Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ပြားဖို့သာပြင်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ပြားဖို့သာပြင်

(မိုးမခ) ဇူလိုင် ၅ ၊ ၂၀၂၄

ဂျပုက ဂျပန်ကို ဆင်လေးကောင် ပဏ္ဏာဆက်ပြီး ဖားရင်း ယတြာဆင်ပြန်ပြီ။

တလောက မင်းကျောင်းနဲ့ မစိုးရိမ်ဘုန်းကြီးနှစ်ပါးကို ကားလှူတာ "မင်းဂျောင်းမှာ မစိုးရိမ်နဲ့" ဆိုတဲ့ဘက် ပညတ်သွားရာ ဓာတ်သက်ပါပြီး ကားပေါ်က တကယ့်ဆရာတော်နှစ်ပါးကို ပစ်သတ်မိလို့ ခုကို ပြည်တွင်း ပြည်ပ ဘုန်းကြီးတွေ သပိတ်မှောက်ခံနေရတဲ့အတွက်  ဂျောင်းရလုလုဖြစ်နေတာကို မမှတ်ဖူး။ ထပ်လုပ်ပြန်ပြီ။ 

ပထမလုပ်တာက သူတို့လင်မယားအတွက် ကားနှစ်စီး။ ခုတော့ သူတို့တင်မက သားနဲ့သမီးအတွက်ပါ စိုးရိမ်လာပုံရတယ်။ ဆင်လေးကောင်တဲ့။ သူတို့မိသားစုသာ အကြီးဆုံး။ ကျန်တဲ့စိုးဝင်းတို့လိုကောင်တွေတော့ ဘယ်နားထိုးသွင်းခံရခံရဆိုတဲ့သဘော။ ကဒါဖီနေရာမှာ ကိုးကွင်းကို ထိုးသွင်းစေပေါ့လေ။ 

မအလက ဝေဿန္တရာရဲ့ ကံကြမ္မာကို မေ့နေပုံရ။ သူများတိုင်းပြည်ကို ဆင်လှူလို့ ထီးနန်းက မောင်းထုတ်ခံရပြီး မိသားစုလိုက် တောထဲလစ်ရတာမှန်း သိရက်နဲ့ ယတြာဆရာက မအလကို ဆင့်ဟာလောက်ဂျင်းကြီး သွင်းပလိုက်တာ။ ဒီတခါတော့ အပြီးသတ်ယတြာလို့တောင် ပြောရင်ရတယ်။ ဒီနေရာမှာ ဆင်ဖြူမှမဟုတ်တာလို့ ဆင်ခြေကန်မယ်မကြံနဲ့။ ဆင်ဆိုတာ ဖြူဖြူမဲမဲ ရတနာချည်းဘဲလေ။ ဝက်လိုကြက်လို အဲ ခွေးလိပေါတဲ့ဟာမှမဟုတ်တာ။ ဆင်ဖြူနဲ့ဆင်မဲ ဘာကွာလဲလို့‌ဆရာကြီးဒေါက်တာသန်းထွန်းကို မေးတော့ အနင်းခံကြည့်ပါလားလို့ ပြန်ပြောသလိုသာမှတ်။ ဆရာကြီးကတော့ ဆင်ဖြူကို ခရုသင်းစွဲနေတဲ့ဆင်လို့တောင် ပြောခဲ့သေးတာ။ 

အင်း မအလတော့ ဆင်နင်းပြီပေါ့လေ။ တကောင်တည်းတောင် မဟုတ်ဘူး။ လေးကောင်။ လေးကောင်လုံးနင်းမှတော့ ကြက်သွန်ခွံထက် ပြားဖို့သာပြင်။ ဗေဒင်ဆရာက ဘယ်အငြိုးနဲ့ ဒီယတြာ ဆင်ပေးလဲမသိ။ ဆင်ဆိုတာ စုနဲ့ နာမ်တူလေ။ ဓာတ်တူ နာမ်တူရင်သာ ဆေးဖက်ယူလို့ရတာ၊ နံတူသတ်လို့ကတော့ အသေကလွဲ ဘာမှမရဘူးမဟုတ်လား။ "ဓာတ်တူနံတူ၊ ဆေးဘက်ယူ၊ နံတူသတ်က၊ အသေရ" ဆိုတာ ဗေဒင်သင်ပုန်းကြီးအဆင့်ဆို သိတဲ့ဟာဘဲ။ 

ပျက်စီးချိန်တန်ပြီဆို အဲလိုပါဘဲ၊ ကြိုးကို မြွေမှတ်လို့ ခုန်လိုက်တာ မြွေပေါ်သွားကျတဲ့ မရဏကိန်းဆိုတာ သူ့ဘာသာသူ ရောက်လာတတ်တာမျိုး။ အကုသိုလ်အကျိုးပေးချိန်ရောက်ပြီဆိုတာကို ဝင်းနိမ္မတာရုံဆတော်ကြီးခေါင်းပစ်လိုက်ကထဲက သိနေကြပါပြီ။ ဘယ်သူကမှ အကာအကွယ်မပေးရဲတော့ဘူးလေ။ အဲဒါကို မန်းလေးတိုင်းမှူးဖြုတ်ပြရုံနဲ့ ဖာလို့ ထေးလို့ရနိုင်တာမှမဟုတ်တာ။ ဘာမှလဲ မဆိုင်ဘူးလေ။ တပြည်လုံး သူ့အမိန့်နဲ့ လူလှည့်သတ်နေကြတာ လူတိုင်းသိနေတာဘဲဟာ။ ခွေးမျက်စိလည်ရင်တော့ မသိဘူး။ လူကတော့ ဘယ်သူမှ မလည်ဘူး၊ သိကြတယ်။ ရှင်နည်းရာ အဂ္ဂလူထွက်တာဘဲ အဖတ်တင်တာမဟုတ်လား။ ဟော ခုဆို မန်းပီဒီအက်တွေက "ရွှေမန်းဆီသို့" တောင် ဆိုနေကြပေါ့။ 

ဆတော်ကြီးဘွဲ့က (ဦး)မုနိန္ဒ၊ မုနိန္ဒဆိုတာ ဘုရားရဲ့အမည်တော်လေ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီရက်က ရှမ်းတောင်မှာ အပစ်ခံရတဲ့ ဦးဇင်းကလည်း (ဦး)မုနိန္ဒဘဲ။ မုနိန္ဒနှစ်ပါး။ အဲတော့ မုနိန္ဒကို ပစ်တာ ဘုရားကို ခေါင်းပစ်တဲ့သဘောဘဲလေ။ ဘယ်သူက ဘာနဲ့မှ ကာပေးလို့ကို မရတဲ့အဆင့်ကြီး။ မုနိန္ဒနှစ်ပါး အပစ်ခံရတာဟာ ကားနှစ်စီး ဘုန်းကြီးနှစ်ပါး လှူတဲ့ယတြာ အလိုလို အချေဖျက်ခံလိုက်ရတာ။ ဖျက်ခံရတာမှ ပြောင်းပြန်သက်ရောက်မှုကြီးနော်။ ရက်မဆိုင်း အကျိုးပေးတာဆိုတော့လည်း ပြာမယ်ဆို ပြာလောက်ပါတယ်။ 

ခုလဲ လာပြန်ပြီ။ ဆင်တဲ့။ ဂျပန်ကိုဆင်လှူလို့ နောက်ဘဝ ဆင်လို ထွားကျိုင်းကြီးမြင့်ဖို့တော့ မျှော် လင့်မနေနဲ့ဂျပု။ ငရဲက ပြန်တက်ရဖို့ မမြင်ဘူး။ ဒီဘဝမှာတော့ ဆင်နင်းခံရဖို့သာ ပြင်ပေတော့။ ဆင်နင်းခံရပြီး သေရင် ဘဝကူးကလည်း မကောင်းနိုင်ဘူးမဟုတ်လား။ သပိတ်မှောက်ထားတာဆိုတော့ သပိတ်သွတ် အမျှဝေပေးမယ့် ဘုန်းကြီးလည်းရှိမှာမဟုတ်သလို လူ့ဘဝ ပြန်လာမှာကြောက်တာနဲ့ ဘယ်သူကမှလည်း လုပ်ပေးကြမှာ မဟုတ်ဘူးလေ။ လူပေါင်းမြောက်မြားစွာ ကူကယ်ရာမဲ့အောင် လုပ်ခဲ့ လုပ်ဆဲ အကုသိုလ်ထုထည်ကြီးက နည်းတာမှမဟုတ်တာ။ 

အေး နင်းမယ့်ဆင်လေးကောင်ထဲမှာ ကျောက်ဆည်ဆင်ကြီးလဲ တကောင်နော်။ 

သိဖို့။ 

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar