျိုး မဟုတ်ဘူးလေ။ ဘော သေချာကန်တယ်။ မျက်စိနှိုက်တယ်။ လဲနေရင် ပိုထိုးမယ်၊ ခြေနဲ့ ဆောင့်ကန်မယ်။ ကိုယ်တိုက်ကိုယ်ရသလို ကိုယ်ရပ် ကိုယ်ခံစစ်။ 

ဘုန်းကြီးကြိမ်က သူ့တပည့်တွေကို ချိန်ရုံ ရွယ်ရုံ၊ တွယ်လည်း အနာကြီးမဟုတ်။ ရှောင်လင်လက်ဝါးကတော့ အတွင်းအားထည့်ရိုက်မှာဆိုတော့ ရင်ကွဲ အသည်းကြေ သေပွဲဝင်သွားနိုင်တာကိုး။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar