Breaking News

ယာယီသမ္မတ ရာထူးယူလိုက်တဲ့ စစ်ကောင်စီခေါင်းဆောင်နဲ့ နိုင်ငံရဲ့ ကံကြမ္မာ

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၂ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၂၄

ယာယီသမ္မတ ရာထူးယူလိုက်တဲ့ စစ်ကောင်စီခေါင်းဆောင်နဲ့ နိုင်ငံရဲ့ ကံကြမ္မာ 

စစ်အာဏာသိမ်းစဥ်မှာ သမ္မတဖြစ်သူ ဦးဝင်းမြင့်ကို ဖမ်းဆီးကာ ပုဒ်မမျိုးစုံနဲ့ တရားစွဲအကျဥ်းထောင်ထဲ ထည့်ထားခဲ့ပြီး ဒုသမ္မတ ၂ ဦးထဲက စစ်တပ်ကိုယ်စားပြု ဒုသမ္မတဖြစ်တဲ့ ဦးမြင့်ဆွေကို ယာယီသမ္မတ အဖြစ် တင်ခဲ့ပြီး အန်အယ်လ်ဒီပါတီဘက်က ရွေးချယ်ထားတဲ့ ဒုသမ္မတ ဟင်နရီဗန်ထီးယူကိုတော့ ဘာတာဝန်မှ မယူရတဲ့၊ ကာလုံအစည်းအဝေးမှာသာ ရုပ်ပြအနေနဲ့ ဒုသမ္မတရာထူး ဆက်လက်ထားရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒုသမ္မတ ဟင်နရီဗန်ထီးယူ ၂ နှစ်ကျော် ကြာသည်အထိ ရုပ်ပြဒုသမ္မတရာထူးမှာရှိခဲ့ပြီးနောက် ကျန်း မာရေးအရ အနားယူခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းထုတ်ပြန်ပြီး ဦးမြင့်ဆွေကိုသာ ယာယီ သမ္မတတာဝန်ပေးပြီး ၆ လ သို့မဟုတ် ၁ နှစ်တကြိမ် ကာကွယ်ရေးနဲ့ လုံခြုံရေး ကော်မတီလို့ခေါ်တဲ့ အစည်းအဝေးကျင်းပတဲ့အချိန် စစ်ကောင်စီကို သက်တမ်းတိုးတဲ့အချိန်မှာသာ အသုံးချခဲ့တာ ဖြစ်ပါတယ်။ 

အခု စစ်အာဏာသိမ်းပြီး ၃ နှစ်ခွဲအကြာ မှာတော့ ဦးမြင့်ဆွေ ကျန်းမာရေး မကောင်းတဲ့အချိန်မှာ ယာယီသမ္မတ ရာထူးကို စစ်ကောင်စီ ဥက္ကဌကိုသာ လွှဲပြောင်း ရယူစေမယ်ဆိုတဲ့ ထုတ်ပြန်ချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ တာဝန်လွှဲပြောင်းတဲ့ ကိစ္စကို ဇူလိုင် ၂၂ ရက်နေ့ နေ့စွဲနဲ့ လုပ်ဆောင်ပြီးမှ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို လွှဲပြောင်းခြင်း မလုပ်မီရက်အနည်းငယ်မှာ ဦးမြင့်ဆွေ ကျန်းမာရေး မကောင်းကြောင်း သတင်းထုတ်ပြန်ချက်ကို ကြိုတင်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်မှာ မင်းအောင်လှိုင်အနေနဲ့ လက်ရှိမှာလည်း စစ်တပ်ကဦးဆောင်ဖွဲ့စည်းတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် စတဲ့ ရာထူးအားလုံးကို ရယူထားပြီးဖြစ်လို့ အခုလို ယာယီသမ္မတ ရာထူးကို ထပ်မံရယူခြင်းက အနှစ်သာရအားဖြင့် ဘာမှ မထူးခြားဘူးလို့ အများက ယူဆကြပါလိမ့်မယ်။ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ယာယီသမ္မတ ဆိုတဲ့ ရာထူးက သူ့အတွက် ဆယ်စုနှစ် တခုကျော်ကြာ တပ်မက်ခဲ့တဲ့ ရာထူး၊ အာဏာ လောဘ တခုကို ပြည့်သွားတဲ့ အဓိပ္ပါယ်သဘောလို့ အနှစ်သာရအားဖြင့် ကောက်ချက်ချနိုင်ပါတယ်။ 

တဖက်မှာလည်း ၂၀၀၈ အခြေခံဥပဒေကို ဆက်လက်ကိုင်စွဲထားပါတယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ သက်သေပြချက်တခုကို သူက ပျက်ပြယ်အောင် လုပ်လိုက်တဲ့ သဘောလည်း သက်ရောက်တာ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေမှာ အခုလို အခြေအနေမျိုးအတွက် သီးခြားရေးသားထားတဲ့ ဥပဒေ နည်းဥပဒေတွေ မရှိတာကြောင့် အခုလို ရာထူးရယူခြင်းဟာ ၂၀၀၈ နဲ့ မညီဘူးလို့ ယတိပြတ်မပြောနိုင်သော်လည်း စစ်တပ်က ကာကွယ်စောင့်ရှောက်ပါမယ်လို့ ပြောထားတဲ့ ၂၀၀၈ အခြေခံဥပဒေရဲ့ အနှစ်သာရကိုလည်း ထည့်သွင်းစဥ်းစားခြင်းမရှိတာ ပေါ်လွင်တာ ဖြစ်ပါတယ်။ 

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်တဲ့ ကာလမှာ ထိုစဥ်က စစ်အာဏာရှင် ဖြစ်သူ ဗိုလ်ချုပ်ကြီး သန်းရွှေက သိပ်မထင်ရှားတဲ့ စစ်ဗိုလ်ချုပ်တယောက် ဖြစ်တဲ့ မင်းအောင်လှိုင်ကို သူ့ထက် အတွေ့အကြုံ၊ ရာထူးကြီးသူတွေကို ကျော်လွန်ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ်ရွေးချယ်ခဲ့တဲ့ဆီက စတင်ခဲ့တဲ့ ရာထူးအာဏာ လောဘက ၁၄ နှစ်အကြာမှာ အမည်နာမအားဖြင့်ပါ ပြည့်ခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

သို့ပေမဲ့ နိုင်ငံအဖို့တော့ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ အလယ်၊ ပျက်စီးဆုံးရှုံးမှု၊ အသက်ဆုံးရှုံးမှု၊ စိတ်ဝမ်းကွဲပြားမှု၊ အမုန်းတရား၊ အနာဂတ် ပျောက်ဆုံးခြင်းတွေနဲ့ အကွဲကွဲအပြားပြား ဖြစ်ခြင်းတွေရဲ့ အလယ်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ 

၄င်းဖြစ်ချင်တဲ့ သမ္မတရာထူးကို ယာယီဆိုတဲ့ ဝိသေသနဲ့ ရရှိချိန်မှာ ပြည်ထောင်စု မြန်မာနိုင်ငံဆိုတဲ့ ဆယ်စုနှစ်များစွာ စစ်အင်အားနဲ့ စုစည်းထားတဲ့ နယ်မြေအများအပြားကို ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ်လည်း နယ်မြေတွေ ဘယ်လောက်ထပ်ဆုံးရှုံးဦးမလဲဆိုတာ မမှန်းဆနိုင်တဲ့အနေအထားမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ တဖက်မှာတော့ ဆယ်စုနှစ်နဲ့ချီကာ ဖက်ဒရယ်အရေးအတွက် လက်နက်ကိုင် တိုက်ခိုက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ  အနေနဲ့ မိမိတို့ရဲ့ အနာဂတ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဋ္ဌာန်းခွင့်နဲ့ အုပ်ချုပ်သွားဖို့ စိတ်ဆန္ဒပြင်းပြစွာနဲ့ စစ်တပ်ရဲ့ ထိန်းချုပ်နယ်မြေတွေကို တိုက်ခိုက်သိမ်းယူဖို့ ကြိုးစားနေကြချိန် ဖြစ်ပါတယ်။ 

စစ်တပ်က နိုင်ငံရေး အာဏာကို လက်လွှတ်ဆုံးရှုံးမခံချင်တဲ့ အကြောင်းရင်းခံက မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းစစ်မီးတောက်ထဲ ကျဆင်းဖို့ အကြောင်းခံ ဖြစ်လာစေခဲ့တာပါ။ ၂၀၁၁ ကနေ ၂၀၂၀ ခုနှစ်အကြား လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ စစ်တပ်က ဖြတ်မျဉ်းတကြောင်းလို ဖြစ်နေခဲ့ပြီး စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံထူထောင်နိုင်ရေးထက် စစ်တပ်ရဲ့ အာဏာကို အလျော့မခံ၊ အထိမခံတဲ့ ရပ်တည်ချက်ကနေ ရပ်တည်ခဲ့ပြီး အချို့သော လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ်၊  ငြိမ်းချမ်းရေး သဘောတူညီမှု ရလုရခင် အနေအထားတွေမှာ အဲလိုကြိုးပမ်းမှုတွေ ပျက်ပြားစေဖို့ ရည်ရွယ် လုပ်ဆောင်ခဲ့တဲ့ သာဓကတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို ငြိမ်းချမ်းရေးအတွက် ခြေလှမ်းဖြစ်တဲ့ အပစ်ရပ်သဘောတူညီမှုတွေ၊ နိုင်ငံရေး ဆွေးနွေးမှုတွေ မအောင်မြင်အောင် ကပျက်ယပျက် လုပ်ခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ ရာထူးအာဏာ လောဘ တခုအတွက် နိုင်ငံရဲ့ လူဦးရေအများအပြား အသက်ဆုံးရှုံး၊ ပိုင်ဆိုင်မှုတွေဆုံးရှုံးကာ နိုင်ငံကို ပြည် တွင်းစစ်ချောက်ထဲ သက်ဆင်းစေခဲ့ပြီ ဖြစ်ပါတော့တယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar