Breaking News

မောင်ကလေး - ဓားပြကြီးသာဝ ကွယ်လွန်ခြင်း

ဓားပြကြီးသာဝ ကွယ်လွန်ခြင်း
မောင်ကလေး
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၂၄

အားလုံးမျှော်လင့်ပြီးသား သတင်းဖြစ်သည်။ ဦးသာဝ၊ တနည်း ဓားပြကြီး သာဝသည် နောက်ဆုံးမှာ ရွာဥက္ကဋ္ဌဖြစ်လာတော့မည်။ အကြောင်းသိတွေက အော့နှလုံးနာကြသည်။

ပေပင်တန်း ကျေးရွာတွင် ဦးသာဝသည် လယ်ပိုင်ရှင်ကြီး ဖြစ်သည်။ ဘုရားဒကာ ကျောင်းဒကာလည်း ဖြစ်သည်။ သို့ရာတွင် သူ့လယ်များမှာ သူလုပ်အား ချွေးနည်းစာနဲ့ ဓားမဦးချ လယ်များမဟုတ်ဘဲ လက်နက်အားကိုးနဲ့ ရထားသောလယ်များဖြစ်သည်။ ထိုအကြောင်းကို တရွာလုံးသိကြ၏။ 

ဦးသာဝသည် မိဘများမှာ မြေပိုင်ရှင်များမဟုတ်သည့်တိုင်အောင် စားနိုင်သောက်နိုင်သော ရိုးရိုးမိသားစုဖြစ်သည်။ အလိုလိုက်ခံရသော နောက်ကျသား သားကလေး မောင်သာဝမှာ လက်ကြောမတင်းသဖြင့် မိဘများ အိုမင်းမစွမ်းသည့်အခါ ရှိသမျှ ထုခွဲရောင်းချသဖြင့် ဆင်းရဲခြင်းသို့ရောက်လေသည်။ 

မောင်သာဝသည် ဖဲရိုက်၊ ကြက်တိုက်၏။ အဖော်အပေါင်းနှင့် ပျော်ပါးသောက်စား၏။ ပေပင်တန်း ရွာတဝိုက်တွင် ဘာပွဲလုပ်လုပ် မောင်သာဝတို့အုပ်စုနှင့် တခြားရွာက လူငယ်တွေ ရိုက်ပွဲမဖြစ်သည်ဟူ၍ မရှိပေ။ လူပျိုကလေး မောင်သာဝသည် မိုက်တိမိုက်ကန်းနှင့် လူဆိုးဗိုလ် လုပ်နေသည်။ 

ထိုသို့ဆိုသဖြင့် မောင်သာဝသည် လူကြမ်းကြီး သက်သက်တော့မဟုတ်။ ရွာဇာတ်အဖွဲ့တွင် သူက မင်းသားလည်း ဝင်လုပ်သေးသည်။ ဇာတ်ထဲက ရွာသူချောချောမှန်သမျှ သူ့လက်ရာ မကင်းပေ။ ရှက်သည်ကတကြောင်း၊ မောင်သာဝတို့ လူစု ရမ်းကားသည်တကြောင်းကြောင့် ရေငုံနှုတ်ပိတ်နေကြ၏။ တချို့အပျိုတို့၏ မိဘများမှာ  မောင်သာဝ၏ရန်ကိုကြောက်သဖြင့် သမီးအရွယ်ရောက်သည်နှင့် အိမ်ထောင်ချပေးရ၏။ 

ခေတ်ပျက်ကြီးထဲတွင် မောင်သာဝတို့ အုပ်စုသည် နှစ်အတန်ကြာအောင် ဓားပြလည်း လုပ်လိုက်ကြသေးသည်။ နွားဓားပြတိုက်သည်။ ပြန်ပေးဆွဲ၏။ နောက် သူငယ်ငယ်က အတင်းအကြမ်းပြုခဲ့ပေမယ့် မရခဲ့တဲ့ မိခေါကို တခုလပ်ဘဝမှာ သာဝက မိုက်မိုက်ကန်းကန်း အတင်းအကြပ်ပေါင်းပြန်၏။ တခုလပ်မိခေါကလည်း မောင်သာဝကို မိန်းမကိစ္စကင်းလျှင် ယူမည်ဟူသောကတိနှင့် ပေါင်းခြင်းဖြစ်သည်။ 

တခုလပ်မိခေါနှင့်ရပြီးနောက် မောင်သာဝသည် မိန်းမဘက်တွင် ခြေငြိမ်သယောင်ရှိသည်။ သို့ရာတွင် အနီးနားရွာများတွင်ဓားပြမှုတွေ ပိုဖြစ်လာ၏။ နွားတွေ မကြာခဏ ပျောက်သည်။ ကိုသာဝနှင့် မိခေါတို့မှာ အိမ်ထောင်မှာ မယ်မယ်ရရအလုပ်မရှိဘဲ ကြီးပွားလာ၏။ ထို့နောက် အကြံရသဖြင့် မိခေါသည် လက်လုပ်လုပ်စားများကို အတိုးပေးစား၏။ အပေါင်ခံသည်။ အကြွေးမဆပ်နိုင်လျှင် မြေသိမ်း၊ လယ်သိမ်းလုပ်၏။ သို့နှင့် သူတို့လင်မယားတွင် ပိုင်ဆိုင်မှုတွေများလာလေသည်။ သို့နှင့် ကြာသောအခါ သေနတ်ပစ်တတ်သော ဦးသာဝကို ရွာသားများက ပြည်သူ့စစ်ခေါင်းဆောင်ခန့်လိုက်ကြသည်။ ငြိမ်ချိန်ကျသဖြင့် ဦးသာဝသည်လည်း ကျေနပ်လျက် ဓားပြမှုများလည်း သိသိသာသာလျော့သွားခဲ့သည်။ 

အသက်ရလာသော တနေ့သ၌ ဦးသာဝတွင် ထူးဆန်းသော ရောဂါတမျိုးစွဲကပ်လာ၏။ ရွာသူကြီး ဦးလှကိုသူအားကျလာ၏။ သို့ရာတွင် သူနှင့်အသက်မတိမ်းမယိမ်းသာရှိသော ဦးလှနှင့်သူ့မှာ ဆီနှင့်ရေ၊ နံ့သာဆီနှင့် အီးလို မတူပေ။ ဦးလှမှာ သူကြီးမျိုးကဖြစ်ပြီး အဘိုးမှာ အင်္ဂလိပ်ခေတ် ငွေဓားချီးမြှင့်ခံရသော ဆယ်ရွာပိုင်သူကြီး ဖြစ်ခဲ့သလို အကျင့်ကောင်းသောအမျိုးဂုဏ်ကို ထိန်းသိမ်းလာသူဖြစ်သည်။ မောင်သာဝကလေးဆိုးသွမ်းရမ်းကားနေသောအရွယ်တွင် မောင်လှမှာ မြို့တွင် ကျောင်းသွားတက်နေသည်။ 

ပညာတတ်ပြီး အကျင့်ကောင်းသော မောင်လှကို သားမက်တော်ချင်သော မြေပိုင်ရှင်များ မနည်းပေ။ နောက် မောင်လှမှာမထင်မရှား ရွာသူတယောက်နှင့် အိမ်ထောင်ကျပြီး မိဘလုပ်ငုတ်ကို လုပ်ရင်း ရိုးဖြောင့်စွာနေထိုင်၏။ ရွာ၏သာရေးနာရေးများတွင် ထထကြွကြွလုပ်၏။ ရွာမူလတန်းကျောင်းတွင် လုပ်အားပေးဆရာ နှစ်တချို့လုပ်ခဲ့သဖြင့် တပည့်တပန်းပေါ၏။ အများက လေးစားကြသည်။ 

ယခုအခါ ဦးသာဝသည် ဦးလှလို ပညာတတ်မဟုတ်၊ နာမည်ကောင်းမရှိသည့်တိုင်မတိမ်းမယိမ်း ချမ်းသာနေဖြစ်သဖြင့် လူအများ၏လေးစားမှုကို လိုချင်သည်။ အများ၏ ရွံ့ကြောက်ကြီး ဘဝကို သူစိတ်ပျက်စပြုလာသည်။ အသက်ရလာသဖြင့် ဦးသာဝမှာ အနေအထိုင်တည်ငြိမ်နေပြီ။ ဇနီးဆုံးပြီးနောက် သူသမီးအရွယ် ရွာသူတယောက်ကို မျက်စ ပစ်မိတာတော့ရှိသည်။ လမိုက်ညတညတွင် မိန်းကလေးရဲ့ အိမ်ပေါ် ခိုးတက်ဖို့ ကြိုးစားရာ မိန်းကလေးကအော်သဖြင့် ခြေကုန်သုတ်ခဲ့ရသည်တော့ရှိသည်။ ထိုနောက်ပိုင်း ဦးသာဝမှာ မာန်ချပြီး ဣန္ဒြေနှင့်နေ၏။ ရွာဦးကျောင်းသို့သွားပြီး ဆရာတော်ကို ဝတ်ကြီးဝတ်ငယ်ပြု၏။ 

တနေ့သ၌ ဆရာတော်က ‘ဟဲ့ ငသာဝရဲ့။ မောင်လှလို လူကြီးလုပ်မှ မောင်မင်းလည်း ဘုရားထီးတင်လို့ ရမယ်ကွ။ မသေခင် ကုသိုလ်လေး ဘာလေးပြုသွားအုံး’ ဟု စကားမစပ် မိန့်လိုက်၏။ 

ရွာဦးကျောင်းဆရာတော်မှာ အိုနေပြီ။ ဝါဆိုလပြည့်နေ့က ဦးလှ ကပ်လိုက်သော သင်္ကန်းကို သူမကြိုက်။ စျေးပေါသည်ဟု ထင်နေသည်။ သင်္ကန်းကိစ္စတဗျစ်တောက်တောက် ပြောဖန်များသဖြင့် ဦးသာဝက အလိုက်တသိဖြင့် စျေးအကြီးဆုံး သင်္ကန်းကို မြို့မှ မှာ၍ကပ်၏။ 

‘ အေး ဒီသင်္ကန်းမှ ကောင်းတာ’ ဟု ခေါင်းတညိတ်ညိတ်နှင့် ပီတိဖြစ်နေစဉ်တွင် အထက်ကအတိုင် ရွာဘုရားထီးတင်ကိစ္စကို မိန့်လိုက်ခြင်း ဖြစ်သည်။ 

သို့နှင့် ဦးသာဝမှာ တပေါင်းလ ဘုရားထီးတင်ပွဲမတိုင်ခင် လူကြီးလုပ်ရန် အကြံထုတ်တော့၏။ ဦးလှသည် ရွာသူကြီးနေရာတွင် အတန်ကြာနေပြီ။ ခေတ်စနစ်နှင့်မကိုက်တော့ဟု သတင်းလွှင့်၏။ ဘုရားတည်သည့်လုပ်ငန်းတွင် ငွေကြေး မသမာမှုရှိသည်ဟု ဆရာတော်က သူ့ကိုမိန့်လိုက်ကြောင်းတိုးတိုးတိတ်တိတ်လိုက်ပြော၏။ ဦးလှအကြောင်း၊ ဦးသာဝအကြောင်း ကောင်းကောင်းသိကြသောဘယ်သူမှ မယုံကြပေ။ 

နောက်ဆုံး၌ ဦးသာဝသည် ပစ်ထားသည်မှာကြာပြီဖြစ်သော သူ၏ တထောင့်ထိုး လက်လုပ်သေ နတ်ကိုထုတ်ကြည့်၏။ တနှစ်တခါ ရွာနတ်ပွဲပြီးသည့်အခါ၊ နှစ်သစ်ကူး ပရိတ်နာပြီးသည့်အခါ သစ္ဆေသူရဲကို မောင်းထုတ်ရန်ပစ်သည်က လွှဲလို့ တခြား မသုံးတော့သည့်သေနတ်။ သုံး၍ကာ ရနေသေးသည်။ 

ဦးသာဝသည် သေနတ်တကားကားနှင့် သူ့တပည့်ပြည်သူ့စစ်တချို့နှင့်ဟန်ရေးပြကာ ရွာလမ်း တလျှောက်ထွက်လာသည်ကို လူတွေက အထူးအဆန်း ဖြစ်နေကြသည်။ သူသည် ဆရာတော်ကျောင်းကိုသွားကာ အရင် ဦးခိုက်၏။ သူကြီးဦးလှကို ဘုရားရန်ပုံငွေအလွဲသုံးစားမှုဖြင့် ဖမ်းရမယ့်အကြောင်း လျှောက်၏။ မကြာခင်က ထော်လာဂျီကားတစင်း ဝယ်လှူထားသောတကာသာဝကို ဆရာတော်က ကန်တော့ခံရင်း ‘စမိုင်းလ်လင်း’ တော်မူလေသည်။ သာဝသည် လူကြီးဖြစ်တော့မည်။ သူခိုးကြီးသာဝ၊ ဓားပြကြီး ဦးသာဝသည် ဥက္ကဋ္ဌဖြစ်တော့မည်ကို ဆရာတော်သည် ပီတိဖြင့် ပြုံးတော်မူသည်။ 

သို့ရာတွင် ကာလသားများက ဦးသာဝကို ဘုန်းကြီးကျောင်းမှအထွက်တွင်ပင် ဝိုင်းထားလိုက်ကြသည်။ လင်ဘန်းတီးသူကတီး၏။ ဦးသာဝသည် လူကြီးလူကောင်းဟန်ဖြင့် ရွာပြည်သူ့စစ်ခေါင်း ဆောင်တယောက်အနေဖြင့် ဘုရားငွေစာရင်းကိစ္စစစ်ဆေးဖို့ သူ့မှာ တာဝန်ရှိသည်ဟု ပြော၏။ 

ထို့နောက် ‘မလုပ်ရဲတာ ဘာမှ မရှိဘူး။’ ဟု ဦးသာဝက ပြောပြီး ‘ သေရဲတဲ့ကောင်ထွက်ခဲ့’ ဟု သူ့တပည့်များက ရွာသားများကို သဟောက်သဟန်းပြု၏။ လက်ဗလာနှင့် ရွာသားများ အနည်းငယ်ရှဲသွားသည့်အခါ ဦးသာဝသည် ရွာသူကြီးဦးလှကို ထိပ်တုံးခပ်၍ သူကိုယ်သူ ဥက္ကဋ္ဌဟု ကြေညာလေသည်။ 

စာဖတ်သူများခင်ဗျာ၊ ပေပင်တန်းရွာတွင် လွန်ခဲ့သောအနှစ် ၅၀ ဝန်းကျင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို မိဘများက ကျွန်ုပ်အားပြောပြသမျှ ပြန်လည်ဖောက်သည်ချခြင်း ဖြစ်ပါသည်။ 

လွန်ခဲ့သောရက်ပိုင်းက ဦးသာဝကြီးဆုံးသည့်သတင်းကို ကြားရသဖြင့် ဦးသာဝနှင့်ပတ်သက်သော ဇာတ်လမ်းကို သတိရနေပါသည်။ ကျွန်ုပ်သည် ဦးသာဝနှင့် တွေ့သည့်အချိန်တွင် သူသည် ရွာလူ ကြီးမဟုတ်တော့ပါ။ ခေတ်ပြောင်းသွားပြီ ဖြစ်၍ အရာရာသည်ပြောင်းလဲကာ ဦးသာဝကို အထီး ကျန် အဘိုးကြီးတယောက်အနေဖြင့်သာ ကျွန်ုပ်သိခဲ့ရပါသည်။ သူ၏စည်းစိမ်များလည်း သားသမီးများကို ခွဲဝေပေးလိုက်ပြီ ဖြစ်လို့ ခမ်းခြောက်နေပါပြီ။ 

သူ၏နောက်ဆုံးအချိန်တွင် လူနာခုတင်ပေါ်မှ အထီးကျန် ဦးသာဝသည် ဒေါသနှင့် အသက်ရူမဝသောဝေဒနာကို တလှည့်စီခံစားသွားခဲ့ပါသည်။ သူသည် ရွာသူကြီးကာ ဖြစ်ခဲ့ပါလိမ့်မည်။ ဘုရားထီကာ တင်ခဲ့ပါလိမ့်မည်။ သို့ရာတွင် ဦးသာဝသည် လူရိုသေ ရှင်ရိုသေဘဝကို တခါမှမရခဲ့ပေ။ သူ့နောက်ဆုံးအချိန်တွင် တခြားသူမဆိုထားနှင့်၊ သူ့သားသမီးများပင် သူ့ကိုစွန့်ခွာထားခဲ့သည်ဟု ကြားရပါသည်။ 
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar