ရဲဘော်တေး - ပြည်သူကတော့ အေးဆေး
ရဲဘော်တေး - ပြည်သူကတော့ အေးဆေး
(မိုးမခ) ဇူလိုင် ၂၂ ၊ ၂၀၂၄
ရှမ်းမြောက်တိုင်းမှူး စိုးတင့်ကို သူခိုးကျင့်နဲ့ အရိုးရင့်တယ်ဆိုပြီး သရေကြိုးက ညောင်းတူဂျေးလုပ်၊ သူ့နေရာမှာ ရီးချော်ထိုး ထီးတော်မိုး လုပ်ခဲ့သူ ခိုင်းဖတ်ခွေးကျွန် ခိုးသထက်ခိုး ၉၉ တပ်မမှူးစိုးလှိုင်ကို အစားထိုးလိုက်တယ်။
စိုးလှိုင်ဟာ ကြိုးတိုင်ပါ ဆိုတာလောက်တော့ တိုင်းပြည်အာဏာ ဓားပြတိုက်ထားသူတယောက်အနေနဲ့ သိဖို့ကောင်းတယ်။ ကလေးတယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်လို့ရတာ အိမ်ရဲ့လူယုံ၊ လူကြီးတယောက်ကို မုဒိမ်းကျင့် သတ်ဖြတ် အဲ အဲ ထိုးကျွေးပြီး ဘညွန့်လုပ် ဒူးနှန့်နေလို့ရတာလည်း သူ့လူယုံပဲဆိုတဲ့ အခြေခံ ပေါင်း နုတ် မြှောက် စားလောက်မှ မသိဘဲ အာဏာမသိမ်းသင့်။
သူ့စောက်မြင်ကပ်တဲ့ကောင်တွေကလည်း မအလဟာ ဘယ်သူ့ကိုမှအထာမထားဘဲ သူ့လူယုံတွေချည်း ထိုးထိုးခန့်နေတာကို အသာလွှတ်ပေးထားလိုက်တယ်။ လူယုံ ဆိုတဲ့အမျိုးက သခင် သေတိုင်း လိုက်မသေတဲ့ လူစား။ ဝမ်းတွင်းပါးမို့ ကပ်ဖားယပ်ဖား လုပ်ခဲ့ကြတာ။ ကြည်ညိုလို့ မှီခိုတာမှမဟုတ်တာ။ သန္ဓေရိုး လူအဆို ဘယ်လူကြီးနားကပ် ကြူနေမလဲ။ ကိုယ့်အလုပ်တာဝန် ကျေဖို့သာ အာရုံစိုက် ခါးတောင်းကျိုက်ပြီး ကုန်းရုန်းသူတွေက လူကြီး ထမင်းဝိုင်းဘေး ယပ်ခတ်ပေးသူထဲ ဘယ်ပါလိမ့်မတုံး။
သူ့လူယုံတိုင်းက မအလအဖို့ အသေထွက်မှတပါး အခြားမရှိဆိုတာ သိပြီးသား။ ကျန်တဲ့သူတွေကလဲ သူ ခိုင်းတာ လုပ်ပေးနေတယ် ဆိုတာထက် ဒီ ပြည်လုံးချီ သေမှု သတ်မှု ပြိုပျက်မှု ဖြိုဖျက်မှုအားလုံးရဲ့ မဟာတရားခံ အပျောက်မခံနိုင်လို့ မှေးလိုက်နေကြတာ။
မအလ ခိုင်းတာသာ လိုက်လုပ်ပေးနေတာ၊ သူ လစ်ပြေးမှာတော့ လက်ခံမယ့်ကောင် မရှိ။ မိသားစုလိုက် စိပစ် တိပစ်လိုက်မယ့်ကောင်ချည်း။ သူကိုယ်တိုင်လည်း ကလေးတွေပါ ဗုံးကြဲ သတ်ဖြတ်ခိုင်းနေကျ မဟုတ်လား၊ ကာလဝိပါက် နောက်ပိုးက တက်ကို တက်ရမယ်လေ။ အဲဒီတော့ တပ်ထဲက စစ်ရာဇဝတ်ကောင်တိုင်း သူရဲကောင်းဘဝနဲ့ လှလှပပ ရုန်းထွက် ဆက်လက်အသက်ရှင်ဖို့၊ သားစဉ်မြေး ဆက်မျက်နှာပန်းလှဖို့ဆိုတာ မအလက အခရာ မဟုတ်လား။ ဘယ်သူမှ ကိုယ့်မိသားစုထက် သူ့မိသားစုကို ပိုမချစ်နိုင်ဘူးလေ။
မင်းအောင်လှိုင်က တပ်ချုပ်လောင်းလျာမထား အကုန်သေလမ်းသွားခိုင်းပြီး ဟွန်ဆန်လို သူ့သားအစားထိုးဖို့ ကြံတာလေ။ ကြံမရ လစ်မယ်ပေါ့။ အခု စစ်မှုထမ်းဥပဒေနဲ့ အလိုအလျောက် ချို(ဂျို)ပေါက် သူ့သားကို ဗိုလ်တယောက်အဖြစ် ခန့်လိုက်လို့ရနေပြီ မဟုတ်လား။
ပြည်သူကတော့ တပ်မတော်ချေဖျက်လိုက်တဲ့ တိုင်းပြည်ကြီးကို အသစ်ပြန်တည်ဆောက်ရာမှာ တပ်မတော်က ပါစရာအကြောင်းမှ မရှိတာ။ ပြည်သစ် တည်ချိန်မှာ ပြည်ဖျက်တွေကို ထမ်းကျွေး ပင်စင်ပေးစရာလည်း ဘာစောက်ကြောင်းမှ မရှိ။ တပ်နဲ့ပြည်သူ ဒို့ရန်သူ။ ဒါကို တပ်ထဲနေရင်း ပြည်သူသတ် ပြည်မီးတိုက်နေတဲ့ကောင်တိုင်း သိပြီးသား။ ဘယ်ကောင်မဆို ဒီအခြေအနေက ရုန်းထွက်ဖို့ ဘယ်လမ်းကြောင်း ရွေးရမယ်ဆိုတာလည်း သိပြီးသား။ မအလဟာ ထွက်ပေါက်၊ မအလဟာ ဆုလာဘ်၊ မအလဟာ အခွင့်အလမ်း၊ မအလ ဟာ မဟာဗျူဟာဆိုတာ အားလုံးသိပြီးသား။
မအလကပဲ တပ်မှာ သူ့သားကို အစားထိုးနိုင်မလား။ မအလကိုပဲ တပ်က တံကျင်လျှိုနိုင်မလားဆိုတာ စောင့်ကြည့်ရတာပ။
ပြည်သူကတော့ အေးဆေး။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar