ရတနာပုံဆရာမှတ်ကြီး - စာမသင်စေရ အစာမမြင်စေရ ကြမ္မာငင်စေရ
စာမသင်စေရ အစာမမြင်စေရ ကြမ္မာငင်စေရ
ရတနာပုံဆရာမှတ်ကြီး
(မိုးမခ) ဇူလိုင် ၂၃ ၊ ၂၀၂၄
သံတွဲလိုသူ ခေါသနီ ပြန်ယူချည်ခိုင်းတာ သူ့လင်သရေကြိုး အသေဆိုးတာ တပ်သားတွေ ကြေသွားတာ ဟော်တယ် ပင်လယ်မှာ ရွက်ပြုတ်တာ သဘက်ဖုတ်ခရိုနီ တလာစီရတာက လေဆိပ်ရဲ သွားဖြဲသူက မြေသိမ်းခံ သံသရာစစ်ရဟတ် သည်မှာတင်ရပ်လိုက်တာက AA ဒို့သေပစေ ရွာကြေပစေ ဒီလဒတွေမရှိဘို့ဘဲလို့ ဇွဲတင်းတောင့်ခံတာက ပြည်သူ။
အဲသလို သံတွဲနဲ့ ပူနေအူနေတုန်း မအလ အမ်းထားတဲ့ လက်နက်ကြီးနဲ့ အမ်းဌာနချုပ်ကို ဖုတ်တဲ့သတင်း၊ ဂျိတ္တောကုန်းပေါ် ပစ်တင်လိုက်တဲ့ ရေဘဲတွေလဲ ကြေကွဲစွာ မြေထဲမှာ သေပွဲဝင်နေတဲ့သတင်း၊ ကျလုကျခင် နယ်ခြားစောင့်စခန်းတွေက ထွက်ပြေး လှေစီးဒုက္ခသည်သတင်း၊ ရှင်နည်းရာ အဂ္ဂလူထွက် ဆိုသလို ကျောက်ဖြူမဒေးကျွန်းက ရဲတကောင်က လက်နက်တိုက်ဖောက် သေနတ်ဆယ်လက်နဲ့ ကျည်သုံးထောင် ဖျောက်လစ်တဲ့ သတင်းကလည်း ဒီကာလအတွင်းတော့ မအလအဖို့ စိတ်ဆင်းရဲစရာတွေချည်းဘဲပေါ့လေ။
ရန်ကာဘုရားနှစ်ဆူကို ဒလီဘာရီနဲ့ပို့ကာ ကပြာကရာတည်ပေမယ့် ဖျက်တဲ့ဘုရားက ဂင်္ဂါဝါဠု သဲစုမကထက်များနေတော့ ရေတိုက်စားတဲ့ ကမ်းပါးလို မနားတမ်း ပြိုတော့တာကိုး။ မြို့တွေ မြို့တွေဆိုတာ တိုက်လဲရှုံး မတိုက်လဲဆုံး၊ ပီဒီအက်နဲ့တင် သုံးမိနစ်ပြတ်စခန်းတွေတောင် စဉ့်ကူးမှာပေါ် လာ.. မအလအဖို့ရာ မော့ကာမော့ကာသာ ထိုးထိုးအူရတော့မယ့်အခြေ။
သူ့စစ်တပ်ကလည်း သူ့ခြေရာနင်း ဂိတ်ဖွင့်ငွေတောင်း မောင်းပြန်နဲ့ အိမ်ပေါ်တက် ဓားပြတိုက် မိုက်ဇာတ်ခင်းပြီး လက်နက်ချတာကလွဲ စစ်ချင်းတူအောင် မတိုက်တတ်တော့ မိန်းမကို အာဏာသိမ်းအထိမ်းအမှတ် လက်ဆောင်ပေးထားတဲ့ သံတွဲတောင် အလံလဲလို့ ခုတော့ ဖန်ကွဲရှ။ သားလေးကို သိမ်းပေးထားတဲ့ မြေတွေလည်း ရေလွှမ်းတော့မှာ၊ ထောင်ပေးထားတဲ့ကုမ္ပဏီတွေလဲ မကြာခင် ကုန်ပြီ ဖြစ်တော့မှာ။ သမီးလေး ခင်သီရိသက်မွန်လဲ အဆင်လေးတွေကို ဆက်ဖွန်လို့မရတော့ရင် ဖခင်ကို သမချင်နေမလား။
မြေးလေးတွေကကော အော မောရပါဘိ မချိတင်ကဲ နောက်ဆက်တွဲ စာမျက်နှာများလာတော့မယ်လေ။ သူတကာ့ကလေး သူတကာ့မြေးတွေ ထုချေသတ်ထားတာ နည်းမှ မနည်းတော့တာဘဲ။ အငတ်ထားတဲ့ အရေအတွက်ကတော့ တွက်လို့တောင် မရတော့။
စာမသင်စေရ အစာမမြင်စေရ ကြမ္မာငင်စေရဆိုတဲ့ မအလစီမံကိန်းကတော့ သူ့အိမ်လှေကားပေါ် ပြန်တက်လာတော့မှာ။
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar