Breaking News

ကိုသန်းလွင် - ကမ္မဋ္ဌာန်းထိုင်ခြင်းနှင့် သိပ္ပံ

ကိုသန်းလွင် - ကမ္မဋ္ဌာန်းထိုင်ခြင်းနှင့် သိပ္ပံ

(မိုးမခ) ဇူလိုင် ၂၃ ၊ ၂၀၂၄

( ၁ )

၁၄ ကြိမ်မြောက် ဒလိုင်းလားမားကို ၂၀၀၅ ခုနှစ်က ဝါရှင်တန်တွင် ကျင်းပခဲ့သော နျူရိုသိပ္ပံဆိုင်ရာ ကွန်ဖရင့်တွင် တက်ရောက်၍ အမှာစကားပြောကြားရန် ကျင်းပရေးကော်မတီက ဖိတ်ကြားခဲ့သည်။ ကွန်ဖရင့် တက်သူ ၃၅၀၀၀ အနက်ရာပေါင်းများစွာသော ပညာရှင်များက ထိုသို့ ဖိတ်ကြားထားခြင်းကို ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ကြပါသည်။ 

ဘာသာရေးခေါင်းဆောင်တယောက်အဖို့ သိပ္ပံနှင့်ဆိုင်သော ကွန်ဖရင့်တွင်နေရာ မရှိပါဟု ဆိုကြသည်။ သို့သော် ထိုဘုန်းတော်ကြီးသည် ကွန်ဖရင့်တွင် မေးခွန်း မေးသူနှင့် ဖြေဆိုသူအဖြစ် ကျော်ကြားအောင်မြင်ခဲ့ပါသည်။ အိန္ဒိယမှ ရှေးဗုဒ္ဓဘာသာနှင့် သိပ္ပံတို့အကြားတွင် မည်သည့်ဆက်သွယ်ချက်များ ရှိသည်ကို သူက မေးခွန်းထုတ်ခဲ့ပါသည်။

( ၂ )

ထေရဝါဒဗုဒ္ဓဘာသာက ကမ္မဋ္ဌာန်းထိုင်ခြင်း (Mindfulness meditation) ကို အဘယ်သို့ နားလည်စေကာမူ ကမ္ဘာကြီးက ဤအလေ့အထသည် လူတို့၏ စိတ်ကျန်းမာရေးကို တိုးတက်စေသည့်အပြင် စိတ်ဓာတ်ဖွံ့ဖြိုးရေးအတွက်လည်း လိုအပ်သည်ဟု ယူဆသည်။ စိတ်ဖိအားကို လျော့ကျစေပြီး အလုပ်လုပ်ရာတွင် အမြင်ကို ပိုမို၍ ရှင်းရှင်းလင်းလင်း ဖြစ်စေပါသည်။ ကျန်ခဲ့သော ဆယ်စုနှစ်အတွင်း နျူရိုသိပ္ပံ အလွန်တိုးတက်ခဲ့သဖြင့် ရာပေါင်းများစွာသော လေ့လာခြင်း (Clinical trial) များက ၎င်း၏ကျန်းမားရေးအပေါ် အကျိုးကျေးဇူးများရှိကြောင်း ဖော်ပြခဲ့ကြပါသည်။

ကမ္မဋ္ဌာန်းထိုင်ခြင်းသည် သာမန်လေ့လာရမည့် ပညာရပ် မဟုတ်တော့ဘဲ ကျန်းမာရေးအတွက် အဓိကအားထားစရာ ဖြစ်လာခဲ့ပါသည်။ အင်္ဂလန်ပြည် ကျန်းမာရေးဌာနက ကမ္မဋ္ဌာန်းထိုင်ခြင်းကို စိတ်ကျရောဂါ တိုက်ဖျက်ရေးတွင် အဓိကကျသော နည်းနာတစ်ခုအဖြစ် လက်ခံခဲ့ပါသည်။ စမတ် ဖုန်းများတွင် ကမ္မဋ္ဌာန်းထိုင်ခြင်းဆိုင်ရာ ပရိုဂရမ်များ ပေါ်ပေါက်ခဲ့ပြီး ကျန်းမာရေး၏ အဓိကနည်းလမ်း တစ်ခု ဖြစ်လာခဲ့ပါသည်။

တရားထိုင်ခြင်း ပညာရပ်ကို လှိုင်းကြီးများသဖွယ် လေ့လာခဲ့ကြရာ ၁၉၉၀ ပြည့်နှစ်များမှ သက္ကရာဇ် ၂,၀၀၀ ပြည့်နှစ်များအထိ ပထမအကြိမ်၊ ဒုတိယအကြိမ်ကို ၂,၀၀၀ ပြည့်နှစ်များတွင် စတင်ခဲ့ကြသည်။ ယခုအခါ တတိယလှိုင်း ဖြစ်ပေါ်နေပြီး တိုးတက်သောအဆင့်သို့ တက်လှမ်းခဲ့ပါသည်။ ပိုမို၍ နက်ရှိုင်းလာသည်နှင့်အမျှ အထူးသင်တန်းများလည်း ပေါ်ပေါက်ခဲ့ပါသည်။ ပိုမို၍ကျွမ်းကျင်သူများက နည်းပြဆရာများ ဖြစ်သည်နှင့်အတူ သင်တန်းသားများမှာလည်း စွမ်းရည်တိုးတက်လာပါသည်။ တက္ကသိုလ်များ၌ တိုးတက်သော ပစ္စည်းကိရိယာများနှင့် ဓာတ်ခွဲခန်းများကလည်း ပြောင်းလဲနေသော အခြေအနေကို နားလည်စေရန် ကြိုးစားနေကြပါသည်။

ကမ္မဋ္ဌာန်းထိုင်စဉ်ဝယ် ဦးနှောက်အတွင်းတွင် ဘာတွေ ဖြစ်ပျက်သည် ဆိုခြင်းကို ဝင်ဒီကင့် (Wendy Hassen Kamp) ခေါင်းဆောင်သောအဖွဲ့က အေမရီ (Emory) တက္ကသိုလ်တွင် စမ်းသပ်ခဲ့သည်။ ဦးတည်ချက် မည်မည်ရရမရှိဘဲ စဉ်းစားနေသော ဦးနှောက်ကို စကင်နာဖြင့် (image) ကို ရိုက်ယူသည်။ 

ကမ္မဋ္ဌာန်းထိုင်ခြင်း ဆိုသည်မှာ  လူတစ်ယောက်သည် မိမိသက်သာသလို ထိုင်၍ စိတ်ကို တခြားသို့ မရောက်စေဘဲ မိမိ ထွက်လေ ဝင်လေကို သိအောင် ကြိုးစားနေခြင်းကို ခေါ်သည်။ (ဗုဒ္ဓဝါဒက ကမ္မဋ္ဌာန်းအမျိုးပေါင်း ၄၀ ရှိသည်ဟု ပြဆိုသည်) ထိုဦးနှောက်ဝယ် အတွေးပေါင်းစုံ ဖြစ်ပေါ်နေသောအခါ Default Mode Network-DMN တွင်ရှိသော ဦးနှောက်နေရာများစွာ နိုးကြွလာပြီး (illuminate) ထွန်းလင်းလာသည်။ DMN မှာ Medial Prefrontal Cortex အပါအဝင် ဦးနှောက်၏ နေရာ ၅ မျိုးကို ခေါ်သည်။ ၎င်းသည် ပထမအဆင့် ဖြစ်ပါသည်။ ဒုတိယ ထိုသို့ ယောက်ယက်ခတ်နေခြင်းကို ကမ္မဋ္ဌာန်းထိုင်သူ သိသွားသောအခါ ခလုတ်နှိပ်၍ အချက်ပေးသည်။ ထိုအချိန်တွင် Insula ခေါ် ဦးနှောက်အတွင်းပိုင်း နေရာနှင့် Anterior Cingulate Cortex နေရာနှစ်ခုတို့၌ လင်းလာသည်။ တတိယ အဆင့်တွင် အသိကို အသက်ရှူခြင်းသို့ ပြန်လည်ရောက်ရှိအောင် ကြိုးစားရာ၌ ဦးနှောက်၏ အနောက်ပိုင်း Interior Parietal Lobe နှင့် Dorsolateral Prefrontal Cortex နေရာနှစ်ခု၌ လင်းလာပါသည်။ ထို့နောက် စတုတ္ထအဆင့် မိမိ၏အသက်ရှူခြင်း ဝင်လေ၊ ထွက်လေ အာရုံမြဲသွားသောအခါ Dorso Lateral Cortex တစ်ခုတည်း၌သာ လင်းနေပါတော့သည်။

ဝစ်စကိုစင် (Wisconsin) ဓာတ်ခွဲခန်းတွင်မူ ကမ္မဋ္ဌာန်းထိုင်သူ၏ အတွေ့အကြုံ ရင့်ခြင်း၊ မရင့်ခြင်းပေါ်တွင် မူတည်၍ ဦးနှောက်၏ စကင်ကော်ပီတွင် ကွဲပြားနေကြောင်း တွေ့ရှိရသည်။ ဥပမာ- တရားထိုင်သည့်သက်တမ်း ၁၀,၀၀၀ ကျော်ရှိပြီးသူ တစ်ဦးအဖို့ အဆိုပါနေရာများတွင် တောက်ပစွာ ထွန်းလင်းနေပြီး အံ့သြစရာကောင်းသည်မှာ သက်တမ်းပိုရှည်သူများတွင် ထိုနေရာများ၌ ထွန်းလင်းနေမှု လျော့ကျသွားခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ပင် တယောထိုးကျွမ်းကျင်သူတဦး၏ ဦးနှောက်စကင်ကို ကြည့်သောအခါ ကျွမ်းကျင်မှုများလာလေလေ ထိုနေရာများတွင် တက်ကြွမှု (Activity) လျော့နည်းသွားတတ်ပါသည်။ အတတ်ပညာတစ်ခုခုကြောင့် ဦးနှောက်တွင် ပြောင်းလဲမှုဖြစ်ခြင်းကို Neuroplasticity ဟု ခေါ်ပါသည်။

ဤအတွေ့အကြုံသည် လက်တွေ့လုပ်ကိုင်သူကို စိတ်ပညာဆိုင်ရာ အမြင်သစ်နှင့် သူ၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိအောင် မည်သို့ နေထိုင်ရမည်ဆိုသည်ကို သိစေပါသည်။ ဘဝအဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း နားလည်စေပြီး ပို၍ ကြည်ကြည်လင်လင် မြင်လာစေပါသည်။ လူတို့ တရားအားထုတ်ရန် လာကြခြင်းမှာ တစုံတရာ မဖွယ်မရာ ခံစားရသောကြောင့် ဖြစ်သည်။ ခေတ်သစ်မော်ဒန်ပစ္စည်းများနှင့် ဖွဲ့စည်းထားသော လောကကို မကျေနပ်သောကြောင့် ဖြစ်သည်။ အချို့ကလည်း သူတို့ လိုချင်သောအရာကို ယခုကဲ့သို့ အခြေအနေမျိုးနှင့် မရနိုင်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။ 

အဆင့်မြင့်ကမ္မဋ္ဌာန်း ဟူသည် သင်္ကန်းဝတ်ဘုန်းတော်ကြီးများသာမက ရိုးရိုးလူပုဂ္ဂိုလ်တို့အနေဖြင့်လည်း လေ့ကျင့်ရင်းဖြင့် စီးဖြန်းနိုင်ပါသည်။ အရှိန်ရလာလေလေ အဆင့်မြင့်လာလေလေဖြစ်ပြီး ဤသို့ တတိယလှိုင်းကြီးနှင့်အတူ ပို၍ကျွမ်းကျင်သော ကမ္မဋ္ဌာန်းထိုင်သူ ဖြစ်စေနိုင်ပါသည်။ ဗုဒ္ဓဝါဒီတို့ ယုံကြည်ကြသည်မှာ ကမ္မဋ္ဌာန်းထိုင်ခြင်းဖြင့် အသိအမြင်သစ်ကို ရခြင်း (Enlightment) နှင့် လွတ်မြောက်ခြင်း (Salvation) အဆင့်တို့အထိ တက်လှမ်းနိုင်ကြပါသည်။ ဗုဒ္ဓဝါဒ၊ ဝေဒကျမ်ဒများနှင့် ဟိန္ဒူတို့၏ အမူအကျင့် ဂျူးလူမျိုးတို့ ၏ Kabalism၊ အစ္စလာမ်ဘာသာဝင်တို့၏ Sufism နှင့် Shamanism တို့မှာလည်း ကမ္မဋ္ဌာန်းထိုင်နည်းများ အသီးသီးရှိကြသည်။

ဟားဗတ်ဆေးတက္ကသိုလ် ဓာတ်ခွဲခန်းတွင် ထေရဝါဒဗုဒ္ဓဘာသာမှ ဈာန်ရသော တိဗက်ဘုန်းတော်ကြီးများကို လေ့လာကြသည်။ ဈာန် ဆိုသည်မှာ တစုံတရာကို စူးစူးစိုက်စိုက်လေ့လာခြင်းကို ခေါ်ပါသည်။ ဤနေရာ၌ မြေလျှိုး၊ မိုးပျံ၊ ရေပေါ်လမ်းလျှောက်သော အဘီညာဉ်ကို မဆိုလိုပါ၊ 

လူ၏ဦးနှောက်ကို 7 Tesla MRI စက်နှင့် စကင်လုပ်၍ ဓာတ်ခွဲပုံရိုက်ယူပါသည်။ ဦးနှောက်တခုလုံးကို ကြည်ကြည်လင်လင် မြင်ရအောင် ဓာတ်ပုံရိုက်ယူခြင်း ဖြစ်ပါသည်။ ၎င်းသည် ရိုးရိုး MRI စက်များထက် စွမ်းအားပိုကြီးပြီး ဦးနှောက်ကို နက်နက်ရှိုင်းရှိုင်း လေ့လာနိုင်ပါသည်။ ဦးနှောက်၏ Stem နှင့် Cerebellum တို့ကိုပါ မြင်နိုင်ပါသည်။ ၎င်းအရာများသည် အသက်ရှူခြင်းနှင့် နှလုံးခုန်ခြင်းကို ထိန်းချုပ်သောနေရာများ ဖြစ်ပါသည်။ ကမ္မဋ္ဌာန်းသက် ၂၅ နှစ်ရှိ၍ အတွေ့အကြုံများလှသူ နာရီသက်တမ်း ၂၀၀၀၀ ရှိသူတို့ကို ဓာတ်ပုံရိုက်ယူကြပါသည်။ ဦးနှောက်၏ နေရာများတွင် ကမ္မဋ္ဌာန်းထိုင်စဉ်၌ ထွန်းလင်းနေသော နေရာများ၌ ထင်ရှားသော ပုံစံ (Patlern) များကို တွေ့ရသည်။ 

ကမ္မဋ္ဌာန်းအာရုံကို လေ့ကျင့်ဖန်များလာသောအခါ ဈာန်ဝင်စားသကဲ့သို့ အလေ့အကျင့် အနေအထား တခုသို့ ရောက်ရှိသွားခြင်းကို (Cessation Event) ဟု ခေါ်ဆိုပြီး ထိုအချိန်များတွင် မူလအခြေအနေများတွင် ရှိသကဲ့သို့ (Consciousness) မှာ မရှိတော့ပါ။ စိတ်သည် တက်ကြွနေပြီး ဝိပဿနာ၏ အမြင့်ဆုံးအပိုင်းသို့ ရောက်ရှိသွားပါသည်။

ထိုအခြေအနေမှာ မေ့ဆေးပေးထားခြင်း ရောဂါကြောင့် မေ့မြောနေခြင်းတို့နှင့် မတူပါ။ ခေါင်းဒဏ်ရာကြောင့် အပြင်းအထန် ထိခိုက်ခြင်း၊ သဘာဝအတိုင်း အိပ်သောအဖြစ်နှင့်လည်း မတူပါ။ ထွက်လေ ဝင်လေကို မှတ်နေခြင်း၏ အထွတ်အထိပ်သို့ ရောက်နေခြင်း ဖြစ်ပါသည်။ အာရုံခံအင်္ဂါများ အလုပ်မလုပ်တော့ဘဲ စိတ်သည် ကမ္မဋ္ဌာန်းအာရုံဖြင့်သာ လွှမ်းခြုံနေပါတော့သည်။ အဆင့်မြင့်ပုဂ္ဂိုလ်များတွင် ဖြစ်ပေါ်သော နိဂြောဓ သမာပတ်ကို ဝင်စားနေခြင်း ဖြစ်ပါသည်။ ၎င်းသည် ကမ္မဋ္ဌာန်းထိုင်ခြင်း၏ ပန်းတိုင်ဟုလည်း ခေါ်သည်။

ဟားဗတ်တက္ကသိုလ်တွင် အတွေ့အကြုံ နာရီ ၂၈,၀၀၀ မျှရှိပြီး ၃၇ ကြိမ်မျှ သမာပတ်ကို ဝင်စားခဲ့သူ တိဗက်ဘုန်းတော်ကြီးတစ်ဦးကို စမ်းသပ်ကြပါသည်။ ထိုသူ၏ EEG ဆစ်ဂနယ်မှာ အများနှင့်မတူဘဲ ၎င်းတွင် တွေ့ရသော ပုံစံကို Alpha Power အခြေအနေဟု ခေါ်သည်။ အယ်လဖာ အခြေအနေ ထိုပုဂ္ဂိုလ်၌ ဈာန်မဝင်စားမီ ၄ စက္ကန့်အလို တွင်စတင်တွေ့ရသည်။ ဝင်စားပြီး ၄၀ စက္ကန့်အကြာတွင် မူလအတိုင်း ပြန်ဖြစ်သွားသည်။ ထိုလူတစ်ယောက် ဈာန်ဝင်စားနေခြင်းကို ဦးနှောက်ကို စကင်လုပ်ခြင်းဖြင့် သိနိုင်သည်။

( ၃ )

ဤမျှအထိ သိပ္ပံက နားလည်နိုင်စွမ်း ရှိပါသည်။ မြတ်စွာဘုရားသည် ပဉ္စမဈာန်ကို ဝင်စားအပြီး ပု၊ ဒိ၊ အာ ဟု ခေါ်သော ပုဗ္ဗေနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်နှင့် အာသဝက္ခရဉာဏ်တို့ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။ ထို့နောက် ဣသိပတန မိဂဒါဝုန်တောတွင် သစ္စာ ၄ ပါးနှင့် မဇ္ဇျိမပဋ္ဋိမဒါ တရားကို ဟောခဲ့ပါသည်။  သိပ္ပံကမူ ထိုအခြင်းအရာများကို နားလည်နိုင်ရန် ကြိုးစားခြင်း မရှိကြောင်း တင်ပြလိုက်ရပါသည်။

ကိုသန်းလွင်

Ref: Beyond Mindfulness, By Matthew Sacchet, Scientific American July 2024.




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar